ရှမ်းပြည်နယ် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် စသည့် မြို့များ၌ ဇူလိုင် ၃ရက်က စ ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းသည် ယခုအခါ မိုးမိတ်မြို့ အထိပါ ရောက်ရှိလာပြီး အနီးရှိ လယ်ကြီး၊ ညောင်နီစသည့် ရွာများသာမက မြို့တွင်း ရပ်ကွက်များအထိ ယမန်နေ့ ညကဖြစ်ပွားခဲ့သည်။
မိုးမိတ်မြို့ခံ အမျိုးသားတဦး “မနေ့ညက ၆ နာရီလောက်က လက်ခုတ်တန်းထိပ်မှာ အကြီးအကျယ်ဖြစ်တယ်။ စစ်တပ်က မြို့လယ်ဈေးနားကို ဆုတ်လာခဲ့ပြီ။ ဒီနေ့မှာတော့ လက်နက်ကြီးတာတွေ ကြို့ကြား ကြို့ကြား ပစ်တာရှိနေတယ် “ဟု ပြောသည်။
၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ ၁၁၀၂၃ ဦးရှိသည့် မိုးမိတ်မြို့တွင် တောင်ပိုင်း၊ မြောက်ပိုင်၊ လက်ခုတ်တန်း၊ ဟော်နန်း စသည့် ရပ်ကွက်ကြီးများ ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ တိုက်ပွဲများတွင် မြို့လုံးကျွတ်နီးပါး စစ်ရှောင်ရာ တိုက်ပွဲကာလ ဖောက်ထွင်းခိုးယူမှုများ အများအပြား ရှိခဲ့ပြီး ယခုအခါ စစ်ရှောင်သူ အနည်းငယ်သာ ပြန်ဝင်ကြပြီး ယခု တကျော့ပြန်ဖြစ်သည့် တိုက်ပွဲများတွင် မြို့လူထု ၃၀၀ မှ ၅၀၀ ကြား ပိတ်မိနေကြောင်း ဒေသခံများက ဆိုသည်။
ကူညီရေး လုပ်နေသည့် မိုးမိတ်မြို့ခံအမျိုးသားတဦးက “အခုရက်ပိုင်းက မြို့ထဲမှာ ပိတ်မိသွားပြီပေါ့နော်။ အစောပိုင်းက ညောင်နီနားမှာ ဘုရားတောင်တို့ တောရကျောင်းတို့ကို တချို့ရှောင်ကြတယ်။ တချို့အောက်ပိုင်း ရွာဘက်တွေ ရှောင်ကြ တယ်။ တချို့ မြောက်ဘက်ကရွာတွေကိုရှောင်ကြတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလတိုက်ပွဲအပြီး ပြန်ဝင်ပြီးနေတဲ့အထဲက တဝက် လောက်က ထွက်သွားကြပါပြီ” ဟု ပြောသည်။
လက်ရှိ မိုးမိတ်တိုက်ပွဲအတွင်း ပြည်သူ ထိခိုက်သေဆုံးမှုများမရှိသော်လည်း လက်ခုတ်တန်းရပ်ကွက် ထိပ်ရှိအိမ်များ ပျက်စီးမှုများရှိနေသည်ဟု ၎င်းကပြောသည်။
ဇူလိုင် ၃ရက်က တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)မှ တအာင်းပြည် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ ရွှေသာယာတပ်စခန်းကို TNLA၊ PDF (မိုးကုတ်ဗျုဟာ)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
TNLA ပြောခွင့်ရ လွေးယေဦးက “ရွှေသာယာတပ်စခန်းက မိုးမိတ်မြို့အကျော် မန်တုံဘက် ဒါမှမဟုတ် နမ့်ဆန်ဘက် သွားတဲ့ လမ်း ၃ခွမှာ ထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်၊ တိုက်ပွဲတွေက မြို့နဲ့တော်တော် နီးနေပြီလို့ ပြောလို့ရပါတယ်။ တချို့ဆို မီးသတ်၊ ရဲစခန်းနားထိကို နီးနေတဲ့ တိုက်ပွဲတွေရှိပါတယ်”ဟု ပြောသည်။
လက်ရှိ စစ်ဆင်ရေးအတွင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ပူးပေါင်းတပ်များက သိမ်းပိုက်လာနိုင်နေပြီး ရွှေသာယာစခန်းသည် စစ်ရေးလမ်းကြောင်း အချက်အချာကျသည့်နေရာဖြစ်ကြောင်း လွေးယေဦးကပြောသည်။

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို ခရိုင်တခု အဖြစ်ဖွဲ့ထားပြီး မိုးမိတ်မြို့နယ်သည် အရှေ့ဘက်တွင် နမ့်ဆန်၊ မန်တုံ၊ အနောက်ဘက်တွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲ၊ မိုင်းငေါ့မြို့နယ်ခွဲ နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ မြောက်ဘက်တွင် မဘိမ်းမြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။
မိုးမိတ်မြို့နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ မဘိမ်း မြို့နယ်များကို TNLA နှင့် ကချင်လွတ်လပ် ရေးတပ်မတော် KIA )တို့က သိမ်းပိုက်ထားပြီး မိုးကုတ်အပါအဝင် ကျန်မြို့နယ်များတွင်လည်း ပူးပေါင်းတပ်များက ထိုးစစ် ဆင်နေကာ နယ်မြေအများစုကို စိုးမိုးထားသည်။
ထို့ကြောင့် မိုးမိတ်မြို့နယ်သည် လမ်းကြောင်းများပိတ်နေသည့်အပြင် ရှမ်းမြောက်တိုက်ပွဲများ ပြင်းထန်နေသောအခြေအနေ ကြောင့် စစ်ကောင်စီအနေဖြင့် မိုးမိတ်ကို စစ်ကူတပ်များပို့ရန် မဖြစ်နိုင်ဟု စစ်ရေးလေ့လာသူတဦးကသုံးသပ်သည်။
၎င်းက “မိုးမိတ်မှာ ဗျူဟာနဲ့တပ်ရင်း ၃ရင်းရှိတယ်။ စစ်ရေးအရ မိုးမိတ်ကို ကွပ်ကဲတာက မပခ မြစ်ကြီးနားက ကွပ်ကဲတာ။ အဲဒီတော့ ကွပ်ကဲမှုမှာ အခက်အခဲရှိတယ်။ ပို့ချင်ရင် အဲဒီဘက်က ဘာမှပို့လို့မရဘူး။ မဘိမ်းကနေ မံစီအထိက KIA က သိမ်းထားတာ။ ရဟတ်ယာဉ်နဲ့ ပို့မှ ရမယ်။ ပို့စရာလည်း မြောက်ပိုင်းတိုင်းမှာ တပ်မရှိဘူး။ ပို့ချင်ရင် နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်အင်အား ထပ်ဖြည့်ပို့မှ ရမယ်” ဟု ပြောသည်။
မိုးမိတ်မြို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အခြေချစစ်ဗျူဟာနှင့် ခြေမြန်တပ်ရင်း ခမရ ၃၄၈ ၊ ခြေလျင်တပ်ရင်း ခလရ ၂၇၆ နှင့် ခလရ ၂၂၃ တို့ရှိသည်။
မိုးမိတ်မြို့ကို ပြီးခဲ့သော ဇန်နဝါရီလအတွင်းက KIA နှင့်ပူးပေါင်းတပ်များ ထိုးစစ်ဆင်ခဲ့ပြီး တပ်စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့ သော်လည်း ပြန်ဆုတ်သွားသဖြင့် ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စစ်ကောင်စီက ပြန်သိမ်းခဲ့သည်။
မိုးမိတ်မြို့သည် ပိတ်မိနေသည့် အခြေအနေဖြစ်သော်လည်း ပူးပေါင်းတပ်များအနေဖြင့် ဖြည်းဖြည်းချင်းသာ တိုက်ယူရမည့် အခြေအနေဖြစ်ကြောင်း အထက်ပါ စစ်ရေးလေ့လာသူက ပြောသည်။
၎င်းက “ကျန်တဲ့စခန်းတွေသိမ်းဖို့က ဖြည်းဖြည်းတိုက်မှရမယ်။ ဘာလို့လဲဆို တပ်ရင်းဌာနချုပ် သုံးခုနဲ့ ဗျူဟာ ရုံးတို့ကို တိုက်ရမှာ။ KIA ကတော့ ပါမယ်မထင်ဘူး” ဟု ပြောသည်။
၁၀၂၇ ပထမပိုင်း စစ်ဆင်ရေး၌ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့များကို သိမ်းပိုက်ထားသည့် TNLA သည် လက်ရှိ ၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေး၌ မိုးမိတ်၊ မိုးကုတ်အပါအဝင်၎င်းတို့ တပ်မဟာ အခြေချရာ မြို့များ အားလုံးကို ထိုးစစ်ဆင်သိမ်းပိုက်မည့်အခြေအနေရှိသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။
လက်ရှိစစ်ဆင်ရေးရည်မှန်းချက်အပေါ် လွေးယေဦးက “၁၀၂၇ ရဲ့ အပိုင်း၂ စစ်ဆင်ရေးရည်ရွယ်ချက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ ဒေသခံလူထုရဲ့လုံခြုံရေးကို ကာကွယ်ခြင်းဖြစ်တယ်၊ ဒါကြောင့် ကျမတို့ လှုပ်ရှားရာ စစ်ဒေသ အားလုံးမှာ စစ်ကောင်စီအမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် တိုက်ပွဲဖော်ဆောင်နေတာ ဖြစ်တယ် “ဟု ပြောသည်။
ထို့ကြောင့် မိုးမိတ်မြို့သည်လည်း စစ်အာဏာရှင်စနစ်ပပျောက်ရေးအတွက် အရေးကြီး မြို့တမြို့ဖြစ်၍ စစ်ဆင် ရေးဖော် ဆောင်နေရခြင်းဖြစ်ကြောင်း မိုးမိတ်မြို့ကို စစ်ကောင်စီက စစ်ကူနှင့်ရိက္ခာများ မပို့နိုင်ရန် လမ်းကြောင်းများ အားလုံး ဖြတ် တောက် ထားသည်ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိမိုးမိတ်မြို့နယ်တွင်းတိုက်ပွဲများ၌ စစ်ကောင်စီက Y12 လေယာဉ် ဖြင့် လက်နက်၊ ရိက္ခာပို့ပေးခြင်းများ ရှိနေကြောင်း သိရသည်။ စစ်ကောင်စီက လေကြောင်းမှ စစ်ကူ၊ ပစ်ကူများ ပေးနေပြီး အဆိပ်ငွေ့ဗုံးများပါ အသုံးပြုလာနေသော ကြောင့် လက်ကျန် စခန်းများ၊ မြို့များသိမ်းနိုင်ရန် အခက်အခဲနှင့် စိန်ခေါ်မှုကြီးမားနေသည်ဟု လွေးယေဦးက ဆိုသည်။
မိုးမိတ်မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလတိုက်ပွဲအတွင်း ဒေသခံပြည်သူများ စစ်ရှောင်နေခဲ့ပြီး ကြားကာလတွင် ပြန်လည် ဝင် ရောက် နေထိုင်သူ ၃ ပုံ၊ တပုံခန့်ရှိနိုင်ကြောင်း၊ လက်ရှိတိုက်ပွဲ၌ ဒေသခံပြည်သူများက နီးစပ်ရာကျေးရွာများတွင် တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။
၁၉၇၇ ခုနှစ်ကာလများက မိုးမိတ်မြို့ရှိ အမှတ် ၁၂ ခြေလျင်တပ်ရင်းကို ဗမာပြည်ကွန်မြူပါတီ(ဗကပ)တပ်များက ဝင်ရောက် စီးနင်းပြီး သိမ်းပိုက်ခဲ့ဖူးသည်။
You may also like these stories:
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ
လားရှိုးတိုက်ပွဲ မြို့နှင့် ပိုမိုနီးကပ်လာ
ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR