မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှ စစ်တပ်စခန်းများ အသိမ်းခံရပြီးနောက် ဒေသတွင်း ပျူစောထီးတို့ လက်နက်ချ ခြင်း ထွက်ပြေးခြင်းများ လုပ်လာရာ ထုံးကြီးရွာ ပျူစောထီး ခေါင်းဆောင် ကျော်စိုး (ခ) အောင်ကျော်စိုးမှာ အလံဖြူထောင် လက်နက်ချမည်ဆိုကာ ထွက်ပြေးသဖြင့် စစ်တပ် ပြန်လည်ဖမ်းဆီးသွားကြောင်း ၎င်းနှင့် နီးစပ်သူများထံက သိရသည်။
ထုံးကြီးကျေးရွာ ပျူစောထီးခေါင်းဆောင် ကျေးရွာ ဥက္ကဋ္ဌ ကျော်စိုး (ခ) အောင်ကျော်စိုး ထွက်ပြေးသည်ကို ထုံးကြီး အထိုင်စခန်းမှ ဗိုလ်ထက်လွင်အောင် ဦးဆောင်သောစစ်ကြောင်းက ဇူလိုင် ၇ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ပျူစောထီးများနှင့် နီးစပ်သူတဦးက “တကယ်တမ်းဖြစ်လာတော့ အကြောက်ကြီးပြီး ပြေးကြတာမျိုးပေါ့။ ထုံးကြီးက ပျူအောင်ကျော်စိုးက အလံဖြူထောင် လက်နက်ချမယ်ပြောပြီး ထွက်ပြေးတာမှာ စစ်တပ်က ပြန်ဖမ်းမိသွားပြီး ရိုက် နှက်နှိပ်စက်တာတွေ လုပ်နေတဲ့အပြင် မိသားစုကိုလည်း ရွာပြင်တောင် ပေးမထွက်တော့ဘူးလို့ သိရတယ်” ဟု ပြောသည်။
စဉ့်ကူးမြို့နယ်တွင်းရှိ ရွှေပြည်၊ ထုံးကြီး၊ ရေတော်၊ တောင်အင်း၊ စားကျက်ကြီး၊ ရွာသာယာ၊ ဒိုးပင်ကုန်း၊ စားကျက်၊ မြစိမ်း ရွာများမှာ ပျူစောထီးအားကောင်းပြီး စစ်ကောင်စီက စစ်သင်တန်းပေး လက်နက်တပ်ဆင်ကာ စစ်သား အနည်းငယ်ဖြင့် အထိုင်စခန် ဖွင့်လှစ်ထားပြီး ထုံးကြီးရွာဆိုလျှင် လက်နက်ကြီးပါ တပ်ဆင် ပေးထားကြောင်း သိရသည်။
ယင်း စဉ့်ကူးပျူစောထီးများသည် ဇူလိုင်လဆန်းက ရွှေပြည် ရဲစခန်းသိမ်း တိုက်ပွဲဖြစ်ချိန်ကတည်းက ထွက်ပြေး ခဲ့ ကြခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်များဖြစ်သည့် ရွှေပြည်ရွာမှ ညွန့် ဝင်း၊ တောင်အင်းရွာ လှမျိုး(ခ) လှမျိုးဦး၊ ရေတော်ရွာမှ ငနိုင် (တဖက်ကန်း) တို့သည်လည်း ထွက်ပြေး တိမ်းရှောင်နေကြောင်း ပျူစောထီးအသိုင်းအဝန်းတွင် သတင်းထွက်နေသည်။
မိုးကုတ်- မန္တလေး ကားလမ်းပေါ်ရှိ ရွှေပြည်၊ လက်ပန်လှ၊ နွယ်ရုံ ရဲစခန်းများ၊ ကျည်တောက်ပေါက်၊ ကန်တောင် ပင်လယ်ကြီး၊ ဒိုးနွယ်၊ နမ့်ဟပ်၊ ရွာတော်လေး၊ မာလဲဆည် ရှင်းလင်းဆောင်နှင့် ရွှေမာလဲစေတီ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF များမှ ပြီးခဲ့သည့်ရက်ပိုင်းက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
