စစ်ကောင်စီ ထိန်းချုပ်သည့်ကြားမှ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်း၊ ပြည်တွင်းဘဏ်များအပေါ် အယုံအကြည်ကင်းမဲ့ ခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာဈေးမှာ ၄၈၀၀ ကျပ်ကျော်အထိ ရောက်လာသလို၊ အကယ်ဒမီအခေါက် ရွှေဈေးမှာ လည်း တကျပ်သား ၅၈ သိန်းကျော်အထိ မြင့်တက်လာသည်။
ဇွန် နောက်ဆုံးပတ်က တအောင်စ အမေရိကန်ဒေါ်လာ ၂၃၂၂ ဒေါ်လာ ရှိသည့် ကမ္ဘာ့ရွှေမှာ ယခုလဆန်း ဒေါ်လာ ၂၃၇၉ ဖြစ်လာသဖြင့် တပတ်အတွင်း ဒေါ်လာ ၅၀ ကျော်အထိ မြင့်လာခဲ့သလို ပြည်တွင်းဘဏ်များမှ ငွေထုတ်မရသည့် အခြေ အနေကြောင့်လည်း အယုံအကြည်မဲ့ကာ ရွှေနှင့်ဒေါ်လာအပေါ် ရင်းနှီးမြုပ်နှံမှု ပိုလာသဖြင့် ဖြစ်ကြောင်း ငွေကြေးလဲ လှယ် ရေးလုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။
ပြီးခဲ့သည့်လက စစ်ကောင်စီမှ နာမည်ကြီး ရွှေလုပ်ငန်းရှင်များနှင့် ဒေါ်လာရောင်းဝယ်သူများကို ဖမ်းဆီးခြင်း၊ ဝရမ်းထုတ် ခြင်း၊ သတ်မှတ်ဈေးဖြင့် ရောင်းရန် အတင်းအကျပ် ဖိအားပေးခြင်းတို့ကြားမှ အမေရိကန် ၁ ဒေါ်လာလျှင် ၄၈၀၀ ကျပ်ကျော် နှင့် ထိုင်းငွေ ၁ ဘတ်လျှင် ၁၃၀ ကျပ်ကျော်၊ တရုတ်ငွေ ၁ ယွမ်လျှင် ၆၀၀ ကျပ် ကျော်အထိ ဈေးနှုန်းများ မြင့်တက်နေခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဒေါ်လာရောင်းဝယ်ရေး လုပ်ကိုင်သူတဦးက “မနေ့ကဆို ဝယ်လို့တောင် မရဘူး။ အရင် ကမာ္ဘ့ရွှေ တက်ရင် ဒေါ်လာကျတယ်။ အခုတော့အင်တာနေရှင်နယ် ငွေချေမှုက ရွှေဖြစ်သွားတဲ့အတွက် သူ တက်ရင် အကုန်လိုက်တက်တာပဲ။ ပြည်တွင်းမှာ ငွေထုတ်မရလို့ ဘဏ်အပေါ် ယုံကြည်မှုကျဆင်းနေတော့ တချို့လည်း ကျပ်ငွေကို ဒေါ်လာနဲ့ ကစားတယ်၊ ရွှေနဲ့ကစားတယ်။ ဒါမျိုးတွေလည်း ရှိတယ်။ စုသွားတော့ ဈေးတက်တာပေါ့” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။
အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်အတွင်း ယခုကဲ့သို့ ဘဏ်ဂယက်ရိုက်မှု ဖြစ်ချိန်တွင် ရွှေနှင့် ဒေါ်လာဈေးမှာ ထိုးတက်မှုများ ဖြစ်ခဲ့ဖူးပြီး ယခုအချိန် ကမာ္ဘ့ရွှေဈေးမြင့်တက်မှုကလည်း ပြင်ပဈေး ပို၍ တက်စေကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တဦးက “ဘဏ်တွေမှာ ငွေမရတဲ့ ပြဿနာတက်တော့ ထုတ်ရတဲ့သူက