ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လူအများ သတိပြုနိုင်စေဖို့ ရည်ရွယ်ကာ တောရိုင်းတိရစ္ဆာန် ရုပ်သေးရုပ် များနဲ့ ကီလိုမီတာ ၂၀၀၀၀ (၁၂၄၂၇ မိုင်) ခန့် ခရီးရှည်ထွက် ပြသမယ့် လှုပ်ရှားမှု တခုပြုလုပ်ဖို့ စီစဉ်နေပါတယ်။
နောက်နှစ်မှာ လန်ဒန် လူထု အနုပညာ စီမံကိန်းရဲ့ ပထမခြေလှမ်း အဖြစ် ခြင်္သေ့နဲ့ ဒရယ် တို့ အပါအဝင် အရွယ်တူ ပုံတူ တိရစ္ဆာန် ရုပ်သေးရုပ်များနဲ့ အာဖရိက အလယ်ပိုင်း ကွန်ဂိုမှ ဥရောပ မြောက်ပိုင်း နော်ဝေးအထိ ခရီးစဉ်သွားဖို့ ဖြစ်ပါတယ်။
အသက် ၁၀ နှစ် အရွယ် ဆီးရီးယား ဒုက္ခသည် မိန်းကလေးငယ် တဦးက စတင်လိုက်တဲ့ “The Herds” လို့ အမည်ရတဲ့ ဒီအစီအစဉ်မှာ ၁၂ ပေခန့် အရှည်ရှိတဲ့ တိရစ္ဆာန် ရုပ်သေးရုပ်တွေ ဖန်တီးပြီး ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒီ တောရိုင်းတိရစ္ဆာန် ရုပ်သေးရုပ်တွေကို ကတ်ထူ စက္ကူပြား အပါအဝင် ပြန်လည် အသုံးပြုလို့ရတဲ့ ပစ္စည်းများနဲ့ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ပြပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိရစ္ဆာန်တွေဟာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများကြောင့် တမြို့ပြီး တမြို့ တနေရာမှ တနေရာသို့ ရွှေ့ပြောင်းနေကြရတဲ့ အခြေအနေကို ထင်ဟပ်စေတဲ့ ပြသမှု ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ပြပွဲမှာ ဌာနေ တိရိစာ္ဆန် မျိုးနွယ်များနဲ့ တနေရာတည်းမှာသာ တွေ့ရှိနိုင်တဲ့ ရှားပါးတိရစ္ဆာန် မျိုးနွယ်များကို ထပ်မံ ဖြည့်စွက် သရုပ်ပြသွားမှာ ဖြစ်ပြီး တိရစ္ဆာန်အုပ်စုလိုက်တွေ ရွှေ့ပြောင်းရမှု တဖြည်းဖြည်း ပိုမိုများပြားလာပုံကိုလည်း ထည့်သွင်း ဖော်ပြသွားမယ်လို့ စီစဉ်သူ အနုပညာဆိုင်ရာ ဒါရိုက်တာ တဦးဖြစ်တဲ့ Amir Nizar Zuabi က ပြောကြား ပါတယ်။
ပြပွဲ စီစဉ်သူများဟာ ခရီးစဉ်တလျှောက်ရှိ မြို့ငယ်များ၊ မြို့တော်များမှာ ခေတ္တရပ်နားကာ ယင်းမြို့များရှိ ဒေသခံ အဖွဲ့အစည်း များနဲ့ ပူးပေါင်းကာ သင်တန်းများနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ် လို့လည်း ဆိုပါတယ်။
အရင် ပရောဂျက်ဖြစ်တဲ့ Little Amal ဟာလည်း ၂၀၂၁ ခုနှစ်က စတင်ခဲ့ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ ခရီးထွက်နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
ရုပ်သေးရုပ် နမူနာ ပုံစံတွေကို Zuabi နဲ့ တောင်အာဖရိကရှိ Ukwanda ရုပ်သေး နဲ့ ဒီဇိုင်း အနုပညာအဖွဲ့မှ ကျောင်းသားများက လန်ဒန်ရှိ Wimbledon College of Arts ဌာနမှာ ဒီဇိုင်း ရေးဆွဲခဲ့ပြီး နမူနာ ပုံစံများနဲ့ ရုပ်သေးရုပ်များ စမ်းသပ် ဖန်တီး ပြုလုပ်ပေးခဲ့ကြတယ် လို့လည်း ဆိုပါတယ်။
Ref : Reuters