ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ ကန့်သတ်စစ်ဆေး ပိတ်ဆို့မှုများကြောင့် ဆေးဝါး၀ယ်ယူရာ၌ အခက်အခဲများ ဖြစ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလောက်စွာမရရှိ၍ စစ်ရှောင်ပြည်သူအပါအ၀င် ဒေသခံများ သေဆုံး မှု ရှိလာကြောင်း သိရသည်။
ဇွန်နှင့် မေ ၂ လအတွင်း ချင်းပြည်နယ်တွင် ဖျားနာခြင်း၊ ပြင်းထန် ၀မ်းပျက်၀မ်းလျှော၊ ငှက်ဖျားရောဂါတို့ကြောင့် သေ ဆုံးသူ ၁၈ ဦး ထက်မနည်း ရှိလာကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်၊ ဆမီးမြို့ မီးချောင်းတလျောက်ကျေးရွာများ၌ ငှက်ဖျားရောဂါနှင့် ရာသီတုပ် ကွေးဖြစ်ပွားနေပြီး ငှက်ဖျားကြောင့် အသက် ၆၀ ကျော်အရွယ်ဒေသခံ ၁ ဦး သေဆုံးခဲ့သလို ဇွန်လဆန်းပိုင်းက စတင် ဖြစ်ပွားသည့် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါကြောင့် ပလက်၀ဒေသခံ ၅ ဦး သေဆုံးခဲ့သည်။
ပလက်၀ ဒေသခံတဦးက “ရာသီတုပ်ကွေးထက် ငှက်ဖျားကအဖြစ်ပိုများတယ်။ ဆေးဝါးတွေကလည်း ချင်းပြည်နယ်ထဲ မှာလည်း ၀ယ်လို့ မလွယ်ဘူး။ အိန္ဒိယ၀ယ်ဖို့ကလည်း လောင်တလိုင် (CYLA) ကလည်း လမ်းပိတ်ဆိုတော့ တော်တော် အခက်အခဲ ကြုံနေရတယ်။ အာဏာမသိမ်းခင်က ငှက်ဖျားဖြစ်ရင် ဆေးပေးခန်းတွေကို သွားလိုက်ရုံပဲ၊ အခုတော့ ဆေး ကုခံရဖို့ဆိုတာအဝေးကြီးပဲ။ ဆေးလေးရဖို့တောင် မလွယ်တာ။ တချို့ဆို သောက်စရာဆေးမရှိလို့ ဆေးမြီးတိုလေးတွေ လုပ်ပြီးသောက်နေရတယ်” ဟု ပြောသည်။
မတူပီမြို့သိမ်းတိုက်ပွဲ၌ အာရက္ခတပ်တော် (AA) ပါဝင်နေခြင်းကြောင့်ဟုဆိုကာ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်က တဆင့် ပလက်ဝမြို့နယ်ထဲသို့ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် စက်သုံးဆီများတင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းကို ဇွန် ၂၄ ရက်ကစပြီး ပိတ်လိုက်ကြောင်း Central Young Lai Association (CYLA) က ထုတ်ပြန်ခဲ့သည်။

အဆိုပါ လမ်းကြောင်းမှ ဝင်ရောက်နေသည့် ကုန်စည်များသည် ချင်းပြည်နယ် ပလက်ဝသာမက ရခိုင် မြောက်ပိုင်းမြို့ နယ်များအထိ ရောက်ရှိပြီး ထိုဒေသများမှ ပြည်သူများအတွက် အားထားရာလည်း ဖြစ်သည်။
လက်ရှိ ကန်ပက်လက်မြို့နယ်တွင်လည်း ရာသီတုပ်ကွေးဖြစ်ပွားသူ ၁၅၀ ကျော်ရှိနေပြီး ၎င်းတို့အတွက် လုံလောက် သည့် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရသောကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသခံ များက ဆိုသည်။
ကန်ပက်လက်ဒေသခံတဦးက “ကန်ပက်လက်မှာတော့ အိမ်တိုင်းလိုလို ဖျားနာနေကြတယ်။ ဆေးဝါးကတော့ လုံ လောက်တဲ့အနေအထား မဟုတ်ဘူး၊ အဆင်ပြေရာ နီးစပ်ရာတွေမှာ အပင်တွေပြုတ်ပြီးရေချိုးတာတို့၊ အရွက် ရေစိမ် သောက်တာ အဲဒီလို ဒေသကုထုံးနဲ့ ကိုယ်တတ်သလောက် အင်္ဂလိပ်ဆေးတွေကို တွဲစပ်ပြီး လက်လှမ်းမီသလောက် ကုသနေကြတာပါပဲ။ မကွေးတိုင်း၊ ဆောဘက်ကနေ ၀ယ်လို့ရပေမယ့် တိုက်ပွဲတွေလည်း ရှိတော့ သယ်ယူရ မလွယ် တာ” ဟု ပြောသည်။
ချင်းမြောက်ပိုင်း တွန်းဇံမြို့နယ်တွင်လည်း ဇွန်လအတွင်း၌ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် သက်ကြီးအမျိုးသား ၁ ဦး၊ အသက် ၂၀ ၀န်းကျင်အရွယ် ၁ ဦးတို့ နေမကောင်းဖြစ်၍ သေဆုံးခဲ့သေးသည်။
တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံ ၁၀,၀၀၀ ကျော်သည် မြို့လုံးကျွတ် ထွက်ပြေးခဲ့ရပြီး လက်ရှိ ဒေသခံ တ၀က် နီးပါး နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ နေရာများ၌ နေထိုင်နေရဆဲ ဖြစ်သည်။
၎င်းတို့အတွက် စားသောက်ရေးနေထိုင်ရေးနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း တွန်းဇံမြို့ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့၏ တာ၀န်ရှိသူက ပြောသည်။
၎င်းက “သေဆုံးသူ နှစ်ဦးမှာ ၁ ဦးက ငှက်ဖျား၊ ၁ ဦးက ၀မ်းလျှောနဲ့ ဆုံးတာပါ။ လက်ရှိမှာ အကုန်လုံး မပြန်နိုင်သေးဘူး။ ဆေးဝါးနဲ့ အစားအသောက် အဓိက လိုအပ်တယ်။ အဓိက ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်မှုတွေ ကြုံနေရတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း မလုံလောက်ဘူး” ဟု ပြောသည်။
ဇွန်လအတွင်း၌ မင်းတပ်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုကြောင့် အောက်ချိုင်ကျေးရွာမှ ဒေသခံ ၂ ဦး၊ ပန်းသွယ်ကျေးရွာ ဒေသခံ ၁ ဦး သေဆုံးခဲ့သည်။
လက်ရှိ ပန်းသွယ်ကျေးရွာတွင် ၀မ်းရောဂါ ဆက်လက်ဖြစ်ပွားနေပြီး ၁၀ နှစ် ကလေးများအပါအ၀င် အသက် ၆၀ နှစ် အထက် သက်ကြီးပိုင်း ဒေသခံ ၂၀ ကျော် ၀မ်းရောဂါခံစားနေရကြောင်း သိရသည်။
မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြောခွင့်ရသူ ကိုယောမန်က “လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကြာတုန်းက တိုက်နယ် အမှတ် ၁၀ ပန်းသွယ်ရွာမှာ ၀မ်းရောဂါနဲ့ တဦး ထပ်သေတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ဆရာ၀န်တွေ မြေပြင်ကို သွားပြီး တော့မှ အနီးကပ်စောင့်ကြည့်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ဆေးဝါး၀ယ်ယူရတာ ခက်တယ်၊ သယ်ယူပို့ဆောင် ရ တာလည်း ခက်တယ်။ ၀ယ်ယူဖို့ ထောက်ပံ့ဖို့အတွက်လည်း ငွေကြေးအခက်အခဲ ရှိတယ်။ အကုန်လုံးက လမ်းတွေမှာ၊ ဂိတ်တွေမှာ ပိတ်ဆို့တားဆီး ဖြတ်တောက်တာတွေ ရှိတယ်။ ရလာရင်တောင်မှ ကားလမ်းမပေါက်တော့ ဆိုင်ကယ်သွား ရတာ၊ တချို့နေရာတွေဆို ဆိုင်ကယ်လမ်းတောင် မပေါက်တဲ့နေရာတွေ ရှိတယ်။ အခုလို မိုးတွင်းမှာ မြေပြိုတာတွေ လည်း ရှိတယ်လေ” ဟု ပြောသည်။
၀မ်းပျက်၀မ်းလျှော ကူးစက် ဖြစ်ပွားနှုန်းများသည့်ရွာများတွင် ဝမ်းရောဂါထပ်မံပျံ့နှံ့မှုမရှိစေရန် အသွားအလာ ကန့် သတ်ခြင်း (Lock down) ပြုလုပ်ထားကြောင်း သိရသည်။
ချင်းကျန်းမာရေးအဖွဲ့ (CHO) ကလည်း မင်းတပ်မြို့နယ်နှင့် ပလက်ဝမြို့နယ်တွင် ဝမ်းရောဂါသည် ကပ်အသွင် ဖြစ် ပွားနေသောကြောင့် သေဆုံးသူ ၁၄ ဦးခန့်အထိရှိလာကြောင်း ဇွန်လ ၁၆ ရက်က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများနှင့် ပတ်သက်၍ ဧရာ၀တီသတင်းဌာနမှ ချင်းကျန်းမာ ရေးအဖွဲ့အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
အာဏာသိမ်းပြီးနောက်တွင် ချင်းပြည်နယ်၌ ဆေးဝါးမလုံလောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု မရှိသောကြောင့် သေဆုံးသူအရေအတွက်သည် ပိုပြီးများပြားလာကြောင်း ကျန်းမာရေးစောင့်ရှောက်မှုအကူအညီပေးနေသည့် အဖွဲ့ များထံမှ သိရသည်။
You may also like these stories:
မတူပီကို ချင်းညီနောင် သိမ်းပိုက်
မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်