ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ စီရတ်ချာမြို့နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် နှစ်နိုင်ငံသဘောတူစာချုပ် (MoU) စနစ်ဖြင့် လာရောက် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၃၀ ဦးမှာ ဇွန်လအတွက် လုပ်ခလစာ မရရှိ၍ စားဝတ်နေရေး ခက်ခဲနေကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
အလုပ်သမား ၁၃၀ သည် အဆိုပါ လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်လာသည်မှာ ၁ နှစ်ကျော်ရှိပြီး ပြီးခဲ့သည့် မေလအထိ လုပ်အားခ ပုံမှန်ရှင်းပေးခဲ့သော်လည်း ဇွန်လ၌ လုပ်ကိုင်ခဲ့သည့် လုပ်အားခများကို လကုန်တွင် ရှင်း မပေးသည့်အတွက် စားဝတ်နေရေးခက်ခဲနေကြောင်း အလုပ်သမားများက ပြောသည်။
အလုပ်သမားတဦးက “လုပ်အားခတွေ မရတော့ အိမ်လခပေးဖို့တွေ စားဖို့ သောက်ဖို့ ခက်ခဲတာပေါ့။ အလုပ်သမား ခေါင်းဆောင်နဲ့ ညှိတော့ စားဖို့ သောက်ဖို့ ဘတ် ၁ ထောင်စီ ထုတ်ပေးထားတယ်။ လတ်တလောတော့ အဲဒါနဲ့ ဖြေရှင်းထားရတယ်” ဟု ပြောသည်။
အလုပ်သမားများအနေဖြင့် တလတာ အသုံးစရိတ်မှာ ပျမ်းမျှအားဖြင့် ဘတ် ၇၀၀၀ ခန့်ကုန်ကျပြီး ပြည်တွင်း မိသားစုများထံသို့လည်း ပို့ရသောကြောင့် ယခုကဲ့သို့ လစာမရရှိပါက ပြည်တွင်းရှိ မိသားစုများပါ အခက်အခဲ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများက ပြောသည်။
အဆိုပါ အလုပ်သမားများမှာ လာရောက်အလုပ်လုပ်ကိုင်ကြသည့် Trede Win ကုမ္ပဏီမှ ၃၆ ဦး၊ Shwe Lann Phwint ကုမ္ပဏီမှ ၇၉ ဦးနှင့် တခြားသောအလုပ်သမား ၁၅ ဦးတို့ဖြစ်ကြပြီး တလစာအတွက် တဦးလျှင် ဘတ်ငွေ ၁သောင်း ၆ထောင်နှုန်းဖြင့် အလုပ်သမား ၁၃၀ အတွက် ဘတ်ငွေ သိန်း ၂၀ ကျော်ရရှိရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးရန် မြန်မာအလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံ တိုင်ကြားလာသဖြင့် ဇွန်လ ၂ ရက်က ချွန်ဘူရီရှိ ထိုင်းအလုပ်သမားရုံးသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဧရာဝတီကို ပြောသည်။

၎င်းက “ဇွန်လ လစာကို မရတာပေါ့။ စက်ရုံတရုံထဲက အလုပ်သမား ၁၃၀။ အခုလက်ရှိတော့ ထိုင်းအလုပ်သမားရုံးကို လုပ်အားခ မရတဲ့အကြောင်း တိုင်ကြားထားပြီး အမြန်ဆုံး စစ်ဆေးပေးမယ်လို့တော့ ပြောတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံသို့ MoUစနစ်ဖြင့် ရောက်လာပြီးနောက် အလုပ်အကိုင် မရရှိခြင်း၊ စာချုပ်ထဲ ပါရှိသည့် အလုပ်မျိုးမဟုတ်ဘဲ အခြားသောလုပ်ငန်းခွင်များသို့ ပို့ဆောင်ခံရခြင်း၊ လစာ ခေါင်းပုံဖြတ်ခြင်း စသည့်ကိစ္စရပ်များကြောင့် နေ့စဉ်နှင့်အမျှ တိုင်ကြားမှုများရှိနေကြောင်း အလုပ်သမားရေးကူညီသူများက ပြောသည်။
ယင်းပြဿနာများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၊ အလုပ်သမားသံအရာရှိရုံးသို့ ဧရာဝတီမှ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။
ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအနေဖြင့် လစဉ် လစာ၏ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ပေးထားသော ဘဏ်များမှတဆင့် ပြည်တွင်းကို မဖြစ်မနေ လွှဲပြောင်းပေးရန် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃၊ စက်တင်ဘာ ၁ ရက်တွင် တရားဝင်ညွှန်ကြားထားသည်။
ထို့ပြင် ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတဆင့် မိသားစုထံသို့ လွှဲပြောင်းသည့် အထောက်အထားများအား ယခုလ ၂၇ ရက် နောက်ဆုံးထား၍ ပို့ဆောင်ပေးသော အေဂျင်စီများမှ တင်ပြပေးရန် စစ်ကောင်စီက ၂၀၂၄ ၊ ဇွန် ၁၅ ရက် ရက်စွဲဖြင့် အကြောင်းကြားထားသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ၂၀၂၄၊ ဧပြီလအထိ ထုတ်ပြန်ချက်များအရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ပြည်ပရောက်လုပ်သားများ၏ ပို့ငွေစာရင်းတောင်းယူမှု အေဂျင်စီတို့ အခက်တွေ့
ထိုင်းသို့ MoU ဖြင့်လာသူ ၉၈ ဦး အလုပ်မရ၍ အခက်ကြုံနေ
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