မြန်မာနိုင်ငံတွင် အပြန်အလှန် စကားပြော ဆက်သွယ်နိုင်သော ပုဂ္ဂလိက လုံခြုံရေး အထူးဦးစားပေးထားသည့် Signal အက်ပလီကေးရှင်း အသုံးပြုခွင့်ကို ဇူလိုင်လ ၁၅ရက်မှ စတင်ကာ စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်းသည် ပြည်သူများ အသုံးပြုနေသည့် လုံခြုံသော ဆက်သွယ်ရေးလမ်းကြောင်းများအားလုံး ဖြတ်တောက်ခြင်းဖြစ်ကြောင်း ဒစ်ဂျစ်တယ် အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။
Signal အက်ပလီကေးရှင်းသည် သုံးစွဲသူများအတွက် လုံခြုံမှုရှိပြီး အစိုးရများက ကြားဖြတ် ထောက်လှမ်းမှုများ မပြု နိုင် သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တော်လှန်ရေးအင်အားစုများ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် သတင်းမီဒီယာလုပ်ငန်းများတွင် လုပ်ကိုင်နေသူအများစု အသုံးပြုကြောင်း သိရသည်။
ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ Access Now အာရှပစိဖိတ်မှ မူဝါဒရေးရာ သုတေသီ မဝေဖြိုးမြင့်က “Signalသုံးရင်က အဲဒီမှာ ရေးသားပြောဆိုနေတဲ့အရာတွေကို စစ်တပ်အနေနဲ့ စောင့်ကြည့်ဖို့တို့၊ ကြားဖြတ် ထောက်လှမ်းဖို့တို့က မဖြစ်နိုင်ဘူး။ အဲဒါကြောင့် သူတို့က လူထုအသုံးပြုလို့ရတဲ့ လုံခြုံတဲ့ Communication Channelတွေ မရှိစေချင်တာ၊ မကျန်စေချင် တဲ့ ရည်ရွယ်ချက်နဲ့ ပိတ်တာလို့တော့ ပြောလို့ ရပါတယ်”ဟု ပြောသည်။
အာဏာသိမ်းပြီးနောက် လူသုံးများသော လူမှုကွန်ရက်ဖြစ်သည့် Facebook၊ Messenger၊ Whatsapp၊ Instagram တို့ကို အသုံးပြုခွင့် ပိတ်ပင်ခဲ့သောကြောင့် ကြားခံ VPN အက်ပလီကေးရှင်းခံကာ အသုံးပြုခဲ့ရပြီး ယခုအခါ VPN ကိုပါ စစ်ကောင်စီက အသုံးပြုခွင့်ပိတ်ပင်ပြီး ဆက်လက်၍ Signalကိုပါ ပိတ်ပင်လာခြင်းဖြစ်သည်။
ဘာသာစကားသင်ယူနေသည့် ကျောင်းသားတဦးက” ကျနော်တို့က အိမ်စာတွေဆိုရင် အရင်ကတော့ messengerမှာ ဂရုဖွဲ့ပြီး အိမ်စာထပ်ရတယ်။VPN တွေဘန်းပြီးတော့ ဆရာမက ပိုအဆင်ပြေအောင်ဆိုပြီး Signalမှာ ဂရုဖွဲ့ထားပေးတာ။ VPNလည်း မလိုတော့ အဆင်ပြေတာပေါ့။ လိုင်းမကောင်းလို့ VPNချိတ်မရလည်း အိမ်စာထပ်ရ အဆင်ပြေတယ်။ ခုတော့ သူလည်း မက်ဆင်ဂျာလိုပဲဖြစ်သွားတော့ အဆင်မပြေတော့ဘူး”ဟု ပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းထိုး လှုပ်ရှားမှု အခြေအနေများကို ပြည်သူများအား ဆိုရှယ်မီဒီယာမှတဆင့် သတိပေးရာတွင် ပြည်သူများ၏ လုံခြုံရေးအရ Signalအဖွဲ့ ဖွဲ့ကာ သတိပေးလေ့ရှိပြီး ယခုအခါသတင်းအချက်အလက်များ ပေးပို့မှု နောက်ကျနေရကြောင်း တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တခု၏ ပြန်ကြားရေး တာဝန်ခံတဦးက ပြောသည်။
