တရုတ် GAC ကုမ္ပဏီ အုပ်စုက ၁ နှစ်ကို အစီးရေ ၅၀၀၀၀ ထုတ်လုပ်မယ့် AION အမျိုးအစား လျှပ်စစ် စွမ်းအင်သုံး (EV) ကား စက်ရုံသစ် ၁ ရုံကို ထိုင်းနိုင်ငံ ရရောင်း (Rayong) ပြည်နယ်မှာ လာမယ့် ဇူလိုင် ၁၇ ရက်ကျရင် ဖွင့်တော့မှာ ဖြစ်ပါတယ်။
လုပ်ငန်း စီမံကိန်းအရ AION ကားများ ထုတ်လုပ်မှုကို ဘတ် ၂ ဒသမ ၃ ဘီလီယံ အသုံးပြုသွားမှာ ဖြစ်ပြီး ၂၀၂၄ ခု နိုဝင်ဘာလ အတွင်း တရားဝင် စတင်မှာ ဖြစ်တယ်လို့လည်း ထိုင်း စက်မှုဝန်ကြီး Miss Pimphattra Wichaikul က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
“ထိုင်းအစိုးရ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီအရ EV ကားစက်ရုံ အသစ်တခု ဖွင့်လှစ်လိုက်ခြင်းဟာ ဒေသတွင်း EV ကား ထုတ်လုပ်ရေး အတွက် အချက်အချာကျတဲ့ နေရာတခု ဖြစ်ပေါ်လာစေပြီး ထိုင်းနိုင်ငံ အတွက် အခွင့်အလမ်းများစွာ တိုးပွားလာစေမှာ ဖြစ်တယ်”လို့လည်း ဝန်ကြီးက ပြောပါတယ်။
ထိုင်းအစိုးရ အနေနဲ့ EV ကားနဲ့ ICE အင်ဂျင်ကား နှစ်မျိုးစလုံး အတွက် ထုတ်လုပ် ရောင်းချရေး အပိုင်းမှာ မျှမျှတတ မြှင့်တင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပြီး နှစ်မျိုးစလုံးမှာ နိုင်ငံ့စီးပွား အတွက် အရေးပါတယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီး Miss Pimphattra Wichaikul က “အသေးစား စီးပွားရေးလုပ်ငန်း အများစုမှာ ICE ကားအတွက် လိုအပ်တဲ့ အစိတ်အပိုင်းများ ထုတ်လုပ်ရေးနဲ့ ကုန်စည် ထုတ်လုပ် စီးဆင်းရေး အပိုင်းများမှာ ပါဝင်လုပ်ဆောင်နေလို့ ICE ကား ထုတ်လုပ်ရေး လုပ်ငန်းတွေဟာလည်း အရေးပါပါတယ်။ ICE ထုတ်လုပ်မှုများနဲ့ ပတ်သက်ပြီး ကားလုပ်ငန်း နယ်ပယ်မှာ ကြုံတွေ့နေရတဲ့ အရောင်းကျဆင်းခြင်းနဲ့ ပြောင်းလဲမှုများကို ဖြေရှင်းနိုင်ဖို့၊ သင့်တော်တဲ့ နည်းလမ်းများ ရှာဖွေဖို့ စက်မှုဝန်ကြီးဌာနဟာ Japan External Trade Organisation (JETRO) နဲ့ Japanese Chamber of Commerce in Bangkok အဖွဲ့များနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်”လို့ ဝန်ကြီးမှ ပြောကြားပါသေးတယ်။

အဲဒီ ရရောင်း စက်ရုံဟာ GAC AION ကုမ္ပဏီ ရဲ့ ညာမောင်း ယာဉ်ထုတ်လုပ်မယ့် ပထမဆုံး နိုင်ငံခြားစက်ရုံတခု ဖြစ်လာလိမ့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရရောင်းမှာ ထုတ်လုပ်မယ့် ပထမဆုံး မော်ဒယ်ကို Aion Y Plus လို့ခေါ်ကြောင်း၊ တန်ဖိုးမှာ ၂၀၂၃ အတွင်းက ဘတ် ၁၁ သိန်း ဝန်းကျင် ရှိကြောင်းလည်း သိရပါတယ်။
GAC AION က ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကြေညာခဲ့ပြီး အခုနှစ် ဇန်နဝါရီလမှာ Rayong စက်ရုံ ဆောက်လုပ်ရေး စတင်ခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီ စက်ရုံအသစ်ဟာ ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက် တခုဖြစ်တဲ့ “၂၀၂၅ ခုနှစ်မှာ EV ကား ၁ သန်း ရောင်းချနိုင်ရေး” အတွက် အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ GAC AION ကုမ္ပဏီက ယုံကြည်နေတယ် လို့လည်း ဆိုပါတယ်။
GAC AION ဟာ ထိုင်းမှာ အရောင်းဌာနပေါင်း ၃၄ ခု ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး အရှေ့တောင်အာရှကို ထိုးဖောက် နိုင်ဖို့ အတွက် အင်ဒိုနီးရှားမှာလည်း စက်ရုံအသစ်တခု တည်ဆောက်ဖို့ စတင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
GAC AION အုပ်စုဟာ တရုတ်နိုင်ငံရဲ့ စတုတ္ထ အကြီးဆုံး EV ကားထုတ်လုပ်တဲ့ ကုမ္ပဏီ အုပ်စုတခု ဖြစ်တယ် လို့လည်း ဆိုပါတယ်။
Ref : The Nation