စစ်ကောင်စီလက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ ၄ ခုက ကိုယ်စားလှယ်တွေဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ပါတယ်။ USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။
USDP ကိုယ်စားလှယ်အဖွဲ့ကို ပါတီ ဒုဥက္ကဌ ဗိုလ်ချုပ်ဟောင်း လှထွန်းက ဦးဆောင်ပါတယ်။ သူဟာ ဦးသိန်းစိန်အရပ်သားတပိုင်း အစိုးရအတုမှာ သမ္မတရုံးဝန်ကြီး လုပ်ခဲ့သူဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့မှာ လူမုန်းများတဲ့ ဘူးလက်လှဆွေနဲ့ မင်းကင်း မောင်မြင့်လည်း ပါဝင်ပါတယ်။
ဘူးလက် လှဆွေဟာ မြန်မာစစ်တပ်က ဒုဗိုလ်မှူးကြီးဟောင်းနဲ့ ဦးသိန်းစိန်အစိုးရခေတ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က စစ်ပွဲကို စေ့စပ်မရရင် ကျည်ဆံနဲ့ ဖြေရှင်းရမယ်လို့ ပြောတဲ့အတွက် ဘူးလက် ဆိုတဲ့ အမည်ရလာသူဖြစ်ပါတယ်။
မင်းကင်း မောင်မြင့်ကလည်း စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြစ်ပါတယ်။ အဲဒီ စစ်အရာရှိဟောင်းဟာ USDP ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်ပါတယ်။
တရုတ်ကို ဖိတ်ခေါ်ခံရတဲ့ အခြားပါတီတွေမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ရှေ့ဆောင်ပါတီ (AFP) နဲ့ စိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ ရှမ်းနှင့်တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (SEDP) ပါဝင်ပါတယ်။
သူတို့တွေက တရုတ်နိုင်ငံကို တပတ်ကြာခရီးကို စနေနေ့က စတင်ခဲ့တယ်။
ဘူးလက် လှဆွေနဲ့ မင်းကင်း မောင်မြင့်ဟာ မြန်မာနိုင်ငံအလယ်ပိုင်း ပျူစောထီးလက်နက်ကိုင်တွေဖွဲ့စည်းရာမှာ ပါဝင်လို့ အမည်ဆိုး ကျော်ကြားသူတွေဖြစ်ပါတယ်။

USDP နေပြည်တော်နယ်မြေ ဥက္ကဌဖြစ်တဲ့ ဘူးလက် လှဆွေဟာ စနေနေ့က တရုတ်နိုင်ငံကိုမသွားခင် မန္တလေး လေဆိပ်မှာ စောင့်ဆိုင်းနေတုန်း အကျဉ်းကျခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ ဗီဒီယိုတခုကို TikTok မှာ တင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားပြီး နိုင်ငံကို မဖျက်ဆီးနိုင်အောင် ဂဠုန် ဦးစောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို စောစောစီးစီး လုပ်ကြံသင့်တယ်လို့ အဲဒီဗီဒီယိုမှာ သူပြောတယ်။
အရင်စစ်အုပ်စုတွေခေတ်မှာ အာဏာသိမ်း ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ဖျက်မ၊ ကုလားမယား၊ ကုလားမ လို့ မကြာခဏ ဖေါ်ပြကြတယ်။ (ကုလားဟူသော ဝေါဟာရသည် မွတ်ဆလင် ဆန့်ကျင်ရေး စကားလုံးဖြစ်လာသော်လည်း တောင်အာရှနွယ်ဖွားများကို ရည်ညွန်းသော်လည်း ကိုလိုနီခေတ်အတွင်းက နိုင်ငံခြားသားများကို ယေဘုယျအားဖြင့် ဆိုလိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယတွင် ကြီးပြင်းခဲ့သည်။)
စစ်အာဏာသိမ်းပြီးနောက်မှာ လှဆွေဟာ နေပြည်တော် USDP အကြီးအကဲ ဖြစ်လာတယ်။ နောက်တော့ သူဟာ သူ့ရဲ့ မဲဆန္ဒနယ်ဟောင်း မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးတပ်တွေ ဖွဲ့စည်း လက်နက်တပ်ဆင်ပေးရာမှာ ဦးဆောင်ခဲ့တယ်။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကို အောင်သူရဇော်တို့ကို စစ်ကောင်စီက ကွပ်မျက်တာကို ရန်ကုန်မြို့တော်ခန်းမ ပြင်ပမှာ ထောက်ခံပွဲကိုလည်း လှဆွေက စီစဉ်ကျင်းပပါတယ်။ အဲဒီပွဲကို စစ်ကောင်စီက လုံခြုံရေး စီစဉ်ပေးပါတယ်။
စစ်ကောင်စီတပ်သားတွေ အသတ်ခံရလို့ သေဒဏ်ကျနေတဲ့ စစ်ကောင်စီဆန့်ကျင်ရေးသမားတယောက်ကို ကွက်မျက်ရင် စစ်ကောင်စီ စစ်သားတွေ ထပ်သေမှာ မဟုတ်ဘူးလို့ သူက လူမှုကွန်ရက်မှာ မကြာသေးမီကရေးခဲ့ပါတယ်။

မောင်မြင့်ရဲ့ ဇာတိ မင်းကင်းမြို့နယ်ဟာ ပျူစောထီး အမာခံဒေသဖြစ်ပါတယ်။ အဲဒီဒေသက စစ်ပွဲတွေမှာ ပျူစောထီးတွေကို တပ်ကူတွေပို့ပေးပြီး ပစ်အားကောင်းအောင်လုပ်ပေးတဲ့ မောင်မြင့်က လုပ်ပေးတဲ့အတွက် မင်းကင်းမှာ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ မင်းကင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရပြီး ထောင်နှစ်ရှည် ချခံရပါတယ်။
အဲဒီပါတီ ၄ ခုက ကိုယ်စားလှယ်တွေဟာ ယူနန်နဲ့ ချင်းဟိုင် ပြည်နယ်တွေကို သွားရောက်ပြီး တရုတ် ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်၊ ရပ်ဝန်းနဲ့ ပိုးလမ်းအစီအစဉ်တွေအကြောင်း တရုတ်ကျွမ်းကျင်သူတွေနဲ့ အမြင်ဖလှယ်မယ်လို့ သိရပါတယ်။။
ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင်နဲ့ စိုင်းအိုက်ပေါင်းတို့ဟာ စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲအတွက် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားသူတွေ ဖြစ်ပါတယ်။ NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ကတော့ မှတ်ပုံတင်ဖို့ ငြင်းဆန်ပြီးနောက် စစ်ကောင်စီက ဖျက်သိမ်းတာကို ခံရပါတယ်။
အဲဒီပါတီ ၄ ခုဟာ စစ်ကောင်စီက စီစဉ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာလည်း ပါဝင်ပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောပြီးရက်သတ္တပတ်အတန်ကြာတဲ့အခါ တပါတီနိုင်ငံ တရုတ်က အဲဒီပါတီ ၄ ခုကို ချစ်ကြည်ရေး ခရီး ဖိတ်ခေါ်တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတုန်းက USDP နဲ့ AFP ပါတီတို့သာ နေရာအနည်းငယ် အနိုင်ရပြီး အဲဒီတုန်းက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကတော့ ရှမ်းပြည်နယ်မှာ နေရာအနည်းငယ် အနိုင်ရပေမယ့် ပြည်သူ့ပါတီကတော့ တနေရာမှ အနိုင်မရပါဘူး။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Maung Kavi ၏ Myanmar Delegation Including Hardline Pro-Junta Politicians Visits China ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်
မြန်မာ့ “ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ” တည်ဆောက်ရေး တရုတ်နည်း တရုတ်ဟန်
မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်
မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR