အိန္ဒိယသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရေးကို ထောက်ခံကြောင်း ပြည်ပရေးရာဝန်ကြီး မစ္စတာ အက်စ် ဂျိုင်ရှန်ကာက စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး မြဝတီတွင် ဆိုက်ဘာလိမ်လည်သည့် ဂိုဏ်းများက မတရား ဖမ်းဆီးထားသည့် အိန္ဒိယနိုင်ငံသားများ စောလျင်စွာ ပြန်လည် ရောက်ရှိရေးကို အပြင်းအထန် ဖိအားပေးခဲ့သည်။
ဦးသန်းဆွေနှင့် တွေ့ဆုံမှုတခုတွင် မစ္စတာ ဂျိုင်ရှန်ကာသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ လက်နက်ကုန်သွယ်ရေးနှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ဆွေးနွေးခဲ့သည်။
ထိုဆွေးနွေးပွဲကို ဒေလီတွင် ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်မ်းစတက် – BIMSTEC) နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း သီးခြားတွေ့ဆုံမှုတွင် ဆွေးနွေးခြင်းဖြစ်သည်။
“BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက သီးခြားအစည်းအဝေးမှာ မြန်မာ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့တွေ့တယ်။ နယ်စပ်တည်ငြိမ်ရေးနဲ့ နေရပ်စွန့်ခွာသူတွေ စီးဝင်နေတာနဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောခဲ့တယ်” ဟု မစ္စတာ ဂျိုင်ရှန်ကာက လူမှုကွန်ရက် X တွင် ရေးသည်။
“တရားမဝင် မူးယစ်ဆေး၊ လက်နက်ကုန်သွယ်မှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေ အကြောင်းလည်း ပြောခဲ့တယ်။ ဆိုက်ဘာငွေကြေးလိမ်လည်ဂိုဏ်းတွေက တရားမဝင်ဖမ်းထားတဲ့ အိန္ဒိယနိုင်ငံသားတွေ စောလျင်စွာ ပြန်လာဖို့လည်း ပြင်းပြင်းထန်ထန် ဖိအားပေးတယ်” ဟု ၎င်းက ဆက်လက်ရေးသားသည်။
“အိန္ဒိယဟာ မြန်မာမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးဖို့နဲ့ အဲဒီကိစ္စအတွက် သက်ဆိုင်သူအားလုံး တွေ့ဆုံဖို့ကိုလည်း ထောက်ခံတယ်” ဟုလည်း ရေးသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေး ကျယ်ပြန့်သော အကြမ်းဖက် တောင်းဆိုမှုများကို ရင်ဆိုင်နေရသည်။
လွန်ခဲ့သောလတွင် မြန်မာ ဒုဝန်ကြီချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ အီရန်ခရီးမှ မြန်မာသို့ ပြန်လာစဉ် ဒေလီတွင် ခရီးတထောက်နားစဉ်ကလည်း မစ္စတာ ဂျိုင်ရှန်ကာသည် သူနှင့် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံ အစိတ်အပိုင်း အများအပြားတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေသည်။ တော်လှန်ရေးအင်အားစုများက မြို့အများအပြားကို သိမ်းပိုက်ထားပြီး ဖြစ်သည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် စစ်တပ်စခန်း အများအပြားနှင့် မြဝတီမှ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တခုကို ဧပြီလတွင် သိမ်းပိုက်သည်။
အိန္ဒိယသည် မြန်မာမှ အလုပ်အကိုင်တု လိမ်လည်မှုများကိုလည်း စိုးရိမ်ပူပန်နေသည်။
လွန်ခဲ့သော ငါးပတ်ခန့်က မြန်မာမှ အိန္ဒိယသံရုံးသည် မြန်မာတွင် အလုပ်အကိုင်ရှာနေသည့် အိန္ဒိယနိုင်ငံသားများ တရားမဝင် အလုပ်အကိုင်အတုများတွင် လိမ်လည်ဖျားယောင်း မခံရရေးအတွက် သတိထားကြရန် ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသတွင် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတခု လှုပ်ရှားနေကြောင်း အိန္ဒိယသံရုံးက အကြံပြုချက်တစောင်တွင် ဖော်ပြပြီး အိန္ဒိယနိုင်ငံသားများ ထိုဒေသတွင် အလုပ်လက်မခံမီ သတိထားရန် တိုက်တွန်းသည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသား ၁၀၀ ခန့်သည် အလုပ်အကိုင်လိမ်လည်မှု သားကောင်ဖြစ်ပြီး ပိတ်မိနေသည်။
ထိုအစည်းအဝေးတွင် သီးခြားအနေဖြင့် အိန္ဒိယ၊ ထိုင်းနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးများသည် သုံးပွင့်ဆိုင်အစည်းအဝေး ကျင်းပကြသည်။
ဘင်းမ်စတက်တွင် အိန္ဒိယ အပြင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်း၊ နီပေါနှင် ဘူတန်တို့ ပါဝင်သည်။
မြန်မာတွင် မတည်ငြိမ်မှုကြောင့် ဖြစ်လာသည့် စိန်ခေါ်မှုများကို ထိုသုံးပွင့်ဆိုင် အစည်းအဝေးတွင် ဆွေးနွေးသည်။ အိန္ဒိယကဲ့သို့ပင် ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသည်။
“ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂရမ်ပေါင်ဆာနဲ့ မြန်မာဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ သုံးပွင့်ဆိုင် အစည်းအဝေးကျင်းပတယ်။ ကျနော်တို့ ဆွေးနွေးမှုတွေက BIMSTEC ရဲ့အနာဂတ်အတွက် အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွေကို အဓိကထားတယ်” ဟု ဝန်ကြီး ဂျိုင်ရှန်ကာက လူမှုကွန်ရက် X တွင် ရေးသားသည်။
“နယ်စပ်တည်ငြိမ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီကိုလည်း အမြင်ချင်း ဖလှယ်တယ်။ ဆိုက်ဘာ၊ မူးယစ်ဆေးနဲ့ တရားမဝင်လက်နက် အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ဖို့ဟာာ သုံးနိုင်ငံလုံးရဲ့ ဘုံဦးစားပေးတခု ဖြစ်တယ်။ အဲဒီကိစ္စမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်” ဟုလည်း သူရေးသည်။
မြန်မာမှ တော်လှန်ရေး အင်အားစုများသည် အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် စခန်းများကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် အခြားဒေသ အများအပြားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာစစ်တပ်အကြား လွန်ခဲ့သော အောက်တိုဘာလမှ စတင်ပြီး ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားနေသည်။
အိန္ဒိယနယ်စပ်အနီး အဓိကကျသည့် မြန်မာမြို့ အများအပြားနှင့် ဒေသများတွင် နိုဝင်ဘာလမှစတင်ပြီး တိုက်ပွဲများ ပြင်းထန်နေပြီး မဏိပူရနှင် မီဇိုရမ်ပြည်နယ် လုံခြုံရေးအပေါ် ရိုက်ခတ်မှုများဖြစ်နိုင်သောကြောင့် အိန္ဒိယအစိုးအတွက် ပူပန်မှုများ ဖြစ်စေသည်။
မြန်မာသည် အိန္ဒိယ၏ သေနင်္ဂဗျူဟာကျသည့် အိမ်နီးချင်းဖြစ်ပြီး လက်နက်ကိုင် နာဂလန်းနှင့် မဏိပူရ ပြည်နယ်အပါအဝင် အရှေ့မြောက်ပြည်နယ်များနှင့် နယ်နိမိတ် ၁၆၄၀ ကီလိုမီတာ ထိစပ်နေသည်။
မြန်မာနယ်စပ်တွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကြာင့် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး အမစ်ရှားက နယ်စပ်တွင် ခြံစည်းရိုးကာရန် ပြီးခဲ့သည့် ဇန်နဝါရီလက ကြေညာခဲ့သည်။
ကိုးကား ။ ။ NDTV သတင်း “India Supports Return Of Democracy In Myanmar”: S Jaishankar
You may also like these stories:
အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’
အိန္ဒိယသားများ မြဝတီသို့ လူကုန်ကူးခံရပြီး ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ခိုင်း
လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေအကြောင်း (ရုပ်/သံ)
ကျားဖြန့်တိုက်ဖျက်ရေး ဒုတိယပစ်မှတ်ဖြစ်လာတဲ့ မြဝတီ
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော