ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) သည် အရပ်သားများကို သတ်ဖြတ် ဒဏ်ရာရစေရန် အသုံးပြုသည့် လက်နက်ဝယ်ယူမှု အဆင်ပြေစေရေးအတွက် မြန်မာစစ်တပ်က ထိုင်းနိုင်ငံမှဘဏ်များကို အသုံးပြု၊ မပြု စစ်ဆေးနေသည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ် အင်ဒရူးက ထိုင်းဘဏ်များသည် မြန်မာမှ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်နေသည်ဟု ဇွန်လနှောင်းပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာ ထွက်လာပြီးနောက် အထက်ပါ ကြေညာချက် ထွက်လာခြင်း ဖြစ်သည်။ “သေမင်းတမန်ကုန်သွယ်ရေးကို ဘဏ်ဝန်ဆောင်မှုပေးခြင်း” အမည်ရှိ အစီရင်ခံစာတွင် နိုင်ငံတကာ ဘဏ်စနစ်များမှာမှတဆင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို စစ်ကောင်စီက ဝယ်ယူရာတွင် ထိုင်းက အဓိကဖြစ်နေကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများက မြန်မာသို့ လက်နက်နှင့် လက်နက်ဆက်စပ်ပစ္စည်း တင်ပို့သည့် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ဖိုးသာ ရှိရာမှ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးသည့် ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ဖိုးနီးပါးအထိ နှစ်ဆကျော် တိုးလာကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ထိုင်းဘဏ်များသည် မြန်မာစစ်ကောင်စီသို့ နိုင်ငံတကာဘဏ္ဍာရေး ဝန်ဆောင်မှုပေးသည့် ထိပ်တန်း ဝန်ဆောင်သူများ ဖြစ်လာပြီး အရပ်သားများကို သတ်ဖြတ် ဒဏ်ရာရစေသည့် လက်နက်ပစ္စည်းများ ဝယ်ယူစေနိုင်ခဲ့သည်ဟု “သေမင်းတမန်ကုန်သွယ်ရေးကို ဘဏ်ဝန်ဆောင်မှုပေးခြင်း” အမည်ရှိ အထက်ပါ အစီရင်ခံစာတွင် ဖော်ပြသည်။
ကုလသမဂ္ဂ အစီရင်ခံစာကို ဆွေးနွေးရန် ဘဏ်အမှုဆောင်များနှင့် အစိုးရအရာရှိများကို ထိုင်းပါလီမန် အမျိုးသားလုံခြုံရေး ကော်မတီသို့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ဆင့်ခေါ်ခဲ့သည်။ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ် အင်ဒရူးသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၊ ထိုင်းဗဟိုဘဏ်မှ အရာရှိများနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များမှ အမှုဆောင်များနှင့်အတူ ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
“ဇူလိုင်လ ၁၁ ရက်နေ့ ပါလီမန် အမျိုးသားလုံခြုံရေး ကော်မတီအစည်းအဝေး ရလဒ်အဖြစ် ထိုင်းဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးသည် ထပ်မံ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၂ ရက်နေ့တွင်ကြေညာသည်။
စုံစမ်းစစ်ဆေးမှု ရလဒ်များကို ပါလီမန်ကော်မတီသို့ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းမည်ဟုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှ မြန်မာသို့တင်ပို့သည့် စစ်လက်နက်ပစ္စည်းများတွင် ဒုံးကျည်များ၊ Mi-17 နှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ် အပိုပစ္စည်းများ ပါဝင်သည်ဟု မစ္စတာ အင်ဒရူးက ထိုအစီရင်ခံစာတွင် ဖော်ပြသည်။
ထိုင်းဘဏ် ငါးခုဖြစ်သော ဆိုင်ယမ်ကော်မာရှယ်ဘဏ်၊ ဘန်ကောက်ဘဏ်၊ ကာစီကွန်းဘဏ်၊ ခရွန်ထိုင်းဘဏ်နှင့် TMB သာနာချတ်ဘဏ်တို့သည့် ထိုလက်နက်နှင့် လက်နက်ဆက်စပ်ပစ္စည်း ဝယ်ယူမှုကို အဆင်ပြေချောမွေ့အောင် လုပ်ပေးသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာ ထွက်လာပြီးနောက် ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းနှင့် အဓိကကျသည့် ထိုင်းဘဏ်များက ကြေညာချက်တစောင် ထုတ်ပြန်ပြီး စစ်ကောင်စီသို့ လက်နက်တင်ပို့မှု အဆင်ပြေချောမွေ့အောင် လုပ်ပေခြင်းမှ ၎င်းတို့ကို တားမြစ်သည့် လက်ရှိလုပ်ထုံးလုပ်နည်းများကို တင်းကျင်စွာ လိုက်နာကြောင်း ပြောသည်။ သို့သော် လက်နက်ဝယ်ယူရန် စစ်ကောင်စီက အသုံးပြုနိုင်သည့် ငွေပေးငွေယူများကို စုံစမ်းစစ်ဆေးနိုင်သည့် စွမ်းရည် ၎င်းတို့တွင် မရှိကြောင်း ထိုင်းဘဏ်များက ပြောသည်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း AMLO နှင့် ထိုင်းဗဟိုဘဏ်၏ စုံစမ်းစစ်ဆေးမှုတွင် ၎င်းတို့နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။
“ထိုင်းအစိုးရသည် မြန်မာပြည်သူများကို ပုံစံမျိုးစုံ အကြမ်းဖက်မှု အသုံးပြုခြင်းကို မထောက်ခံဘဲ မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဘဝသာယာစိုပြေရေးကို အားပေးကာကွယ်ရေးအတွက် အထူးအရေးထားသည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာရန်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာကို ထပ်မံ တောင်းဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Thailand Launches Probe Into Banks Linked to Atrocities in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာလက်နက်ရောင်းဝယ်မှု ငွေပေးငွေယူကို စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိကြောင်း ထိုင်းဘဏ်များ ဝန်ခံ
မြန်မာ ဖရိုဖရဲအခြေအနေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်း
ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း