ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ အခြေစိုက်စစ်ဗျူဟာနှင့် အမှတ် ၁၄၀ ခြေလျင်တပ်ရင်းအား ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်ရှင်းလင်းပြီး ဇွန် ၂၉ ရက်တွင် မြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ကြေညာလိုက်သည်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင်အဖွဲ့သည် မဟာမိတ်များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA)၊ Yaw Defense Force (YDF) တို့ပူးပေါင်း၍ ဇွန် ၉ ရက်တွင် မတူပီမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကာ ဇွန် ၁၇ ရက်က ခြေမြန်တပ်ရင်း ခမရ ၃၀၄ ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ရက် ၂၀ အကြာ၌ တမြို့ လုံးအား သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က “မြေကင်းစင်အောင် လိုက်လံရှင်းလင်းရတဲ့ အခြေနေမျိုးလေးတွေ ရှိသေးတာပေါ့။ ပြေးလွှားပုန်းရှောင်နေတဲ့ စစ်သားတွေ ရှိနိုင်သေးတယ်။ ပြီးတော့ လက်နက်ကြီး၊ မိုင်းတွေ အကြွင်းအကျန်တွေကို ရှင်းရဦးမယ်ပေါ့။ အဲဒါတွေပြီးမှ ပြည်သူတွေ ပြန်လာလို့ရမှာ။ အဲဒီနောက်မှ မတူပီတပ်မဟာ ၁ ကပဲ အုပ်ချုပ်ရေး ပြန်ဖော်ဆောင်မှာပါ” ဟု ပြောသည်။
တိုက်ပွဲအတွင်း ပွိုင့်ဖိုက်၊ ၁၂၀ မမ၊ ၈၈ မမ စသည့် လက်နက်ကြီးများ အပါအ၀င် လက်နက်ကြီး လက်နက်ငယ် အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့များအပြင် မဟာမိတ်အဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာသူနှင့် ကျဆုံးသူများရှိကြောင်း ချင်းညီနောင်အဖွဲ့ပြောခွင့်ရ ဆလိုင်းဟာအွမ်က ပြောသည်။
၎င်းက “ပြင်းထန်ပြီး ခက်ခက်ခဲခဲ ပေးဆပ်ရတဲ့ စစ်ပွဲပါ။ ချင်းညီနောင်ရဲဘော်တွေအပြင် မဟာမိတ်ရဲဘော်တွေလည်း ထိခိုက်ကျဆုံးတာ ရှိပါတယ်” ဟု ပြောသည်။
မြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်ဦး (CNF/CAN) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က ဇွန် ၁၈ ရက်တွင် ဖနိုင်ရွာ မြောက်ဘက် ၎င်းတို့တပ်၏နောက်ကျောဘက်မှ လာရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ဆင်ရေး နှောင့်နှေးကြန့်ကြာခဲ့ရသည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုတိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုများရှိခဲ့ပြီးနောက် CNF/CNA ဦးဆောင်သည့် ပူးပေါင်းတပ်များကို ခုခံတိုက်ခိုက် လိုက်နိုင်ပြီးနောက် ဇွန် ၂၄ ရက်တွင် မတူပီဗျူဟာနှင့် ခလရ ၁၄၀ ကို ဆက်လက် ထိုးစစ်ဆင်နိုင်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ ပြောခွင့်ရ ဆလိုင်းဟာအွမ်က ဆိုသည်။
ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီဗျူဟာချသည့် မတူပီဗျူဟာ၏ အောက်၌ ခြေမြန်တပ်ရင်း ခမရ ၃၀၄၊ ခြေလျင်တပ်ရင်း ခလရ ၁၄၀ နှင့် ခလရ ၂၇၄ တို့ရှိပြီး မတူပီရှိတပ်များကို သိမ်းပိုက်လိုက်နိုင်ပြီ ဖြစ်သောကြောင့် မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ ကို သိမ်းပိုက်နိုင်ရန် အခွင့်အရေးများ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က “မတူပီကတော့ ပထဝီအနေအထား အရမ်း အရေးကြီးတယ်။ ရခိုင်ဘက်ကို ဆက်သွယ်ဖို့ရော၊ တောင်ပိုင်းကို ထိန်းချုပ်ဖို့ ရောပေါ့။ စစ်ကောင်စီကလည်း မတူပီကို အလေးထားပြီး အဲဒီမှာ ဗျူဟာစိုက်တာ။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မတူပီပြီးရင် မင်းတပ်၊ ကန်ပက် လက်၊ ပြီးရင် ယောနယ်ဘက်ကို ဆက်ကူညီပေးမယ်ဆိုရင် တိုက်ခိုက် မောင်းထုတ်လို့ရပြီဆိုတာနဲ့ ကပစ စက်ရုံတွေ၊ ပေါင် ၂၅၀၊ ပေါင် ၅၀၀ လေယာဉ်ဗုံးတွေ အဓိက ထုတ်တဲ့ စက်ရုံတွေကို အနီးကပ် ထိန်းချုပ်လို့ ရပြီ။ ကပစတွေ ပြိုလဲ သွားတာနဲ့ စစ်ကောင်စီရဲ့ ယန္တရားကြီးက လုံး၀ ပြိုလဲသွားမှာပဲ” ဟု ပြောသည်။
ချင်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး မဟာမိတ် တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ချင်းညီနောင်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မတူပီမြို့ကို ချင်းညီနောင်အဖွဲ့ သိမ်းယူလိုက်နိုင်သလို မတူပီမြို့နယ်ရှိ လိုင်လင်းပီမြို့နှင့် ရေဇွာမြို့ကို CNF/CNA ဦး ဆောင်သည့် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်များက ၂၀၂၃ နို၀င်ဘာလတွင် သိမ်းပိုက်ထားသည်။
ချင်းညီနောင်အဖွဲ့တွင် CDF မတူပီ တပ်မဟာ ၁ ပါ၀င်ပြီး ချင်းလဲန်းကောင်စီတွင် CDF မတူပီ တပ်မဟာ ၂ ပါ၀င်နေ သည်။
ထို့ကြောင့် မြို့သိမ်းစစ်ဆင်ရေးအပြီး ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များကြား အားပြိုင်မှု ပဋိပက္ခများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ် အစည်း အရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ ၁ နှင့် မရာ နယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်သည်။
You may also like these stories:
မတူပီဗျူဟာနှင့် ခလရ ၁၄၀ ကို ချင်းညီနောင် အရှိန်မြှင့် ထိုးစစ်ဆင်
မတူပီက ချင်းတပ်တို့ကြား အငြင်းပွားမှု အဖြေမရှာနိုင်သေး
မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်