မြန်မာစစ်ကောင်စီနှင့် ၎င်းတို့၏ ခရိုနီဘဏ်လုပ်ငန်းရှင်များသည် နိုင်ငံတကာ ဥပဒေလုပ်ငန်းများကို အသုံးပြုပြီး သြစတြေးလျ စီးပွားရေးပညာရှင် ဒေါက်တာ ရှောင်တာနဲလ်၏ လာမည့်စာအုပ်ဖြစ်သော ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ တားဆီးခံရသည့် ပြုပြင်ပြောင်းလဲရေး စီမံကိန်းများအကြောင်း ထုတ်ဝေခြင်း မပြုအောင် ခြိမ်းခြောက် နေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဟောင်း ဒေါက်တာ ရှောင်တာနဲလ်က ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဖမ်းဆီးခံရသည်အထိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရအတွက် စီးပွားရေးအကြံပေး လုပ်ခဲ့သော ဒေါက်တာ ရှောင်တာနဲလ်သည် နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားသည်ဟု စွပ်စွဲကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရကို အာဏာသိမ်းပြီးနောက် ရက်အတန်ကြာတွင် ဖမ်းဆီးခဲ့သည်။
ရှောင်တာနဲလ်က အပြစ်မရှိကြောင်း ငြင်းဆန်သော်လည်း နေပြည်တော်မှ စစ်ကောင်စီတရားရုံးတခုက သူ့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ထောင် ၃ နှစ်ချသည်။ ထိုနှစ် နိုဝင်ဘာလတွင် သူ့ကို စစ်ကောင်စီက လွှတ်ပေးပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် လူသားချင်းစာနာမှုအတွက် လွှတ်ပေးသည်ဟု စစ်ကောင်စီက ပြောသည်။
မြန်မာစစ်ကောင်စီနှင့် ၎င်းတို့၏ ခရိုနီဘဏ်လုပ်ငန်းရှင်များသည် သူ့ကို စောင့်ကြည့်နေကြောင်း Facebook တွင် ဇူလိုင်လ ၅ ရက်နေ့က ရေးသားပြီး “ဒီတခါတော့ နိုင်ငံတကာ ဥပဒေလုပ်ငန်းတွေကို အသုံးပြုပြီး ကျနော့်ကို အသံတိတ်သွားအောင်လုပ်ဖို့ ခြိမ်းခြောက်တယ်။ ကောင်းပြီ၊ အဲဒီလိုလုပ်တာ အရင်ကလည်း အလုပ်မဖြစ်ဘူး” ဟု ရေးသားထားသည်။
ဧရာဝတီသတင်းဌာနနှင့် ဇူလိုင်လ ၅ ရက်နေ့က ပြောဆိုရာတွင် “အကောင်းဆုံး ချမှတ်ခဲ့သော စီမံကိန်းများ” ခေါင်းစဉ်ဖြင့် NLD ခေတ် ပြုပြင်ပြောင်းလဲရေးများအကြောင်း စာအုပ်သစ် မကြာမီ ထုတ်ဝေမည်ဟု ပြောသည်။
“ဒါကြောင့် ဒီပြဿနာ ဖြစ်လာတာပဲ” ဟု ၎င်းက ပြောပြီး ဥပဒေကြောင်း နောက်ထပ် အသေးစိတ်များ ပြောရန် ငြင်းဆန်သည်။
“ဒီလူတွေက တကယ်အလေးအနက် လုပ်နေတာ။ ပတ်သက်နေတဲ့ ဥပဒေလုပ်ငန်းကလည်း ကြောက်စရာ ကောင်းတယ်။ ကျနော် သူတို့ကို တရားရုံးမှာ ရင်ဆိုင်ဖို့ မတတ်နိုင်ဘူး” ဟုလည်း ပါမောက္ခ ရှောင်တာနဲလ်က ပြောသည်။
“ဒီကိစ္စတခုလုံးက ဒေါသထွက်စရာ ကောင်းတယ်။ ကျနော်ကတော့ ဆက်လက်လုပ်ဆောင်ဖို့ ရည်ရွယ်ပေမယ့် ဒီလူတွေ ဘယ်သူတွေလဲဆိုတာ ကျနော် မပြောနိုင်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ စစ်ကောင်စီနှင့် ၎င်း၏ ခရိုနီဘဏ်လုပ်ငန်းရှင်များက သူ၏ နောက်ဆုံးအစီအစဉ်ကို မည်သည့်အတွက် မည်သို့ တားဆီးနှောက်ယှက်ရန် ကြိုးစားနေသည်ကို အတိအကျပြောရန် ငြင်းဆန်သည်။
ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။
“သူတို့တွေက ‘သူ မတူ အကျဉ်းသား’ (An Unlikely Prisoner) စာအုပ်ကိုလည်း တားဆီးဖို့ကြိုးစားခဲ့တယ်” ဟု ယခင်နှစ်က သူထုတ်ဝေခဲ့သည့် မြန်မာထောင်မှတ်တမ်းစာအုပ်ကို ရည်ညွှန်းပြောကြားသည်။
ထိုစာအုပ်တွင် သူ့ကို ထောင်ချသည့် ဆိုးရွားသောအခြေအနေများ၊ သူ့ကို စစ်ဆေးသည့် တရားခွင်၏ ကျိုးကြောင်းဆီလျော်မှု ကင်းမဲ့ခြင်း၊ သူနှင့် မြန်မာလုပ်ဖော်ကိုင်ဖက်များအပေါ် ချမှတ်သည့် မတရားမှုများနှင့် သူ၏အမှုနှင့် မပတ်သက်သော်လည်း ထောင်တွင်းတွင် တွေ့ဆုံခဲ့သူများ၏ ကံကြမ္မာအကြောင်းများ ရှင်းရှင်းလင်းလင်း ရေးသားထားသည်။

စီးပွားရေး အကြံပေးတဦးအနေဖြင့် သူသည် စစ်အစိုးရအဆက်ဆက်ကြောင့် ပျက်စီးသွားသော စီးပွားရေး ပြန်လည်ရှင်သန်စေရန် ရည်ရွယ်သည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို ကူညီစီစဉ်ပေးသည်။ ဖမ်းဆီးခံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ် အပါအဝင် သူ၏ မြန်မာလုပ်ဖော်ကိုင်ဖက်များ၊ ကျွမ်းကျင်သူများနှင့်အတူ ဒေါက်တာ ရှောင်တာနဲလ်သည် မြန်မာနိုင်ငံတိုးတက်ရေးတွင် ဘဏ်များသည် အကျိုးပြုသည့် အင်စတီကျူးရှင်းများ ဖြစ်လာစေရန် မြန်မာ့ဘဏ္ဍာရေးစနစ်ကို ပြင်ဆင်ရှင်းလင်းပြီး ပြုပြင်ပြောင်းလဲရန်နှင့် အခြားကိစ္စများကို ကြိုးစားသည်။
သူ နောက်ထပ်ထုတ်မည့် စာအုပ်သည် NLD အစိုးရ ဖြုတ်ချခံရချိန်တွင် အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည့် ပြုပြင်ပြောင်းလဲရေးများကို ဖော်ပြထားကြောင်းနှင့် ထိုအချက်အလက်များကို စစ်ကောင်စီက မဖော်ထုတ်စေလိုကြောင်း ရှောင်တာနဲလ်က မတ်လတွင် BBC မြန်မာပိုင်းနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အသေးစိတ်များကို မှတ်တမ်းတင်လိုသောကြောင့် ထိုစာအုပ်ကို ရေးချင်ကြောင်း ၎င်းက ပြောပြီး ထိုကိစ္စများကို ပြည်သူများအား ပြောကြားရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြောင်းလည်း ပြောသည်။
“ဒါပေမယ့် စာအုပ်သစ်အကြောင်း ဒီသတင်းကိုလည်းကြားရော သူတို့လက်ဦးမှုရအောင် လုပ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ဇူလိုင်လ ၅ ရက်နေ့တွင် ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။
NLD ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် လက်တွေ့ကျပြီး ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်သောကြောင့် နိုင်ငံရေးတွင် စစ်တပ်ပါဝင်ပတ်သက်ခြင်း မပြုတော့လျှင် ၎င်းတို့ကို ဆက်လက် အကောင်အထည် ဖော်နိုင်သေးကြောင်း BBC သို့ ၎င်းက ပြောကြားခဲ့သည်။
NLD ၏ အစီအစဉ်များတွင် “မြန်မာ့စီးပွားရေး ခံနိုင်ရည်နှင့် ပြုပြင်ပြောင်းလဲရေး စီမံကိန်း” ပါဝင်ပြီး ထိုစီမံကိန်းသည် ကိုဗစ်နိုင်တင်းကပ်ရောဂါ၏ သက်ရောက်မှုများမှ စီးပွားရေး အခိုင်အမာ ပြန်လည်တောင့်တင်းလာစေရန် သူနှင့် သူ့လုပ်ဖော်ကိုင်ဖက်များ ၂၀၂၀ ပြည့်နှစ်က ပြင်ဆင်ထားသည့် နာလန်ထရေး စီမံကိန်းဖြစ်ကြောင်း ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။
ထိုသို့ ပြောင်မြောက်သော စီမံကိန်းတွင် NLD အစိုးရ ပထမသက်တမ်း ငါးနှစ်အတွင်း ကောင်းကျိုးဆိုးကျိုးများကို ပြန်လည်သုံးသပ်ရန်လည်း ပါဝင်သည်ဟု ပြောသည်။ ထိုမူကြမ်းစီမံကိန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရေးဆွဲပြီးစီးသည်။ နောက်တနေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်သည်။
၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် ထောင်မှလွှတ်ပေးခံရပြီးနောက် ဒေါက်တာ ရှောင်တာနဲလ်သည် စစ်ကောင်စီအတွက် ဆူးတချောင်း ဖြစ်လာသည်။ သူ လွတ်မြောက်လာပြီးနောက် သူ့ကို ကူညီခဲ့သူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားသည့် သတင်းစကားတွင် ရှောင်တာနဲလ်က “နေရာအနှံ့အပြားမှာ ကျနော်တွေ့ဖူးသူတွေထဲက သဘောအကောင်းဆုံးလူတွေကို ဒီလို လူယုတ်မာတွေနဲ့ အရူးတွေက အုပ်ချုပ်နေကြတယ်” ဟု ရေးသားခဲ့သည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး အပြင်းအထန် ပျက်စီးကြောင်းနှင့် စစ်ကောင်စီသည် အာဏာကို အလွယ်တကူ စွန့်လွှတ်မည် မဟုတ်ကြောင်း မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် ၎င်းက သတိပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ထောင်အတွင်း သူရင်ဆိုင်ရသည့် လူမဆန်သော လုပ်ရပ်များကိုလည်း ဖော်ထုတ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တရားခွင်အတွင်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအကြောင်း အမှန်တရားများ လူတိုင်းကိုပြောရန် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို တိုက်တွန်းခဲ့သည်။
မီဒီယာ တွေ့ဆုံမေးမြန်းမှုများနှင့် လူမှုကွန်ရက် ရေးသားချက်များတွင် စစ်ကောင်စီကို ဝေဖန်သောကြောင့် စစ်ကောင်စီက ရှောင်တာနဲလ်၏ ပြစ်ဒဏ်သက်သာခွင့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်ရုပ်သိမ်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta, Crony Bankers Trying to Silence Economist Sean Turnell ကို ဘာသာပြန်သည်။)
You may also like these stories:
ထောင်အိပ်မက်တွေ အမြဲမက်နေသူ ပါမောက္ခ ရှောင်တာနဲလ်
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော
ရှောင်တာနဲလ်ပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ
ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀
တည်ငြိမ်ပြီး ဖွံ့ဖြိုးသော နိုင်ငံ့စီးပွားရေးကို ပဲ့ကိုင်ခဲ့ကြသူများ