အတိုက်ခံခဲ့ရသည့် ရွှေပြည်စခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတချို့ကမူ ထုံးကြီးရွာစခန်းသို့ သွားရောက်ပူးပေါင်း ကာ ခံစစ်ပြင်ဆင်သလို၊ ဇူလိုင် ၇ ရက်က ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းရိက္ခာဟု ယူဆရသည့် အထုပ်များချ ပေး သွားသည် ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ရွှေပြည်ရွာကတော့ ပျူစောထီးအားကောင်းတဲ့ ရွာပါ၊ PDF တွေ တိုက်လို့ ပြေးရတာမျိုးထက် စစ်တပ်ဘက်က လေကြောင်းနဲ့ တိုက်တာကြောင့် ပြေးရတာမျိုးပေါ့။ အခုဆိုရင် အခြားပျူရွာတွေလည်း ကြောက်ပြီး မိသားစုတွေကို ရွှေ့တာပြောင်းတာတွေ လုပ်နေကြတယ်။ တကယ်ဖြစ်လာရင် စစ်ကောင်စီကဘက်မရွေးဘဲ မည်းမည်းမြင်ရာ အကုန်လုပ်တယ်ဆိုတာ လက်တွေ့မြင်ရတော့ ပျူစောထီးတွေလည်း အကြောက်လွန်သွားတဲ့ သဘောမျိုးလို့ ယူဆရတာပေါ့” ဟု ပြောသည်။
ယခုအခါ ရွှေပြည်ကျေးရွာနှင့် အနီးဆုံးဖြစ်သော ထုံးကြီး၊ တောင်အင်းရွာရှိ ပျူစောထီးစခန်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ရွှေပြည်နှင့် တောင်အင်းကျေးရွာကြားရှိ ကိုင်းချောင်းတံတားနှင့် အသားတံတား၊ ထုံးကြီးနှင့် တောင်အင် ကျေးရွာကြားရှိ နတ်မင်းတံတားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများက ချိုးဖျက်ထားကြ ကြောင်း ကင်းထောက်မြေပြင် သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး)က အသိပေးထားသည်။
စဉ့်ကူးနှင့် မတ္တရာမြို့နယ်များအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ အမြန်ဆုံး လက်နက်ချ အလင်းဝင်ကြရန်နှင့် လက်နက်ချပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာသူများအား နွေးထွေးစွာ ကြိုဆိုကာ လူ့ဂုဏ် သိက္ခာနှင့်အညီ ရှင်သန်နေထိုင်ခွင့်ပြုပေးသွားမည်ဖြစ်သလို စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသူများကို စစ်တပ် တန်းတူစစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ချေမှုန်းသွားမည်ဟု ဇူလိုင် ၅ ရက်က ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY PDF မှ အသိပေး ထုတ်ပြန်ထားသည်။
စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၃၇ အုပ်စု၊ ကျေးရွာ ၁၃၈ ရွာရှိပြီး အရှေ့ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်၊ တောင်ဘက်တွင် မတ္တရာမြို့နယ်တိုနှင့် နယ်နိမိတ် ထိစပ်နေသည်။
စဉ့်ကူး ပျူစောထီးတို့သည် စစ်တပ်နှင့် ပေါင်း၍ အနီးဝန်းကျင် ရွာများကို စစ်ကြောင်းထိုးကာ နေအိမ်များမှ ပစ္စည်းများ ကို လုယက်မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ စစ်ဆေးဂိတ်များ ဖွင့်လှစ်၍ လမ်းသွားလမ်းလာ များ ထံ ငွေညှစ်များ ပြုလုပ်နေကြသည်မှာ ၂၀၂၂ နှစ်ဆန်းပိုင်းမှ ယနေ့အချိန်ထိဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
You may also like these stories:
မတ္တရာတောင်ခြမ်း မြောက်ခြမ်း မန္တလေး PDF တို့ တပြိုက်နက် စစ်ဆင်
၁၀၂၇ ဒုတိယလှိုင်းနှင့် မန္တလေးမြောက်ပိုင်း ထိုးစစ်