ပြည်တွင်း သတင်းထောက်တဦးကလည်း “အရင်ကတော့ ဒီတိုင်း လိုင်းဖွင့်ပြီး ဆက်သွယ်မေးမြန်းလို့ ရတာပေါ့နော်။ခုက VPN လိုလာပြီဆိုတော့ ကိုယ်က VPN ချိတ်မရလို့ နောက်ကျလိုက်။ ကိုယ့် သတင်းရင်းမြစ်က VPN ချိတ်မရလို့ နောက်ကျလိုက်။ ရပြန်တော့လည်း အင်တာဗျူးတဲ့ကိစ္စတွေမှာ လိုင်းမကောင်းတဲ့ အခြေအနေတွေဖြစ်လာတယ်”ဟု ပြောသည်။
ထို့ပြင် ယခုနှစ်မေလကုန်ပိုင်းတွင် လူသုံးများသည့် VPN အက်ပလီကေးရှင်း အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီး၊ ဖုန်းထဲ၌ VPN ထည့်သွင်းထားသူများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ကာ ငွေကြေးတောင်းခံခြင်းများရှိသောကြောင့် နေအိမ်ပြင်ပ သို့သွား ပါက VPNအက်ပလီကေးရှင်းများသာမက Signal အက်ပလီကေးရှင်းကိုပါ ဖျက်သွားရကြောင်း ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။
၎င်းက “ကျနော်က ခုလက်ရှိရောက်နေတဲ့နေရာက အင်တာနက်ကသိပ်မကောင်းတော့ VPNချိတ်မရဘူး။ အဲဒီအခါကျ တော့ Signalထဲပြန်ဝင်ဖို့ Codeတွေလည်း မကျဘူး။ သုံးလို့လည်းမရနဲ့ တော်တော်ဒုက္ခရောက်တာပေါ့။ ဖုန်းနဲ့ပဲ လိုက်မေးဖို့ကျလည်း ကျနော်တို့က ပြည်တွင်းထဲဆိုတော့ လုံခြုံရေးက ရှိသေးတယ်လေ”ဟု ပြောသည်။
Signal အက်ပလီကေးရှင်းတွင် အသုံးပြုခွင့်ပိတ်ပင်ခံရပါက VPNအသုံးမပြုဘဲ ကျော်လွှားနိုင်သည့် လုပ်ဆောင်ချက်များ ပါရှိသော်လည်း အဆိုပါလုပ်ဆောင်ချက်ကိုပါ အသုံးမပြုနိုင်သည့်အခြေအနေအထိ ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သုံးစွဲသူ များက ဆိုသည်။
အသုံးပြုခွင့်ပိတ်ပင်ခဲ့သည့် ဇူလိုင်လ၁၅ရက်အထိ အဆိုပါ လုပ်ဆောင်ချက်မှာ အသုံးပြုရ၍ ရခဲ့သော်လည်း ဇူလိုင် ၁၆ ရက် ညနေပိုင်းတွင် ထိုကဲ့သို့ကျော်လွှားနိုင်သည့် လုပ်ဆောင်ချက်များလည်း အလုပ်မလုပ်တော့ကြောင်း သုံးစွဲသူများထံမှ သိရသည်။
လူမှုကွန်ရက် သုံးစွဲသူတဦးက”မြန်မာနိုင်ငံမှာ Signal banned ထားတယ်။ သုံးလို့မရတော့ဘူး ပြောလာကြတဲ့စာတွေ တွေ့ရတယ်။ Settingတွေထဲ ဝင်လုပ်ပြီးမှ သုံးလို့ရတယ်။ အဲဒီလိုပြောတော့ လိုက်လုပ်ကြည့်တော့ ရသွားသေးတယ်ပေါ့။ နောက်ရက်တွေကျ အဲဒီလို Settingတွေထဲကနေ ဝင်လုပ်ရုံနဲ့ မရတော့ဘူး။VPNခံမှပဲ ရတော့တယ်”ဟု ပြောသည်။
စစ်ကောင်စီက အင်တာနက်တွင် သတင်းစီးဆင်းမှု ပိတ်ပင်ရန်နှင့် လူထုအတွက်လုံခြုံသော ဆက်သွယ်ရေး ပလက်ဖောင်းများ မရှိစေရန် ဆက်တိုက်လုပ်ဆောင်နေသကဲ့သို့ နည်းပညာရေး လှုပ်ရှားသူများကလည်း ဖြေရှင်း နိုင်ရန်ကြိုးစားနေကြောင်း မဝေဖြိုးမြင့်က ပြောသည်။
VPN Provider များနှင့် ချိတ်ဆက်ပြီး နည်းပညာအကူအညီ အထောက်အကူပေးနိုင်ရန်၊ သတင်းအချက်အလက်များကို မြေပြင်အဖွဲ့များသို့ ပြန်လည်ဖြန့်ချိနိုင်ရန်အတွက် Signal Application ပိတ်ပင်သည့် အခြေအနေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီကို ဆက်သွယ် ရှင်းပြနေကြောင်း ၎င်းက ဆိုသည်။
CDM ဝန်ထမ်းတဦးက “အာဏာသိမ်းစမှာ ဖေ့ဘွတ်ဘန်းတယ်။ မက်ဆင်ဂျာဘန်းတယ်။ VPN ဘန်းတယ်။ တဖြည်းဖြည်းနဲ့ ကျမတို့မှာသုံးစရာ ကျဉ်းလာတယ်။စိုးရိမ်မှုတွေက ရှိလာတာပေါ့။ နောက်ကျ ငါတို့ဘာသုံးကြမလဲ။ မြောက်ကိုးရီးယားလို ဖြစ်လာမှာလား”ဟု ဆိုသည်။
လက်ရှိအချိန်တွင် ဆိုရှယ်မီဒီယာ အများအပြားကို ပိတ်ပင်ထားသော်လည်း စစ်ကောင်စီ ထောက်ခံသူများက အားကောင်းကောင်းနှင့် ဝါဒဖြန့်နေသည့် တယ်လီဂရမ်နှင့် တစ်ခ်တော့ခ်တို့ကို ပိတ်ပင်ထားခြင်း မရှိသေးကြောင်း သုံးစွဲသူများက ပြောသည်။
မဝေဖြိုးမြင့်က “ tik tokတို့ telegramတို့ကို ပိတ်ကောင်းတော့ ပိတ်နိုင်တယ်။ ဒါပေမယ့် ဆက်ဖွင့်ထားတဲ့ အနေထားက သူတို့ရဲ့ ဝါဒဖြန့်ချိမှု ယန္တရားတွေအတွက် လိုအပ်လို့ ဆက်ဖွင့်ထားတယ်လို့ သုံးသပ်လို့ရတယ်။ လူထုအကျိုးစီးပွားအတွက် ဆက်ဖွင့်ထားတယ်လို့တော့ မမြင်ဘူး” ဟု ဆိုသည်။
ထို့ပြင် မပိတ်ပင်ရသေးသည့် အက်ပလီကေးရှင်းများကို တော်လှန်ရေး အင်အားစုများက ပြောင်းလဲသုံးစွဲလာပါက အလားတူ ပိတ်ပင်ခံရမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။
You may also like these stories:
အင်တာနက်ပိတ်ပင်မှုက နယ်စည်းမခြား ဖြစ်လာတဲ့အခါ
အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်
နည်းပညာမှန်သမျှ စစ်တပ်က ပိတ်နိုင်တဲ့ အနေထားမျိုး မမြင်ဘူး
အွန်လိုင်းမှ ဝေဖန်သူများကို နှိမ်နင်းရန် စစ်ကောင်စီ အရှိန်မြှင့်နေ
စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR