တိုက်ပွဲများပြင်းထန်နေသော မိုးကုတ်မြို့၌ ကုန်စည်စီးဆင်းမှု ရပ်တန့်၍ ကုန်ဈေးနှုန်း အဆမတန်မြင့်လာကာ စားနပ် ရိက္ခာမလောက်ငှခြင်းနှင့် ဝယ်ယူရန် ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် အလှူရှင်ကို မျှော် နေရကြောင်းသိရသည်။
လက်ရှိ မိုးကုတ်မြို့၌ ရွှေဘို (ပေါ်ဆန်မွှေး)နှင့် တခြားဆန်များ ဝယ်ယူ၍မရတော့ဘဲ မိုးမိတ်ဆန် (ရှမ်းဆန်) တအိတ် လျှင် ၂ သိန်း ၂ သောင်းကျပ်၊ ကြက်ဥတလုံး ၁၄၀၀ ကျပ်၊ ကန်စွန်း ရွက်တစီး ၂ ထောင်ကျပ်၊ ချဉ်ပေါင်ရွက်တစီး ၂ ထောင် ကျပ်၊ ဓာတ်ဆီ တဂါလံ ၅ သောင်းကျပ်၊ စားဆီတပိဿာ ၄ သောင်း ၅ ထောင်ကျပ်အထိ မြင့်တက်နေပြီး အလုံ အလောက် ဝယ်ယူမရတော့သလို လက်လုပ်လက်စားများမနေဖြင့်လည်း ဝယ်ယူစားသောက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
မြို့တွင်းရှိ လူမှုကူညီရေး လုပ်ဆောင်သည့် အဖွဲ့အစည်းများက ပြင်ပမှ အလှူရှင်များ၏ထောက်ပံ့မှုဖြင့် မြို့တွင်းပိတ်မိ နေသော ပြည်သူများအတွက် လူတဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ဝေငှပေးမှုများရှိသော်လည်း လူဦးရေမှာ များပြား သော ကြောင့် မလောက်ငှကြောင်း သိရသည်။
လူမှုကူညီရေးလုပ်ဆောင်နေသူတဦးက “မိုးကုတ်က ဘာစားစရာမှ မထွက်ဘူး။ စပါးလည်း မစိုက်တော့ မြို့တွင်းမှာက ဆန်ဝယ် မရတော့ဘူး။ မိုးမိတ်ကနေ တောလမ်းက ဆိုင်ကယ်နဲ့ သွားသယ်ကြရတာ။ မိုးကများ လမ်းကချောတော့ တစီးကို ဆန် ၃ အိတ်က အများဆုံးပဲ တင်နိုင်တာ။ မြို့ကနေ ထွက်လို့ရတဲ့သူက ထောင်ဂဏန်းပဲ ရှိတာလေ။ ပိတ်မိနေ တဲ့သူက ၈၀ ရာခိုင်နှုန်းဆိုတော့ မလောက်ငှဘူး။ ငတ်ပြတ်နေပြီ။ စားစရာလည်း မရှိတော့ဘူး” ဟု ပြောသည်။
ယမန်နေ့တွင် မိုးကုတ်မြို့အရှေ့ပိုင်း အောင်ချမ်းသာရပ်ကွက်၌ လူမှုကူညီရေးလုပ်ဆောင်သူများက ဆန်ဝေငှပေးရာ တွင် လူဦးရေထောင်ချီလာရောက် တန်းစီကြပြီး စစ်ကောင်စီဘက်က ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ဒေသခံတဦးက “ဆန်ဝေမှာက မနက် ၈ နာရီမှကို ပြည်သူတွေက မနက် ၂ နာရီလောက်ကတည်းကနေ ထပြီး ဆိုင်ကယ် တွေနဲ့ တန်းလာစီကြတာ။ အဲဒီမှာ စစ်တပ်က အစောကြီး ဆိုင်ကယ်သံတွေ ညံတယ်ဆိုပြီး တောင်ပေါ်က နေ ပစ်တာ။ ပစ်လည်း တန်းစီတဲ့သူတွေက လာကြတာပဲ။ ငတ်ကုန်ကြပြီကိုး၊ ကျည်ထိလို့ သေမှာထက် ငတ်ပြီး သေမှာကို ပို ကြောက်နေရတာလေ” ဟု ပြောသည်။

ထို့ကြောင့် ယနေ့တွင်မူ ဆန်များကို တန်းစီစနစ်ဖြင့် မဟုတ်ဘဲ လုပ်အားပေးလူငယ်များက အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးနေကြောင်း လူမှုကူညီရေးလုပ်ဆောင်သူများက ပြောသည်။
တိုက်ပွဲမဖြစ်ပွားမီက မိုးမိတ်ဆန် (ရှမ်းဆန်) တအိတ် ၈ သောင်းကျပ်၊ ကြက်ဥတလုံး ၃၅၀ ကျပ်၊ စားဆီတပိဿာ ၁ သောင်း ၅ ထောင်ကျပ်၊ ချဉ်ပေါင်၊ ကန်စွန်းရွက်တစီး ၂ ရာကျပ်သာ ကျသင့်ကြောင်း ဒေသခံများက ဆိုသည်။
မိုးကုတ်ဒေသခံများစုဖွဲ့ထားသည့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း မိုးကုတ်မြို့ခံတချို့က လက်ကျန် ဆန်၊ ဆီ စသော စားသောက်ကုန်များကို ပြန်လည်ရောင်းချရာတွင် အလုယက်ဝယ်ယူလျက်ရှိသလို၊ ဆန်လှူလိုသည့် အလှူချင် များ ရှိသော်လည်း အလုံအလောက်မရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် ဇွန် ၂၅ ရက်မှ စတင်ကာ မိုးကုတ်မြို့တွင် ပလောင် (တအောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ စစ်ရှောင်လိုကြသော်လည်း လမ်းပိတ်ဆို့မှုများကြောင့် အများစုမှာ ရှောင်၍မရဘဲ လှည့်ပြန်ရကာ နေအိမ်များ၌သာ ပြန်လည်နေထိုင်ကြရကြောင်း သိရသည်။
ပြင်ဦးလွင်- မိုးကုတ်လမ်းမှာ အသုံးပြုခွင့်ပိတ်ခံထားရသည်မှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီး၊ မိုးကုတ်-မန္တလေး လမ်းပိုင်း တွင်လည်း တိုက်ပွဲများကြောင့် ကုန်စည်သယ်ယူခွင့်မရသလို တိုက်ပွဲများမဖြစ်ပွားမီ ၆ လခန့်ကတည်းက စစ်ကောင်စီ က ဆန်ဆိုင်များ၌ ဆန်ကိုအကန့်အသတ်ဖြင့်သာ သိုလှောင်ခိုင်းထားကြောင်း ကုန်သည်များက ဆိုသည်။
ကုန်သည်တဦးက “စစ်ကောင်စီက အစကနေ အိတ်ကို အရေအတွက်နဲ့ပဲ လှောင်ရမယ်လို့ ကန့်သတ်ထားတာ။ လုပ် ငန်း Level အလိုက် အိတ် ၅၀ လှောင်ရမယ်ဆို ၅၀ ပဲ လှောင်ထားရတာ။ အဲဒီလို လုပ်ထားတာ ၆ လ လောက်ရှိပြီ။ အဲဒီအခါကျတော့ ဆန်က ဘယ်လိုမှ မလောက်တော့ဘူး” ဟု ပြောသည်။
ထို့ပြင် ဘဏ်များလည်း ပိတ်ထားကာ KBZ Pay၊ Wave Pay များဖြင့် ငွေလဲလှယ်ရာတွင်လည်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်နေရသောကြောင့် အခက်အခဲများဖြစ်နေကြောင်း၊ သို့သော် စေတနာ့ဝန်ထမ်း ပရဟိတလူငယ်တချို့က ဝန်ဆောင်မှု မယူဘဲ အိမ်တိုင်ရာရောက် လွှဲငွေများ ပေးအပ်မှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။
မိုးကုတ်မြို့တွင် တိုက်ပွဲများဖြစ်ပွားစဉ်က မိုးကုတ်မြို့အဝင် အနောက်ပိုင်း ကျပ်ပြင်တွင် စတင်ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူများမှာ စစ်ရှောင်ချိန်မရလိုက်သလို၊ မန္တလေး-မိုးကုတ်လမ်းပိုင်းတွင်လည်း စစ်ရှောင်အများအပြား ပိတ်မိနေ ခြင်းနှင့် လုံခြုံရေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များက အနောက်ပိုင်းမှ ထွက်ခွာခွင့်မပြုခြင်းကြောင့် အများအပြား ပိတ်မိနေခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “မန္တလေးကနေလာရင် အနောက်ပိုင်းကျပ်ပြင်ကို