ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သို့ ဝင်ရောက်နိုင်သည့် မြို့မြောက်ဘက်ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ) ၆၈ ဌာနချုပ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့များ ယနေ့ ညနေပိုင်းတွင် အပြီး သတ် သိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။
လားရှိုး- မိုင်းယော်တိုက်နယ်လမ်းခွဲပေါ်တွင်ရှိသော ထိုတပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် MNDAA ထိုးစစ်ကို ခုခံနိုင်ခြင်း မရှိတော့ဘဲ မြို့ပေါ် ကောင်းခါးရပ်ကွက် လားရှိုးအကျဉ်းထောင်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း လားရှိုးမြို့ခံ အမျိုးသားတဦးက ဧရာ၀တီသို့ ပြောသည်။
“၆၈ တပ်က ပြီးခဲ့တဲ့ ၂ နာရီလောက်က ကျသွားပြီ။ ၆၈ တပ်နဲ့အနီးက ထောင်ကြီးနားမှာ တိုက်ပွဲတွေ အခုထိ ပြင်းထန်နေ တယ်။ တိုက်ပွဲက မြို့ပေါ်ထိ ရောက်လာပြီ“ ဟု ပြောသည်။
တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်များက လားရှိုးအကျဉ်းထောင်တွင် တပ်စုဖွဲ့ပြီး ပြန်လည်တိုက်ခိုက်နေရာ MNDAA က ကောင်းခါးရပ်ကွက်ထဲ ဝင်ရောက်၍ ဆက်လက် ထိုးစစ်ဆင်နေကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။
ခလရ ၆၈ တပ်ရင်းနှင့် လားရှိုးအကျဉ်းထောင်ကြားရှိ AD တံတားသည် နှစ်ဖက်တပ်များ ပစ်ခတ်မှုကြောင့် လက်နက်ကြီး ထိမှန်ပျက်စီးနေပြီး တံတားမှာ ကျိုးသွားခြင်းမရှိသေးကြောင်း ဆိုသည်။
ထိုတပ်ရင်းကျသွားခြင်းသည် MNDAA တပ်စုဖွဲ့မှုအားကောင်းသည့် သိန္နီနှင့် မိုင်းယော်တိုက်နယ်တို့မှတဆင့် လားရှိုးမြို့ပေါ် သို့ တပ်အင်အားများ ပြည်ထောင်စုလမ်းမကြီးတလျောက် တိုက်ရိုက် ဝင်ရောက်နိုင်ပြီ ဖြစ်သည်။

MNDAA ထိုးဖောက်ရောက်ရှိနေသော ကောင်းခါးရပ်ကွက်မှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ၂ မိုင်ခန့်သာ ကွာဝေးတော့ ပြီး ခမရ တိုင်းချုပ်သည်လည်း အနီးကပ် ခြိမ်းခြောက်ခံနေရသည့် အနေထားတွင် ရောက်ရှိသွားသည်။
မန္တလေး- လားရှိုးလမ်း မြို့အဝင်ရှိ နားမခေါ်ကားကြီးကွင်း၌ ယနေ့ နေ့လယ်ပိုင်းကစ၍ တိုက်ပွဲများပြင်းထန်နေပြီး မြို့ပေါ် အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၄၁ တပ်ရင်းဌာနချုပ်တွင်လည်း တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။
ခလရ ၄၁ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ တပ်ဆုတ်ခွာနေပြီး မြို့လယ်ခန်းမတွင် တပ်စုဖွဲ့ကာ ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း မြို့ခံနောက်တဦးက ဆိုသည်။
MNDAA ယာယီသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီတပ် ခြေမြန် တပ်ရင်း ခမရ ၅၀၇ တွင် ယနေ့ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ငြိမ်သက်လျက်ရှိသည်။
ဇူလိုင် ၂၁ ရက်တွင်လည်း လားရှိုးနယ်တဝိုက်ရှိ တပ်ရင်းတပ်မများမှ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးအပါ အဝင် စစ်ကောင်စီတပ်သား ၃၁၇ ဦး MNDAA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း MNDAA က ယနေ့ ထုတ်ပြန်ထား သည်။
ဇူလိုင် ၃ ရက်က စတင်လိုက်သော လားရှိုးထိုးစစ်တွင် MNDAA နှင့် ပူးပေါင်းတပ်များက မြို့အနီးရှိ နမ့်ပေါင် ခြေလျင်တပ် ရင်း ခလရ ၂၉၁၊ ရှန်ခိုက် အမှတ် ၁၁ စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် ကာကင်းစခန်းများဖြစ်သော မန်စံရေကျ၊ နောင်မွန်၊ မယ်ဟန်၊ လားရှိုးနည်းပညာတက္ကသိုလ်တို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်လာခဲ့ပြီး ယနေ့တွင် ခြေလျင်တပ်ရင်း ခလရ ၆၈ ကို သိမ်းပိုက်ကာ မြို့ပေါ် ရပ်ကွက်သို့ ထိုးစစ်များ ရောက်လာသည်။
You may also like these stories:
စစ်မရှောင်နိုင်သည့် ကျောက်မဲမြို့ခံတို့ စားသောက်ရေး ခက်ခဲလာ
တိုက်ပွဲပြင်းထန်လာ၍ လားရှိုးကို မြို့ခံတို့ စွန့်ခွာ
ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ
လားရှိုးမြို့ထဲ လက်နက်ကြီးကျ အရပ်သား ထပ်မံ သေဆုံး