တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် လားရှိုးမြို့ပေါ်သို့ ယနေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ၇ လုံးခန့် ကျရောက် ပေါက်ကွဲခဲ့ပြီး အနည်းဆုံး အရပ်သားတဦးသေဆုံးကာ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြို့ခံများနှင့် လူမှုကူညီ ကယ်ဆယ်ရေးအသင်းများက ပြောသည်။
လားရှိုးမြို့ အမှတ် ၁ ရပ်ကွက် သာသနာ ၂၅၀၀ တောင်ခြေကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတဦးသေဆုံးပြီး ပါရမီလမ်းသွယ် ၁၊ ပါရမီလမ်းသွယ် ၁၂ နှင့် အမှတ် ၁၀ ရပ်ကွက် မြို့ဝမ်လမ်းတို့အတွင်း ကျရောက်ပေါက်ကွဲမှုတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီးတဦး ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း လားရှိုးအခြေစိုက် လူမှုကူညီရေးအသင်း ဦးဆောင်သူတဦးက ပြောသည်။
၎င်းက “ ဒီနေ့ သေဆုံးတဲ့သူက သင်းအုပ်ဆရာလို့တော့ ပြောတယ်။ စဖြစ်တဲ့ နှစ်ရက်နေ့က ဒီနေ့အထိဆို သေဆုံးက ၂၇ ဦး လောက်ရှိပြီ။ ဒါက ကျနော်တို့ တဖွဲ့ထဲစာရင်းပဲ၊ တခြား ရပ်ကွက် ၅ တို့ မန်အိုင်တို့ဘက် မပါသေးဘူး။ ဒဏ်ရာရကတော့ ၃၀ နီးပါးလောက်ရှိပြီ။ ဖြစ်နိုင်ရင်တော့ ပစ်တာတွေ ရပ်ကွက်တွေ၊ မြို့တွေထဲ မကျဖို့ပဲ ပြောချင်ပါတယ်။ ဘယ်ဘက်ကိုမှတော့ အပြစ်မပြောချင်ပါဘူး၊ လူထုပဲ အထိနာတယ်” ဟု ပြောသည်။
ဇူလိုင် ၁၀ ရက် မနက်ပိုင်းတွင် ရပ်ကွက် ၉ အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ ကလေးငယ်တဦး အပါအဝင် ၃ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အား မြန်မာ့အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်း ဖြစ် သည်။
တိုက်ပွဲသည် မြို့အတွင်း ဖြစ်ပွားနေခြင်းမဟုတ်ဘဲ မြို့အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့တွင်းရှိ စစ်တပ်နှင့် မြို့ပြင် ပတ်လည်နေရာယူထားသည့် ပူးပေါင်းတပ်များကြား လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် လူနေ ရပ်ကွက်များထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ယနေ့ ညနေ ၅ နာရီခန့်ကလည်း လားရှိုးမြို့အခြေအနေနှင့် ပတ်သက်ပြီး မြို့ခံတဦးနှင့် တယ်လီဖုန်းကတဆင့် ဆက်သွယ် မေးမြန်းနေစဉ် မြို့ထဲမှ လက်နက်ကြီးပစ်ခတ်သံ သုံးချက်ခန့် ကြားခဲ့ရသည်။
လတ်တလော တိုက်ပွဲကြောင့် လားရှိုးမြို့ခံအများစုမှာ မြို့အား စွန့်ခွာထွက်ပြေးနေကြပြီး မြို့တွင်း၌ အသွားအလာများ အလွန်နည်းပါးနေပြီဖြစ်ကြောင်း အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
၎င်းက “ ဒီနေ့လည်း လူတွေ တော်တော်ထိတယ်၊ မြို့ထဲ ရပ်ကွက် ၁ နဲ့ ၁၀ မှာ။ ၇ လုံးလောက်ရှိမယ် ကျတာ။ ကျနော်လည်း မနက်ဖြန်ရှောင်တော့မယ်၊ နေလို့မဖြစ်တော့ဘူး။ ဆက်တိုက်ဖြစ်နေတော့ နေရတာ စိတ်မချမ်းသာတော့ဘူးလေ။ ဒီလို ပုံစံမျိုးမှတော့ ရှောင်တာပိုကောင်းပါတယ်၊ အခုဆို နေ့တိုင်းလိုလို လက်နက်ကြီးကျပြီး နေ့တိုင်းသေနေတာကိုး” ဟု ပြောသည်။
အရပ်သားများအနေဖြင့် လားရှိုးမြို့မှ ထွက်ခွာတိမ်းရှောင်ရန် လမ်းကြောင်းများ ပိတ်ဆို့နေသော အခက်အခဲများရှိကြောင်းနှင့် လတ်တလောတွင် လားရှိုးမှ သီပေါမြို့ဘက် အထွက်လမ်းကြောင်းတခုသာ ပွင့်နေသည့်အတွက် လမ်းခရီး၌ ညအိပ်ရသည်အထိ ပိတ်မိမှုများရှိနေကြောင်းလည်း သိရသည်။
ဒေသတွင်းသတင်းဖော်ပြမှုများအရ လားရှိုးမြို့မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်အများအပြားမှာ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ရောက်ရှိလာပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် လားရှိုးမြို့ ပတ်ဝန်းကျင်အား ထိုးစစ်ဆင်နေသည့် MNDAA တပ်ဖွဲ့ဝင်အချို့ စစ်ရှောင်လာသူများထံမှ ငွေကြေး ကောက်ခံမှုရှိနေကြောင်းနှင့် စစ်သားစုဆောင်းမှုများရှိကြောင်း ဒေသခံအချို့က ပြောသည်။
SHAN NEWS (Burmese Version) ကမူ ဇူလိုင် ၆ ရက်တွင် လားရှိုးမှ မိုင်းရယ်၊ ဝမ်ဟိုင်းဘက်သို့ တိမ်းရှောင်ရန် ထွက်လာသည့် ယာဉ်တစီးအား လားရှိုးနှင့် ဆယ်မိုင်ခန့်အကွာရှိ ခါးရှိကျေးရွာ၌ MNDAA အဖွဲ့ တားဆီးစစ်ဆေးကာ အသက် ၂၂ နှစ်အရွယ် စိုင်းပန်းစိန်ဆိုသူကို စစ်သားစုဆောင်းသည့်အနေဖြင့် ဖမ်းဆီးခဲ့ကြောင်း ယနေ့ သတင်း ဖော်ပြခဲ့သည်။
ထိုသတင်းများနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနအနေဖြင့် MNDAA ထံသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည် တုံ့ပြန် ဖြေကြားခြင်းမရှိသေးပေ။
လားရှိုးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် MNDAA အနေဖြင့် စစ်ဆင်ရေး တပတ်ကျော်အကြာ ယမန်နေ့က စစ်သည်များ လိုက်နာရမည့် တားမြစ်မိန့်တခု ထုတ်ပြန်ခဲ့ရာတွင် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် စည်းစိမ်ဥစ္စာနှင့် ယာဉ်များ ရယူခြင်း၊ စစ်ရှောင်များထံမှ ငွေကြေးကောက်ခံ တောင်းယူခြင်း၊ စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူ့နေအိမ်အတွင်း ဝင် ရောက်နေထိုင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီများအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ လမ်းကြောင်းပိတ်၍ တပ်သားသစ် စုဆောင်းခြင်း (အထူးသဖြင့် ကလေးသူငယ်များ)၊ လူမျိုးဘာသာ ခွဲခြားဆက်ဆံခြင်းများ ကျူးလွန်ပါက စစ်ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပြည်သူပိုင်အဆောက်အဦများ အကာအကွယ်ပေးရန်၊ စစ်ရှောင်များနှင့် စစ်သုံ့ပန်းများကို စောင့်ရှောက်ရန်၊ လေကြောင်းရန်အန္တရာယ် ပညာပေးရန်ပြောထားပြီး လက်ရှိ လားရှိုးရှိ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုဝန်ထမ်းအားလုံး မိမိတာဝန်အား လက်ရှိရာထူးနှင့် လစာအတိုင်း ဆက်လက် ထမ်းဆောင်နိုင်ကြောင်းလည်း ဖော်ပြ ထားသည်။
ထိုတားမြစ်မိန့်များအား တပ်ဖွဲ့ဝင်များ လိုက်နာမှုရှိမရှိ ပြည်သူများကစောင့်ကြည့်ပေးရန်နှင့် တိုင်ကြားနိုင်ကြောင်း တယ်လီ ဖုန်းနံပါတ် သုံးခုထည့်သွင်း ဖော်ပြထားသော်လည်း ဧရာဝတီက ဆက်သွယ်ခဲ့ရာတွင် မြန်မာဘာသာဖြင့် မေးမြန်းရန် နားမလည်ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။
You may also like these stories:
လားရှိုး ခလရ-၂၉၁ ကို မြောက်ပိုင်းတပ်များ သိမ်း
နောင်ချိုရှိ နောက်ဆုံးကျန်သည့် ၆၀၆ ဒုံးတပ်ရင်း TNLA သိမ်း
တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