လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)နှင့်တပ်ရင်းဌာနချုပ်များအား သိမ်းပိုက်ပြီးနောက် လေယာဉ် ကွင်းအနီးရှိ စခန်းကုန်းအချို့ ဆက်လက်ချေမှုန်းနေကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ ကျနော်တို့ MNDAA တပ်ဖွဲ့က လားရှိုးမြို့ကိုသိမ်းလိုက်ပြီ ခင်ဗျ။ အခုလောလောဆယ် မြို့ထဲမှာတော့ တိုက်ပွဲ မရှိတော့ဘူး။ ဒါပေမယ့် လေယာဉ်ကွင်းဘေးနားမှာတော့ တခု၊နှစ်ခုလေးတော့ရှိသေးတယ်၊ မကျသေးတဲ့တပ်စခန်းကုန်း မကြာခင် တရက် နှစ်ရက်တော့ အကုန်လုံး သိမ်းတော့မှာ” ဟု ပြောသည်။
ယနေ့နံနက်တွင် ရမခ တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်ပြီးနောက် လားရှိုးမြို့အုပ်ချုပ်ရေးအား လွှဲပြောင်း ရယူလိုက်ပြီ ဖြစ်ကြောင်းနှင့် ကိုးကန့်အထူးဒေသရဲတပ်ဖွဲ့က လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ဒေသခံများ၏ အသက်အိုးအိမ် စည်းစိမ်အား ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း MNDAA က ထပ်မံ ကြေညာသည်။
လားရှိုးမြို့အား ၂၃ ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့နံနက် ၄ နာရီတွင် ရမခတိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်နိုင် ခဲ့ခြင်း ဖြစ်ပြီး လားရှိုးမြို့လွတ်မြောက်ပြီဖြစ်ကြောင်းနှင့် သမိုင်းဝင်အောင်ပွဲတခုဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် လားရှိုးမြို့ရှိအဓိက တပ်ရင်းစခန်းများဖြစ်သော ခြေလျင်တပ်ရင်း ခလ၇-၄၁ ၊ ခလရ-၆၈ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၀၇ တပ်ရင်းအပါအဝင် တပ်စခန်းအားလုံးအား သိမ်းပိုက်ထားပြီဖြစ်ကြောင်းလည်း MNDAA သတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် လားရှိုးမြို့ စစ်ဘက်ဆိုင်ရာထိန်းချုပ်ရေးကော်မရှင်ဖွဲ့စည်းထားပြီး သတင်းအမှားများ၊ ကောလာဟလ သတင်းများကြောင့် ပြည်သူများ အထိတ်တလန့်မဖြစ်စေရန်နှင့် သိရှိလိုသည်များ လားရှိုးလုံခြုံရေးရဲဌာနထံ ဆက်သွယ် မေးမြန်းနိုင်ကြောင်းလည်း ပြောသည်။

လားရှိုးအကျဉ်းထောင်ကို လတ်တလော သိမ်းပိုက်ထားပြီဖြစ်သော်လည်း အဓိကကျသည့် လုပ်ငန်းစဉ်များအား ဆက် လက် လုပ်ဆောင်ဆဲဖြစ်ကြောင်းနှင့် စစ်တပ်စခန်းများ သိမ်းပိုက်ရာတွင် ကယ်ထုတ်နိုင်ခဲ့သည့် တော်လှန်ရေး တပ်ဖွဲ့ဝင် များ၊ နိုင်ငံရေးသမားများရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ထံသို့ လွှဲပြောင်းပေးအပ်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
လားရှိုးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဆရာဝန်းများနှင်သူနာပြုမှာ တာဝန်များဆက်လက်ထမ်း ဆောင်ရန် လိုအပ်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် လားရှိုးစစ်ဘက်ဆိုင်ရာထိန်းချုပ်ရေးကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း MNDAA ပြောထားသည်။
ထို့ပြင် တပ်ဖွဲ့ဝင်များအနေဖြင့်လည်း ချမှတ်ထားသည့် တားမြစ်ချက်များအား လိုက်ရမည်ဖြစ်ပြီး ပြည်သူ့အကျိုးစီးပွား ထိပါးမှုရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ဥပဒေနှင့် စည်းကမ်း ချိုးဖောက်မှုများရှိပါက ရဲရဲဝံ့ဝံ့သတင်းပို့တိုင်ကြားရန်လည်း MNDAA က တိုက်တွန်းထားသည်။
