ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ Mother Nature Cambodia အဖွဲ့ဝင် တက်ကြွလှုပ်ရှားသူ ၁၀ ဦးကို အစိုးရနဲ့ ဘုရင့်အပေါ် ဆန့်ကျင်စော်ကားဖို့ ကြံစည်တယ်လို့ ဆိုပြီး တရားစွဲဆိုကာ နှစ်ရှည် ပြစ်ဒဏ် ချမှတ်တာတွေ ပြုလုပ်လိုက်ပါတယ်။
Mother Nature အဖွဲ့က တရားစွဲခံရသူ ၅ ဦးမှာ တရားစွဲဆို ပြီးနောက် ချက်ချင်းပင် မြို့တော် ဖနွမ်းပင် တရားရုံး အပြင်ဘက်မှာ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ အဖွဲ့တည်ထောင်သူ Alejandro Gonzales-Davidson က အင်္ဂါနေ့ Reuters ကို ပြောပြပါတယ်။
စပိန်နိုင်ငံသား တဦးဖြစ်တဲ့ Gonzales-Davidson က သူအပါအဝင် တရားစွဲခံရသူ ၁၀ ဦးမှာ အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်မှု၊ သူတို့အထဲက ၃ ဦးမှာ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်စနစ်ကို စော်ကားမှုတို့နဲ့ တရားစွဲ ခံခဲ့ရခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က Gonzales-Davidson ကို ကမ္ဘောဒီးယားကနေ ပြည်နှင်ဒဏ် ပေးခံခဲ့ရပြီးနောက် တရား ရင်ဆိုင်ဖို့ ပျက်ကွက်မှုနဲ့ မျက်ကွယ် အမိန့်ချခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
Mother Nature အဖွဲ့ဝင် ၃ ဦးမှာ အစိုးရနဲ့ ဘုရင်စနစ်ကို စော်ကားတဲ့ ပြစ်မှု နှစ်ခုစလုံး အတွက် ၈ နှစ်စီ ပြစ်ဒဏ် ကျခံဖို့ အမိန့်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အခြားအဖွဲ့ဝင်များကိုမူ အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်မှုနဲ့ ပြစ်ဒဏ် အမိန့်ချခံခဲ့ရသော်လည်း ပြစ်ဒဏ်ကျခံရမည့် နှစ်ကာလကိုမူ အသေအချာ မသိရသေးပေ။

အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး တရားရုံးမှာ ပြန်လည် မချေပရသေးကြောင်း၊ ၂၀၂၁ ခုနှစ်က ဖနွမ်းပင်ရှိ ကြီးမားတဲ့ “Tonle Sap” ကန်ရေ ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး သံသယ ဖြစ်ဖွယ်ရာများကို မှတ်တမ်း တင်ခဲ့ပြီးနောက် အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း Gonzales-Davidson က ပြောပါတယ်။
ဘုရင်စနစ်ကို စော်ကားတယ် ဆိုတဲ့ ပြစ်မှုများမှာမူ နိုင်ငံရေး ကာတွန်းများနဲ့ ပတ်သက်ပြီး အဖွဲ့အတွင်း Zoom Meeting ပြုလုပ်ခဲ့ရာမှ တဆင့် သတင်း ပေါက်ကြားခဲ့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့က ချမှတ်ခဲ့တဲ့ တရားစီရင်ချက်ကို ကြည့်ခြင်းအားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ် ဟွန်ဆန် နေရာကို မနှစ်ကမှ လွှဲပြောင်း ရယူခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်မာနေး (Hun Manet) လက်ထက်မှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အလွန်စိုးရိမ်ဖွယ်ရာ ကောင်းနေကြောင်း သတင်းတွေမှာ ဖောပြထား ပါတယ်။
Mother Nature အဖွဲ့ဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် စွမ်းဆောင်မှုတွေကြောင့် ဆွစ်ဇာလန်နိုင်ငံ စတော့ဟုမ်းလ် အခြေစိုက် Right Livelihood အဖွဲ့ဆု အပါအဝင် နိုင်ငံတကာ ဆုတံဆိပ်များစွာ ရရှိထားကြောင်းလည်း သိရပါတယ်။