မန္တလေးတိုင်း စဉ့်ကူးမြို့အား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် မန္တလေး PDF ဦးဆောင်သော ပူးပေါင်းတပ်များ မြို့ ပတ်လည် ဝန်းရံပိတ်ဆို့ထားသည့်အပြင် မြို့တွင်းထိပါ ထိုးစစ်ဆင်လျက်ရှိသလို စစ်ကောင်စီကလည်း လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “စဉ့်ကူးမြို့မှာ တိုက်ပွဲ ဆက်လက်ရှိနေတုန်းပါပဲ။ လေကြောင်း ကနေ နေ့ရောညပါ တိုက်ခိုက်နေတယ်။ မြို့ခံတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြတယ်၊ လေကြောင်း တိုက် ခိုက်တာတွေကြောင့် လူထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပေမယ့် အသေးစိတ်တော့ ဘာမှ မသိရသေးဘူး” ဟု ပြောသည်။
ယနေ့မနက်တွင် တိုက်ပွဲများ ခေတ္တငြိမ်သက်သွားသော်လည်း နေ့လယ်ပိုင်း၌ စဉ့်ကူးမြို့ပေါ်သို့ လေကြောင်း ပစ်ခတ်မှု ၆ ကြိမ်ပြုလုပ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံက သိရသည်။
စဉ့်ကူးမြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု သတင်းထွက်နေမှုအပေါ် မန္တလေး PDF မှ တာဝန်ရှိသူတဦးက “စဉ့်ကူးမြို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်ဆိုတာ မဟုတ်သေးပါဘူး၊ လက်ရှိမြေပြင်မှာ ထိုးစစ်ဆင်နေဆဲ အခြေအနေမှာပဲ ရှိပါ သေးတယ်” ဟု ဧရာဝတီကို ပြောသည်။
စဉ့်ကူးမြို့ တိုက်ပွဲများသို့ ဇူလိုင် ၁၅ ရက် တရက်တည်းမှာပင် တံတားဦး၊ ပြင်ဦးလွင်အနီးစခန်းတို့မှ တက်လာသည့် ဂျက်ဖိုက်တာ၊ Mi-35၊ Y12 တိုက်ခိုက်ရေး ရဟတ်ယာဉ်များအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ခန့်ထိ ပြု လုပ်ခဲ့ကာ ဗုံးသီးအလုံးရေ ၁၀၀ ကျော်ထိ ကြဲချခဲ့ကြောင်း သိရသည်။
ကင်းထောက် မြေပြင်သတင်းမှန်ပြန်ကြားရေး (စဉ့်ကူး) က “စဉ့်ကူးမြို့ပေါ်နဲ့ အနီးဝန်းကျင်ကို တံတားဦးကတက်လာ တဲ့ ဂျက်ဖိုက်တာ ၅ စီးနဲ့ ၅ ကြိမ်၊ Y-12 ဗုံးချလေယာဉ်နဲ့ ၁၇ ကြိမ်၊ နောက် အနီးစခန်းတက် Mi-35 ၂ စီးနဲ့ ၂ ကြိမ်၊ ထောက်ပို့ပစ္စည်း ၃ ကြိမ် ချသွားတယ်၊ ဗုံးသီးတွေချတာက တခါချရင် အနည်းဆုံး ၁၀ လုံးပဲ၊ မနေ့က ၁ ရက်တည်း အနည်းဆုံး ဗုံးသီးအလုံးရေ ၁၀၀ ကျော် ရှိတယ်။ ထိခိုက်ပျက်စီးတာတွေရှိပေမယ့် လက်ရှိအချိန်မှာတော့ အတိအကျ မသိနိုင် သေးဘူး” ဟု ပြောသည်။
စဉ့်ကူးမြို့နယ်ရှိ လက်ပံလှရဲစခန်း၊ ပင်လယ်ကြီးစခန်းများမှ ဆုတ်ခွာသွားသော စစ်တပ်၊ ပျူစောထီးများနှင့်အတူ အထိုင်ချတပ်စွဲထားသော စစ်တပ်၊ ပျူစောထီး ပူးပေါင်းအဖွဲ့များကို ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး (MDY PDF) ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၀ ရက်မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက် နေခြင်းဟု သိရသည်။
စဉ့်ကူးစစ်ဆင်ရေးအတွင်း မန္တလေး- မိုးကုတ် ကားလမ်းပေါ်ရှိ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက် ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်း၊ ပင်လယ်ကြီးတပ်စခန်း၊ နွယ်ရုံရဲစခန်း၊ ဒိုးနွယ်တပ်စခန်း၊ နမ့်ဟပ် တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီတပ်ခစန်း၊ ရွာတော်လေး တပ်စခန်းများကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ဇူလိုင် ၈ ရက်က ထုတ်ပြန်အသိပေးထား သည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အဖြစ် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်တွင် ဇွန် ၂၅ ရက်မှ စတင်ကာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) (MDY PDF) ၏ မိုးကုတ်ဗျူဟာတပ်ရင်းများဖြစ်သည့် တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄၊ မတ္တရာမျိုးမှန် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြို့နယ်/ တိုက်နယ် ပကဖအဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များလည်း ပူးပေါင်း တိုက်ခိုက် နေပြီး စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု MDY PDF က ဇူလိုင် ၈ ရက်က အသိပေး ထုတ်ပြန်ထားသည်။
စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၃၇ အုပ်စု၊ ကျေးရွာ ၁၃၈ ရွာရှိပြီး ရှမ်းပြည် မြောက်ပိုင်း နောင်ချို၊ စစ်ကိုင်းတိုင်း ဝက်လက်၊ ရွှေဘို၊ သပိတ်ကျင်း၊ မတ္တရာမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။
You may also like these stories:
မိုးကုတ်၊ မိုးမိတ်၌ စစ်သားများ အရပ်ဝတ်ဖြင့် အိမ်များတွင် ခိုအောင်းနေဟုဆို
စဉ့်ကူး မတ္တရာ၌ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