ကိုးကန့်ရဲတပ်ဖွဲ့အနေဖြင့် လားရှိုးမြို့အတွင်း ကျားဖြန့်(ခ)ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းနှင့် တရားမဝင် လုပ်ငန်း များအား ပြင်းထန်စွာ နှိမ်နင်းမည်ဖြစ်သည့်အပြင် တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် နေအိမ်များပြန်လည်ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ရေးများအတွက် ထောက်ပံ့မှုများပေးသွားမည်ဖြစ်ကြောင်းလည်း MNDAA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လားရှိုးမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး MNDAA နှင့်အတူ တိုက်ပွဲဝင်နေသည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း “ လက်ကျန်နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိကကျန်ပါတယ်” ဟု လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးပြောဆိုထားသည်။
MNDAA က လားရှိးမြို့အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားသည်ဆိုသောသတင်းမှာ မဟုတ်မှန်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာများအား ယနေ့တွင် ပြောဆိုထားသည်။
လားရှိုးလေဆိပ်နှင့် မြို့လယ်အဝိုင်းပတ်အနီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ရမခတိုင်း ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်များက လမ်းတလျှောက် တပ်ဖြန့်နေရာယူထားကြောင်း တိုင်းရုံးအနီး နေထိုင်သည့် မြို့ခံတဦးက ယနေ့ ညနေ ၄ နာရီတွင် ဧရာ၀တီသို့ ဆိုသည်။
၎င်းက “ ရမခ တိုင်းက မကျသေးပါဘူး။ တိုင်းနဲ့ ပတ်ဝန်းကျင်က ရပ်ကွက်တွေမှာ စစ်ကောင်စီဘက်က ၆ ယောက်တစုတွေနဲ့ အသင့်နေရာယူထားကြတယ်။ တိုင်းထဲကနေ လက်နက်ကြီးတွေတော့ ပစ်နေသေးတယ်။ နောက် ၂ ရက်လောက်ဆို သူတို့လည်း မတောင့်ခံနိုင်လောက်တော့ဘူး၊ တိုင်းကို သိမ်းနိုင်လောက်ပြီ “ဟု ပြောသည်။
မြို့ပေါ်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုနှင့် ဖမ်းဆီးခံရမှုအများအပြားရှိနေပြီး မြို့ပေါ် အခြေနေများ ရှုပ်ထွေးနေသေးကြောင်း အထက်ပါ မြို့ခံက ဆိုသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အတွင်း ထောက်ပံ့တပ်ရင်း၊ ပို့ဆောင်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အမြောက်တပ်ရင်း၊ ယာဉ်သိုလှောင်ရေးတပ်ရင်းနှင့် သံချပ်ကာ တပ်ရင်းများရှိပြီး ထိုတပ်ရင်းများလည်း ရမခအတွင်း တပ်စုဖွဲ့နေကြောင်း သိရသည်။
ယနေ့နံနက် အစောပိုင်း မြို့ပေါ် ရပ်ကွက်အများစုတွင် ပစ်ခတ်မှုများ လက်ဆက်ဖြစ်ပွားနေကြောင်း၊ မြို့ပေါ်မှ စွန့်ခွာတိမ်းရှောင်မည့် စစ်ရှောင်များပိတ်မိနေကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဒေသခံများမျှဝေနေကြသည်။
MNDAA ၏ ယနေ့ နံနက်ကြေညာချက်တွင် လားရှိုးမြို့ လုံး၀ လွတ်မြောက်သွားကြောင်း ပါရှိသော်လည်း မြေပြင် အခြေနေများမှာ ရှုပ်ထွေးနေသေးပြီး စစ်ရေးတင်းမာနေဆဲသာဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်သည် လက်နက်ချ အလင်းဝင်သွားဖွယ်သာရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ဆိုသည်။
မိုင်းခြိူဝ်းဇာရ် (ဧရာ၀တီ ) ပူးပေါင်းရေးသားသည်။
You may also like these stories:
မိုးကုတ်ကို TNLA ပူးပေါင်းတပ် သိမ်းပိုက်
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်
လားရှိုးဝင်ပေါက် ခလရ ၆၈ ကို MNDAA သိမ်း
တိုက်ပွဲပြင်းထန်နေချိန် လားရှိုး စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ
ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR