မန္တလေးသို့ စစ်ရှောင်သူ များပြားနေရာ ယခုအခါ ကုန်ဈေးနှုန်းနှင့် အိမ်ငှားခကြီးမြင့်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်း စစ်ကောင်စီ၏ စစ်ဆေး အရေးယူမှု၊ ငွေညှစ်ခြင်းတို့နှင့် ရင်ဆိုင်နေရပြီး နေထိုင်စားသောက်ရေး ခက်ခဲ လာကြောင်း ၎င်းတို့အား ကူညီနေသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၅ရက်က ၁၀၂၇ စစ်ဆင်ရေး ၂ ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပူးပေါင်း အဖွဲ့များက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များတွင် စတင်ခဲ့ရာ ဒေသခံများမှာ မန္တလေးမြို့သို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။
မန္တလေး၌ ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးအတွင်းက ရှမ်းမြောက်နှင့် မိုးမိတ်စသည့်မြို့များမှ ထွက်ပြေးလာသူများ ယခု တိုင် မပြန်နိုင်ဘဲ ရှိကြသလို နောက်ထပ်လည်း အများအပြားရောက်လာသဖြင့် ဘုန်းကြီးကျောင်းများ၌ ပြည့်နေသလို မြို့အနှံ အိမ်ငှားနေသူများ၊ ပုသိမ်ကြီး မြို့နယ်ဘက်ဆိုလျှင် အကွက်ရိုက်များ ဝယ်ယူနေထိုင်ကာ စစ်ရှောင်များနှင့် ပြည့်နေကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီနေသူတဦးက “ဇွန်လကုန်ပိုင်းကစလို့ မန္တလေးကို အလုံးအရင်းနဲ့ စစ်ရှောင်လာကြတာ အချို့ မန္တလေးကို ပြေးသာလာကြတာ၊ မိတ်ဆွေမရှိ အဆက်အသွယ်မရှိနဲ့ စားသောက်နေထိုင်ရေးနဲ့ အလုပ်အကိုင် တွေက အစ ခက်ခဲနေကြတာ၊ အထူးသဖြင့် နေဖို့အတွက်ပေါ့၊ စစ်ရှောင်တွေက အိမ် ငှားနေဖို့ လုပ်ကြတော့လည်း ဈေးတွေ တက်လာ တော့ အတော်ဒုက္ခများကြတယ်”ဟု ပြောသည်။
မန္တလေးဘုန်းတော်ကြီးကျောင်းများသည်လည်း နောက်ထပ် စစ်ရှောင်များ လက်မခံနိုင်တော့သည့် အခြေအနေဖြစ်နေပြီး ထောက်ပံ့ ကူညီမှုများ လိုနေသလို စစ်ရှောင်များမှာလည်း တရွာတည်းသား အချင်းချင်း မိသားစု ၂ စုမှ ၅ စုခန့်ထိ ပေါင်း၍ အိမ်ငှား နေထိုင် ကြ ရကြောင်း ယခင် တလလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့် သာပေးရသည့် အိမ်ခန်းများမှာ ယခုအခါ ကျပ်တသိန်းခန့်ထိ ရှိနေကြောင်း အိမ်ခြံမြေပွဲစားများကဆိုသည်။
“၁၀ ပေ ၁၂ ပေလောက် ရှိတဲ့ အခန်းတွဲဆောက်ပြီး အရင်က ၅ သောင်းလောက်ရှိရာက အခု ၈ သောင်း တသိန်း တောင်း နေကြပြီ၊ ဒါကိုပဲ ရှေ့လူဆင်းတာနဲ့ နောက်လူက တက်နေဖို့ အဆင်သင့်ပဲ၊ ဆင်ခြေဖုံး ရပ်ကွက်တွေမှာဆို ထရံကာ သွပ်မိုး အိမ် ခြံဝန်းပါရင် အရင်က တလ ၃ သိန်း အများဆုံးပဲ၊ အခုကျတော့ ၅ သိန်းခွဲပေးနေရပြီ၊ အဓိက စစ်ရှောင်တွေ ရောက် လာပြီး နေစရာအရေးကြီးတယ်ဆိုတာကို သိလို့ ဈေးတွေ တက်တောင်းကြတာမျိုးပဲ”ဟု ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြံမြေ အကျိုးတော်ဆောင် ဦးညိုဝင်းက ပြောသည်။

အချို့နေရာများတွင် အိမ်ရှင်များက စစ်ရှောင် ငှားရမ်းနေထိုင်ခြင်းကို လက်မခံချင်ကြကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းမှ အိမ်ခြံမြေအကျိုးတော်ဆောင်တဦးက “ပုသိမ်ကြီးဘက်က ရွာတွေမှာ စစ်ရှောင်တွေ တော်တော် များများ ရောက်နေကြတယ်၊ အများစုက ခြံကျယ်ကြီးတွေထဲမှာ ပိုင်ရှင်တွေက ပေးနေတယ်၊ အချို့ကလည်း အိမ်ငှားနေကြ တယ်၊ ကျနော်တို့ ပုသိမ်ကြီးထဲမှာ အချို့ အိမ်ရှင်တွေက စစ်ရှောင်လာသူတွေဆိုရင် မငှားချင်ကြဘူး၊ တခုခုဆိုရင် အိမ်ကိုပါ ချိပ်ပိတ်ခံရနိုင်တာမို့လေ၊ ပုသိမ်ကြီးထဲမှာ အဲဒီလို ဖြစ်စဉ်တွေက ရှိထားတယ်”ဟု ပြောသည်။
ထိုသို့ အနယ်နယ်မှ မန္တလေးသို့ ခေတ္တလာရောက်ခိုလှုံသူများကို ပစ်မှတ်ထားကာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲနှင့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်(ပျူစောထီး) ပူးပေါင်းအဖွဲ့များက ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်၍ ဒဏ်ငွေရိုက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း ဒေသခံများကလည်း ဆိုသည်။
မော်လူးမြို့ဘက်မှ စစ်ဘေးရှောင်လာသူတဦးက “ရွာက အိမ်က မီးရှို့ခံလိုက်ရတဲ့အထဲ ပါသွားတာမို့ ပြန်လို့ မရတော့တာမို့ နွယ်နီဘက်မှာ မြေကွက်လေးဝယ်ပြီး အိမ် ဆောက်နေနေတာ ၆ လလောက်တော့ ရှိပြီ၊ ဒီမှာအိမ်ထောင်စုမပေါက်တော့ ဧည့်စာရင်းနဲ့နေနေတာကို ပြီးခဲ့တဲ့လတုန်းက ရယကရုံးကို ခေါ်ပြီး ဒဏ်ရိုက်လို့ ဒဏ်ငွေဆောင်ခဲ့ရတယ်”ဟု ပြောသည်။
ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်များရှိ တန်ဖိုးနည်းအကွက်ရိုက်မြေကွက်များ ကို စစ်ဘေး ရှောင်တို့ ဝယ်ယူနေထိုင်လာကြသလို ကျူးကျော်ဟုဆိုကာ ဖျက်သိမ်းခံထားရသည့် နေရာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ရာအိမ်မှူးျားက စစ်တပ်နှင့် ပူးပေါင်း၍ အကွက်ရိုက်ကာ ပြန်လည်ရောင်းစားနေခြင်းများကြောင့် အဆိုပါမြေများအား ဝယ်ယူနေထိုင် မိပါက စစ်ဘေးရှောင်လာသူများအနေဖြင့် ပို၍ ဒုက္ခရောက်နိုင်ကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
လက်ရှိတွင် ငွေကြေးမတည်ငြိမ်မှု ကြောင့် စီးပွားရေးလုပ်ငန်းများ ကျဆင်းလာရာ စစ်ရှောင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရှားပါးနေသလို အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် နေ့စဉ့် စားသောက်ရေးအတွက် အခက်အခဲများပါ ရင်ဆိုင်နေရသည့်အတွက် အဆင်မပြေဖြစ်နေကြောင်း သိရသည်။
“ရွာမှာ ကျနော့်အိမ်က စစ်ဆေးရေးဂိတ်နဲ့ ကပ်နေတာဆိုတော့ တိုက်ပွဲစဖြစ်ကတည်းက မိသားစုလိုက် ကိုယ်လွတ်ရုန်းပြီး အသက်လုပြေးခဲ့ရတာ၊ ပိုင်ဆိုင်မှုတွေ အကုန် ဒီအတိုင်း ပစ်ထားခဲ့ရတာ၊ အဝတ်အစားဆို ၃ စုံလောက်ဆီပဲ ပါခဲ့တာ၊ ဒီရောက် တော့ အပေါင်းအသင်းတွေကောင်းလို့ နေစရာက အဆင်ပြေပေမယ့် အလုပ်ရှာနေတာ အခုထိ မရသေးဘူး၊ အခုတော့ ဈေးရောင်းမလားလို့ စဉ်းစားနေတယ်” ဟု လက်ပံလှကျေးရွာမှ စစ်ဘေးရှောင်လာသူတဦးက ပြောသည်။
တိုက်ပွဲများကြောင့် မန္တလေးမြို့သို့ ရောက်နေသည့် စစ်ရှောင်ဦးရေမှာ ၁ သိန်းခွဲခန့်ထိ ရှိနိုင်ပြီး ၂၀၂၂ ခုနှစ် ကတည်းက စစ်ကိုင်းတိုင်း အတွင်းမှ စစ်ရှောင်များလည်း နေထိုင်နေကြသည်။
You may also like these stories:
မန္တလေးလုံခြုံရေး ဧရာဝတီမြစ်တွင်း စစ်သင်္ဘောဖြင့် ကင်းလှည့်
လေကြောင်းတိုက်ခိုက်မှုများကြား စဉ့်ကူးကို မန္တလေး PDF ဝိုင်းရံထား
အခိုင်အမာပြင်ထားသည့် ပျူစောထီး ထုံးကြီးစခန်း မန္တလေး PDF ရ
ဆန်တအိတ် ကျပ် ၂ သိန်းကျော်၍ မိုးကုတ်ဒေသခံတို့ အလှူရှင် မျှော်နေရ
မန္တလေးမြို့ အဝင်အထွက် တပ်ချ စစ်ဆေးနေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR