စစ်ကောင်စီသည် ၎င်းတို့အဖွဲ့ဝင်များနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အကြံပေးများကို အငြိမ်းစားချီးမြှင့်ငွေ ခံစားခွင့် ပြုလိုက်သည်။
၎င်းတို့သက်တမ်းပြည့် တာဝန်ထမ်းဆောင်ပါက သို့မဟုတ် ကျန်းမာရေးကြောင့် အနားယူပါက လစဉ်လစာငွေကို အခြေခံသည့် တလုံးတခဲတည်း ချီးမြှင့်ငွေ ခံစားခွင့်ပြုလိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီ ပြန်တမ်းအရ သိရသည်။
၎င်းတို့ ကွယ်လွန်ပါက မိသားစုဝင်များသည် ထိုချီးမြှင့်ငွေကို ဆက်လက် ခံစားခွင့်ရမည် ဖြစ်သည်။
ထိုကြေညာချက်သည် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးမှုများအတွက် တာဝန်ရှိသူများကို နိုင်ငံစီးပွားရေး ပြိုလဲနေချိန်တွင် ဆုကြေးပေးခြင်း ဖြစ်သောကြောင့် အွန်လိုင်းတွင် ဒေါသပေါက်ကွဲကြသည်။
မေလ ၂၅ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဗဟိုအကြံပေးအဖွဲ့ဝင် ချင်းလူမျိုး ဦးမောင်းဟာသည် အသက် ၇၄ နှစ်တွင် ကွယ်လွန်သည်။ ယခုကြေညာချက်သည် သူကွယ်လွန်သောကြောင့် ထုတ်ပြန်သည့် ကြေညာချက်ဖြစ်သည်ဟု ယူဆရသည်။
စစ်ကောင်စီသည် မင်းအောင်လှိုင် အပါအဝင် အဖွဲ့ဝင် ၁၈ ဦး ပါဝင်သည့်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီ အကြံပေးအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့ အပါအဝင် အဖွဲ့ဝင် ရှစ်ဦး ပါဝင်သည်။
မင်းအောင်လှိုင်၏ အကြံပေးအဖွဲ့တွင် ဦးသိန်းစိန်အစိုးရ ပညာရေးအကြံပေးနှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ် နေဝင်း၏ ချွေးမ ဒေါ်ရင်ရင်နွယ် အပါအဝင် အဖွဲ့ဝင် ခုနစ်ဦးရှိသည်။ အခြားအဖွဲ့ဝင်တဦးမှာ ဦးသိန်းစိန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်ဦး ဖြစ်သည်။ သူသည် ၁၉၈၈ အရေးတော်နောက်ပိုင်း နိုင်ငံကို တလကြာမျှ အုပ်ချုပ်ခဲ့သည့် ကွယ်လွန်သူ သမ္မတဟောင်း ဒေါက်တာ မောင်မောင်၏ သမီးဖြစ်သည်။ အခြားအဖွဲ့ဝင်တဦးမှာ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ ချင်းလူမျိုး ဆလိုင်းငွန်ကျုံးလျန် ဖြစ်သည်။
မင်းအောင်လှိုင်၏ အကြံပေးတဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ညိုစောနှင့် အမျိုးသားလုံခြုံရေးအကြံပေး ရေတပ်အကြီးအကဲဟောင်း မိုးအောင်တို့သည်လည်း နိုင်ငံတော် အငြိမ်းစားလစာ ရန်ပုံငွေမှ ချီးမြှင့်ငွေ ခံစားခွင့်ရမည် ဖြစ်သည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် ၎င်းတို့ ဖြုတ်ချခဲ့သည့် NLD အစိုးရမှ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ချီးမြှင့်ငွေ ခံစားခွင့်ပြုခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime Hands Pensions to Governing Body Members and Advisors ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ လူသတ်ဂိုဏ်းချုပ်နှင့် ကြံရာပါများ
စစ်ကောင်စီ အဖွဲ့ဝင် ဦးသိန်းညွှန့်နေအိမ် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရ
အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်နှစ်ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ
စစ်ကောင်စီအဖွဲ့ဝင် အရပ်သားများကို EU ဒဏ်ခတ်အရေးယူ
ထပ်ပြီး ရက်စက်ကြမ်းကြုတ်ဖို့ စစ်ကောင်စီ ကြံနေသည်