ဇူလိုင် ၃ရက်က စခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တဝိုက်မှ တိုက်ပွဲများသည် ယနေ့ ညနေပိုင်းတွင် မြို့အစပ် နေရာအထိ ရောက်ရှိလာခဲ့ရာ လက်နက်ကြီးနှင့် လက်နက်ငယ် အပြန်အလှန်ပစ်ခတ်သံများ ကြားနေရကြောင်း မြို့ခံ အမျိုးသားတဦးက ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲဖြစ်နေသည့်နေရာသည် လားရှိုးမြို့ ရပ်ကွက် ၅ နှင့် ဆက်စပ်နေသည့် မန်အိုင်ကျေးရွာအုပ်စုတွင်ဖြစ်ပြီး ထိုနေရာ၌ ခြေမြန်တပ်ရင်း ခမရ ၅၀၇ တပ်ရင်းနှင့် စစ်တပ်စစ်ကြောင်းများ အထိုင်ချထားကြောင်းလည်း ၎င်းက ဆိုသည်။
လားရှိုးမြို့ခံ အမျိုးသားတဦးက “တိုက်ပွဲက မြို့လေးဖက်စလုံး ဖြစ်နေတာ၊ ဟိုပိတ်ဘက်အဝင်ရော၊ ရှန်ခိုက်ဘက်ရော၊ မန်အိုင်ဆိုမြို့နဲ့တဆက်တည်း ဖြစ်နေပြီ။ မြို့ထဲနဲ့ တိုက်ပွဲက နီးနေပြီ။ ညနေက လက်နက်ကြီးက တော်တော်ပစ်တယ်၊ ခုတော့နည်းနည်း ပြန်ငြိမ်နေတယ်” ဟု ပြောသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများကို ဇူလိုင် ၃ ရက်ကစ၍ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်များ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လတ်တလော တိုက်ပွဲအတွင်း MNDAA ပူးပေါင်းတပ်များသည် နမ့်ပေါင်တပ်စခန်းအား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် ယနေ့မနက်ပိုင်းအထိ နမ့်ပေါင်ကျေးရွာအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
လားရှိုးမြို့နယ်အတွင်း ယမန်နေ့က စတင်သည့်တိုက်ပွဲများ၌ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများကြောင့် မြို့ပေါ် လူနေရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲမှုများရှိကာ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
ယနေ့ မနက်ပိုင်းတွင် ရပ်ကွက် ၉ နယ်မြေ ၃ နှင့် ရပ်ကွက် ၁၁ ပညာရေးကောလိပ်အနောက်ဘက် အုတ်ကွင်းအတွင်း သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တဦး အပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အချို့ ရှိခဲ့သည်။
ထို့ပြင် ယမန်နေ့ကလည်း အမှတ် ၁ ရပ်ကွက်၊ ဗျူဟာလမ်းအောက်၊ သာယာလမ်းရှိ နေအိမ်တခုပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရသည့်အပြင် နမ့်ပေါင်ရွာတွင်လည်း လက်နက်ကြီး ကျရောက်မှု ကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ရကြောင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သတင်းထုတ်ပြန်ထားသည်။
လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်ရှိ အရပ်သားပြည်သူတချို့ စစ်ဘေးတိမ်းရှောင်မှု ရှိ နေသော်လည်း မြို့ခံအများစုမှာ မြို့အတွင်း၌သာ ရှိနေဆဲဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
You may also like these stories:
လားရှိုးကို မြောက်ပိုင်းညီနောင် ပိတ်ဆို့ထား
ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