ခိုင်မာအောင်ရွှေ ဝယ်တော့ ရွှေဈေးတွေပါတက် အဲဒီလိုဖြစ်တာ။ ဘဏ်တွေကို အရေးယူမယ်ဆိုတော့ လူတွေက စိုးရိမ်တာပေါ့။ ဒီနိုင်ငံမှာ စိုးရိမ်စရာပဲလေ ထစ်ကနဲရှိ ဖမ်းမယ် ဆီးမယ် သိမ်းမယ်ဆိုတဲ့ စိတ်မထင်ရင် မထင်သလိုလုပ်တဲ့ အဖွဲ့က ဦးစီးနေတာကိုး” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ယခင်တပတ်က ထိုင်းငွေသည် တဘတ်လျှင် ၁၂၀ ကျပ်ကျော်ရှိရာမှ ယခု ၁၃၀ ကျော် အထိရှိလာသလို တရုတ်ယွမ်ဈေးမှာလည်း ယခင်တပတ်က ၁ ယွမ် လျှင် ၆၁၀ ကျပ် ရှိရာမှ ယခု ၆၆၀ကျပ် ကျော်အထိ တက်လာခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဈေးနှုန်းများ မြင့်တက်နေသဖြင့် လုပ်ငန်းရှင်များသည် စစ်ကောင်စီ၏ ထပ်မံ ဖမ်းဆီးခြင်းခံရမည် စိုး၍ ယုံကြည်ရ သည့်သူများကိုသာ ဖုန်းလက်ခံဖြေကြားခြင်း၊ အလုပ်လုပ်ခြင်းများရှိနေသလို လုပ်ငန်းရှင်အကြီးများမှာ ရှောင်နေပြီး လက်အောက်ဝန်ထမ်းများဖြင့် လုပ်ငန်းလွှဲထား၍ လုပ်ကိုင်စေခြင်းများလည်း ရှိနေကြောင်း သိရသည်။
ထို့အတူ ပြည်တွင်းရွှေဈေးမှာလည်း ယခင်တပတ်က အကယ်ဒမီအခေါက် ရွှေတကျပ်သားလျှင် ၅၇ သိန်းကျပ်ကျော် ရှိ ရာမှ ယခုအခါ ကျပ် ၅၈ သိန်းကျော်အထိ ငွေကျပ် ၁ သိန်းကျော် မြင့်တက်လာသည်။
ပြည်တွင်း ရွှေလုပ်ငန်းရှင်တဦးက “ရွှေဆိုင်တွေကတော့ သတ်မှတ်နှုန်းနဲ့ ရောင်းနေရတော့ အထည်သေးတွေတော့ ရောင်းနေရတယ်။ အထည်ကြီးတွေတော့ ရောင်းလို့ မရဘူးပေါ့။ အစစ်အဆေးကတော့ ရှေ့တလောက ခေါ်ယူစစ်ဆေးထား တဲ့သူတွေက အပြီး ပြန်မလွတ်သေးဘူး။ သူတို့ ညဘက်ပြန်သွားအိပ်နေရတယ်။ ခံဝန်သဘောမျိုးနဲ့ နေနေရတုန်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီဖမ်းဆီးထားသည့် ရွှေလုပ်ငန်းရှင်နှင့် ပွဲစား ၂၀ ကျော်ကို ယခုအချိန်တွင် ခံဝန်သဘောမျိုးနှင့် မနက်ပိုင်းတွင် လုပ်ငန်းရှင်များအား လုပ်ငန်းခွင်သို့ သွားခိုင်းကာ ညနေ ၆ နာရီထိုးသည်နှင့် စရဖ ရုံး၌ ပြန်လာအိပ်ရသည့် ပုံစံမျိုးဖြင့် ထိန်း ချုပ်ထားကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရသည်။
You may also like these stories:
ဘဏ်များကို ဗဟိုဘဏ် ငွေထုတ်မပေးနိုင်တော့
ပြည်တွင်းဘဏ်များ၌ ငွေအပ်နှံသူမရှိ ဖြစ်လာ
ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်