ရန်ကုန်တိုင်းအတွင်း ဇွန်လအစပိုင်းမှစတင်ကာ လက်ရှိအချိန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် ၁၆၇ ဦး ဆေးရုံတက်နေရကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက်ထုတ်ပြန်ချက်အရ သိရသည်။
ဝမ်းရောဂါကြောင့် ဇူလိုင် ၆ ရက်က လူနာ ၆၃ ဦး၊ ဇူလိုင် ၇ ရက်တွင် ၄၄ ဦး ဆေးရုံတက်ကုသခဲ့ရကြောင်းနှင့် ဇွန် ၈ ရက်တရက်တည်းတွင် လူနာသစ် ၆၀ ဦးအထိရှိလာသည့်အတွက် ၃ ရက်အတွင်း ဆေးရုံတက်ကုသရသူ ၁၆၇ ဦးထိ ရှိ လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဝမ်းရောဂါအဖြစ်များသည့် မြို့နယ်များထဲမှ ဒေါပုံမြို့နယ်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ် နိုင်ပြီး သာကေတမြို့နယ်တွင်လည်း ရောဂါကူးစက်မှု စတင်လျော့ကျလာပြီဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
လူစုလူဝေးရှိသော နေရာများသည့် စက်ရုံ၊ အလုပ်ရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စသောနေရာများတွင် ဝမ်းရောဂါမပြန့်ပွားစေရေး ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
လက်ရှိတွင် ရောဂါပိုး စတင်ကူးစက်ခံရသည့် သာကေတနှင့် ဒေါပုံမြို့နယ်များ၌ ရပ်ကွက်ထဲ ပိုးသတ်ဆေးဖြန်းခြင်း၊ သောက်သုံးရေကန်များအား ကလိုရင်းခပ်ပေးခြင်းများကို လူမှုကယ်ဆယ်ရေးအသင်းများက လိုက်လံဆောင်ရွက် ပေး နေကြောင်း ဆိုသည်။
ရပ်ကွက်အတွင်းရှိ မုန့်ဟင်းခါးနှင့် အသုပ်စုံကဲ့သို့ဆိုင်များကိုလည်း ဇူလိုင် ၁၃ ရက်အထိ ခေတ္တပိတ်ထားရန် ရပ်ကွက် အုပ်ချုပ်ရေးအာဏာပိုင်များက လိုက်လံကြေညာထားကြောင်း ဒေသခံများထံမှ သိရသည်။
သာကေတမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တခုက “ဝမ်းပျက်ဝမ်းလျှောပဲ ကာလဝမ်းရောဂါ ပုံစံမျိုးတော့ မဟုတ်ဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်သူက သတိလစ် မေ့မြောတာတွေတော့ ရှိတယ်။ အဲဒါကိုတော့ သူတို့တွေ ဒေသန္တရမြို့နယ် အစီအစဉ်နဲ့ ဆေးပေးခန်း ဖွင့်ထားတယ်။ ကျန်တဲ့နေရာတွေကိုတော့ တမြို့နယ်လုံးကို ကလိုရင်း ဆေးခပ်တာတွေ တော့ ကျနော်တို့ အဖွဲ့တွေ ပူးပေါင်းပြီး လုပ်ပါတယ်“ ဟုပြောသည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသူများအနက် ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၅ ဦးကို တွေ့ရှိရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် အဆိုပါ ကူးစက်ခံထားရသည့် ပိုးတွေ့လူနာ ၅ ဦးကို ရန်ကုန်ဆေးရုံကြီးနှင့် ဝိတိုရိယဆေးရုံကြီးတွင် ဆေးဝါးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
CDM ဆရာဝန်တဦးက “ကာလဝမ်းရောဂါဆိုတာ အခုလက်ရှိ ရာသီကူးအပြောင်းတွေ၊ မိုးရာသီမှာ အဖြစ်များတဲ့ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဟုတ်ပါဘူး။ ဒီကာလ ဝမ်းရောဂါဆိုတာက တိကျတဲ့ ဘတ်တီးရီးယားပိုးကြောင့် ပိုပြီးပြင်းထန်တဲ့ ရောဂါဖြစ်ပါတယ်။ အဓိကကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေမှာ အတူတူပါပဲ။ မသန့်ရှင်းတဲ့ ဒီရောဂါပိုးပါတဲ့ ရေတွေ၊ စားစရာတွေကနေတဆင့် ကူးတတ်ပါတယ်။ လက်တွေ မဆေးမိတာကနေတဆင့် မသန့်ရှင်းတဲ့အရာတွေကို ကိုင်မိတာတွေကနေတဆင့် ကူးတတ်ပါတယ်” ဟု မှတ်ချက်ပြုပြောဆိုသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်း၌ ဒေါပုံ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်မြို့နယ်တို့တွင် ဝမ်းပျက်ဝမ်းလျှော ကူးစက်ခံရသူဦးရေ များပြားနေကြောင်းလည်း သိရသည်။
You may also like these stories:
ရောဂါသာရှိ ဆေးမရှိ နာတာရှည် ဝေဒနာရှင်များရဲ့ ဒုက္ခ
ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့