အရင်ရောက်တာ။ ပြီးတော့မှ မိုးကုတ်မြို့ထဲပေါ့။ စဖြစ်တာက ကျပ်ပြင်မှာဆိုတော့ အနောက်ပိုင်းက ထွက်ရလွယ်တဲ့လူတွေလောက်ပဲ လွတ်သွားကြတာပေါ့။ အရှေ့ပိုင်း ကတော့ အားလုံးလိုလို ပိတ်မိနေတာ။ အရှေ့ပိုင်းကနေထွက်သွားရင်လည်း အနောက်ပိုင်းမှာ သွားပိတ်မိနေကြတာပဲ။ ဇွန် ၂၉ ရက်က ထွက်တဲ့သူပဲ လွတ်တာ” ဟု ပြောသည်။
လက်ရှိတွင် TNLA နှင့် ပူးပေါင်းတပ်များ မိုးကုတ်မြို့အနောက်ပိုင်းကို ထိန်းချုပ်ထားသလို မိုးကုတ်မြို့အရှေ့ပိုင်းသို့ ဆက်လက် ထိုးစစ်ဆင်လျက်ရှိရာ အရှေ့ပိုင်းအဝင် ပန်းမထိပ်နှင့် ညောင်သုံးပင်ရပ်ကွက်တို့တွင် ဇူလိုင် ၁၇ ရက် ညပိုင်းမှ စတင်ကာ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီ၏ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် စစ်တန်း၊ ညောင်သုံးပင်၊ ကုန်းမြင့် သာယာ စသောရပ်ကွက်များအတွင်း လက်နက်ကြီး ကျည်များကျ၍ ပြည်သူ ၁၀ ဦးကျော်သေဆုံးပြီး၊ ၄ ဦး ထက် မနည်း ဒဏ်ရာရရှိထားကာ ဆေးဝါးကုသရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။
လူမှုကူညီရေး လုပ်ဆောင်နေသူတဦးက “ညောင်သုံးပင်က အလောင်းက သွားတောင် မကောက်ရသေးဘူး။ မိုးကုတ် အရှေ့ပိုင်းမှာက ဆေးရုံက ဖွင့်ပေမယ့် ဆရာဝန် မရှိဘူး။ ဆေးခန်းက ၂ ခုပဲ ဖွင့်တယ်။ အဲဒီမှာက ကြီးကြီးမားမား ထိခိုက်မှုတွေအတွက် ဆေးပစ္စည်း မရှိဘူး” ဟု ပြောသည်။
ထို့ကြောင့် ထိခိုက်ထားသော လူနာများကို မိုးကုတ်အနောက်ပိုင်းသို့သွားရန် ဆေးခန်းများမှ ညွှန်ကြားနေရကြောင်း သိရသည်။
ဒဏ်ရာရရှိထားသော ပြည်သူတဦး၏ မိသားစုဝင်တဦးက “စစ်ဖြစ်တော့ ရှောင်ကြမယ်ဆိုပြီး ဆေးရုံကထွက်သွားတဲ့ ဆရာဝန်တချို့က အနောက်ပိုင်းမှာ ပိတ်မိနေသေးတယ်လို့ ကြားတော့။ အဲဒီကို ညွှန်းပေးတာ။ အရှေ့ပိုင်းမှာ ကျန်ခဲ့ တာက အရိုးအထူးကု မဟုတ်တော့ သူလည်း မနိုင်ဘူးတဲ့။ အနောက်ပိုင်းကိုသွားပါဆိုလို့ သွားကြတယ်။ ဖုန်းလိုင်း မရတော့ အခြေအနေတော့ မသိရသေးဘူး” ဟု ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိုးကုတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အုပ်စု ၅ အုပ်စု၊ ကျေးရွာအုပ်စု ၃၀၊ ကျေးရွာပေါင်း ၁၃၂ ရွာရှိ၍ လူဦးရေ ၁ သိန်း ၇ သောင်းနီးပါး နေထိုင်ကြောင်း သိရသည်။
You may also like these stories:
ကလေးမြို့တွင် ဆေးဝါး၊ စားသောက်ကုန်တချို့ ပြတ်လပ်၊ ကုန်ဈေးနှုန်း တက်
ရေကြီးမှုကြောင့် ခန္တီးတွင် စားသောက်ကုန်ဈေးများ မြင့်
ရခိုင်၌ ငွေသားရှားပါး၍ Kpay ထုတ်လျှင် ၁၈ ရာခိုင်နှုန်း ပေးနေရ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR