ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ နောင်မွန်း၊ ပနန်းဒင်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များကြောင့် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများနှင့် ဒေသခံများထံမှ သိရသည်။
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် မေခနှင့်မလိခမြစ် အထက်ပိုင်း၌ ဇွန်လနောက်ဆုံးပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ တီယန်ဇွပ်၊ ဆွမ်ရာဘွမ်၊ ဖုန်ကျန်း၊ လုံရှာယန်တို့တွင် လမ်းများပျက်စီးနေ သလို ပူတာအို- ခေါင်လန်ဖူးလမ်း၊ ပူတာအို- နောင်မွန်းလမ်းပိုင်းများ ပျက်စီးနေပြီး ယနေ့အထိ ပြန်လည်ပြင်ဆင်၍ မပြီးစီး သေးသောကြောင့် ကားများသွားလာမရဘဲ ကုန်စည်ဝင်ရောက်မှု ရပ်ဆိုင်းနေခြင်း ဖြစ်သည်။
ဒေသခံတဦးက “ခေါင်လန်ဖူး-နောင်မွန်း-ပနန်းဒင်တကြော စားသောက်ကုန်က လုံးဝပြတ်သွားပါပြီ။ ပူတာအိုလမ်းက တော်တော်များများ မြေပြိုနေတာဆိုတော့ ကားက မဝင်ဘူး။ ပူတာအိုကိုရောက်မှ တခြား နေရာတွေ ထပ်ပို့ရတော့ အကုန် ပြတ်ကုန်တာပေါ့။ နောင်မွန်ဘက်က ငတ်နေတဲ့သူတွေ အများကြီး ဆန်ပြုတ်တောင်နပ် မမှန်ကြတော့ဘူး” ဟု ပြောသည်။
အခြေခံစားသောက်ကုန်များ ပြတ်လပ်နေသောကြောင့် ပနန်းဒင်နှင့် ခေါင်လန်ဖူးဒေသခံများမှာ ဒေသထွက်သီးနှံများဖြစ် သည့် အာလူး၊ အူလိုင်နှင့် ဆပ် စသည့် ဒေသထွက်သီးနှံများကိုသာ အားထား စားသောက်နေရကြောင်း သိရသည်။
ပူတာအိုဒေသခံဦးက “ဆန်မဝင်တော့ အရင်စိုက်ထားတာတွေ ပြုတ်စားကြတာပေါ့။ ဆန်မှ မဟုတ်ဘူး ကြက်သွန်တွေဆို လည်း ဝယ်လို့ မရဘူး။ ဆန်တွေ ကြက်သွန်တွေဆိုတာက ရေစိုရင် ပျက်ကြတော့ လူနဲ့သွားသယ်ဖို့ကလည်း တော်တော် အဆင် မပြေဘူးပေါ့နော်။ သွားသယ်နေကြတာတော့ရှိပေမယ့် ရောင်းဖို့အတွက်တော့ မလောက်ငှဘူး” ဟု ပြောသည်။
စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ပြီးခဲ့သည့် မတ်လ ၉ ရက်မှ ဇွန်လပထမပတ်အထိ ပူတာအို-မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း သွားလာခွင့်ပိတ်ပင်ခဲ့ပြီး ပူတာအိုသို့ အခြေခံ စားသောက်ကုန်နှင့် စက်သုံးဆီများ ဝင်ရောက်လာခြင်းမရှိဘဲ တခြားမြို့နယ်များတွင်ပါ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ကုန်စည် ပြတ်လပ်ခြင်းများ ကြုံတွေ့ခဲ့ရသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/07/ပူတာအို.jpg)
ထို့နောက် နှစ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းမှုကြောင့် ဇွန် ၈ ရက်မှစတင်ပြီး ကားလမ်းကို အကန့်အသတ်ဖြင့် ပြန်လည် အသုံး ပြုခွင့်ပေးခဲ့ပြီးနောက် ၂ ပတ်ကျော်အကြာတွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေပြို၍ကားများ ပိတ်မိနေပြီး၊ ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ကားသမားများက ဆိုသည်။
မြစ်ကြီးနားမှ ပူတာအိုသို့ ကုန်စည်တင်ပို့နေသူတဦးက “လမ်းဖွင့်တာ ၂ ပတ်အတွင်း ကားက အများကြီး မရောက်ဘူး။ လမ်းမှာ စစ်တပ်က စစ်တာရော KIA က စစ်တာရောဆိုတော့ ၃ ရက်လောက် ကြာတယ်။ ကားတွေက ပိတ်မိနေတာ ရာချီ ရှိတယ်။ တီယန်ဇွပ်အောက်မှာ မြေပြိုတာက တော်တော်ဆိုးတော့ ပြန်ပြင်နိုင်ဖို့က လနဲ့ချီကြာသွားနိုင်တယ်။ ပြင်နေရင်းနဲ့ ကို ထပ်ပြိုနေတာ။ ကားသမားတွေလည်း ပစ္စည်းမိုးစိုတာနဲ့ ခရီးစရိတ်နဲ့ဆိုတော့ ဟိုရောက်ရင် ဈေးကခုန်တက်ဦးမှာ” ဟု ပြောသည်။
လမ်များ ပြန်လည် အသုံးပြုခွင့်ရစဉ်က ပူတာအိုတွင် ကုန်ဈေးနှုန်းများ ပြန်လည် ကျဆင်းလာသော်လည်း ယခုအခါ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/07/မ.jpg)
ဒေသခံတဦးက “လမ်းဖွင့်တော့ ဆန်က ၁ သိန်း ၆ သောင်းဖြစ်သွားသေးတယ်။ အခုက ၂ သိန်းပြန်ကျော်သွားပြီ။ စားဆီ တွေလည်း တပိဿာ ၂ သောင်းကနေ ၃ သောင်းကျော်ပြန်တက်သွားပြီ။ ဓာတ်ဆီတလီတာလည်း ၁ သောင်းခွဲကနေ ၂ သောင်း ဖြစ်သွားပြီ။ ပူတာအိုကို ကားမဝင်တော့ ကျန်တဲ့နေရာတွေကိုတော့ ပစ္စည်းရောက်ဖို့ မရှိပါဘူး” ဟု ပြောသည်။
ပူတာအိုမြို့နယ်အပါအဝင် မချမ်းဘော၊ နောင်မွန်၊ ပနန်းဒင်၊ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ် မြို့နယ်တို့သည် စားနပ်ရိက္ခာများကို မြစ်ကြီးနားမြို့မှတဆင့် ဝယ်ယူနေရပြီး မြစ်ကြီးနား- ပူတာအို-ဆွမ်ဘရာဘွမ်လမ်းပိုင်းမှနေ၍ စားနပ်ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဆေးဝါးအမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စက်သုံးဆီအမျိုးမျိုးကို ပူတာအိုသို့ အရင်တင်ပို့ရခြင်း ဖြစ် သည်။
You may also like these stories:
ပူတာအိုတွင် ဆန်ပြတ်မည်ကို ဒေသခံများစိုးရိမ်
စိုက်စရိတ်ကြီးပြီး လုပ်သားရှားသဖြင့် မွန်ပြည်နယ် စပါး စိုက်ပျိုးမှု လျော့ချ