ယခုရက်ပိုင်း ရခိုင်ပြည်နယ်အတွင်း မိုးကြီးနေရာ သံတွဲမြို့နှင့် မိုင် ၂၀ခန့် အကွာရှိ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းရှိ ရေလွှဲတာဝန်ကျ ဝန်ထမ်းများ မရှိတော့သဖြင့် ဆည်ကျိုးမည်ကို အောက်ဘက်ရှိ ရွာများမှ ဒေသခံများ စိုးရိမ်နေသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေကြောင်း ရခိုင် ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသလို သံတွဲနှင့် တောင်ကုတ်ဒေသများတွင် လက်ရှိရေကြီးမှုများ ဖြစ်နေသည်။
သူဌေးချောင်းဆည် အောက်ဘက်တွင် ချင်းကွင်း၊ ဘုရားမော်၊ ဆူးပုပ်ကုန်း၊ မန်ကျည်းချောင်၊ ရွှေလှေ၊ လင်းသီ၊ ကျောင်းကုန်း၊ အုန်းမော်၊ မြင်စိုင်းမော်၊ ဇီးကျွန်း၊ အောက်နတ်မော်၊ ပြင်ယောင်း၊ တလိုင်းတဲ၊ သပြုချိုင်၊ နတ်မော်၊ အင်တိုင်းကြီးစသည့် ရွာများတည်ရှိပြီး ရွာခံတချို့ အစောပိုင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လက်ရှိ တခြားသောအရပ်သို့ ရှောင်တိမ်းနေရသလို၊ နောက်ပိုင်း တိုက်ပွဲအေးသွားချိန်တွင် အခြားဒေသမှ လာရောက်စစ်ရှောင်သူများလည်း ရှိသဖြင့် လက်ရှိတွင် စစ်ရှောင်ပြည်သူ သောင်းချီနေထိုင်လျှက်ရှိသည်။
တခြားသို့ စစ်ရှောင်နေရသည့် လင်းသီရွာခံ အမျိုးသမီးတဦးက “ရေအားလျှပ်စစ်မှာ ရေလွှဲပေးမယ့် ဝန်ထမ်းမရှိတော့ ဘူးဆိုတော့ ဒီမိုးနဲ့ ဆည်ပြိုကျမှာကို လူတွေ စိတ်ပူနေကြတယ်၊ ရွာမှာမိသားစုတွေကျန်နေတော့ စိတ်ပူနေတယ်၊ ဒီနေ့ခင်း အိမ်နဲ့ဖုန်းရတော့ ရေမကြီး သေးဘူးလို့တော့ ပြောတယ်”ဟု ပြောသည်။
သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်အတွင်းရှိ သူဌေးချောင်း (သဒေး)ရေအားလျှပ်စစ်မှ ဝန်ထမ်းများသည် အာရက္ခ တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများစတင်ခဲ့သည့် ဧပြီလကတည်းက စီမံကိန်း အတွင်းမှ ထွက်ပြေး သွားကြခြင်းဖြစ်သည်။
“အောက်ကရွာတွေမှာ ကျမ အမေနဲ့ အစ်မမိသားစု အပါအဝင် စစ်ရှောင်နေကြရတဲ့လူတွေ အများကြီးပဲရှိတယ်၊ အခုရေအားလျှပ်စစ်က ရေအားမလွှဲပေးရင် ရေဘယ်နှစ်ပေ တက်မယ်ဆိုတာ မခန့်မှန်းတတ်ဘူး၊ ရွာသားတွေ နေရာရွှေ့ရင်လည်း ရနိုင်တယ်၊ အမြန်ကယ်ပေးကြပါ”ဟု သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ကျေးရွာမှ ကျိန္တလီမြို့နယ်သို့ စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးကြီးတဦးက ပြောသည်။

အဆိုပါ ကျေးရွာများတွင် တယ်လီဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီးများ ပြတ်တောက်နေ သည်မှာ ၂လကျော်ကြာခဲ့ပြီဖြစ်ပြီး၊ ဖုန်းလိုင်းမိနိုင်သည့် နေရာသို့ သွားရောက်ကာ အဝေးရောက် မိသားစုဝင်များထံ ဆက်သွယ်နေကြရသည်။
သူဌေးချောင်းပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်း ကျောက်ဖြည့်ရေလှောင်တမံဖြစ်ပြီး ရေသိုလှောင်နိုင်သည့် ပမာဏမှာ ကန်ရေပြည်ဆိုလျှင် ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်ပြီး တနှစ် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ ၃၈၆သန်း ထုတ်နိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်သည်။
ရေအားလျှပ်စစ်ဝန်ထမ်းများနှင့် နီးစပ်သည့် သံတွဲဒေသခံတဦးက အဆိုပါရေပိုလွှဲလုပ်ငန်းကို အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား ၆ဦးခန့်က စောင့်ကြည့်ကာ ရေသွင်း၊ ရေထုတ်၊ ရေလွှဲခြင်းများ လုပ်ပေးခဲ့ကြောင်း၊ ယခုရေကြီးချိန်၊ ချောင်းရေများ အရှိန်အဟုန်ဖြင့် ဆင်းနေပါက လုပ်သင့်သည်ကို လုပ်ပေးရန်လိုအပ်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် ပုရစ်နှင့်ရေကောက် ကျေးရွာများ နေရာရွှေ့ပြောင်းပေးခဲ့ရသလို ၂၀၀၄ ခုနှစ်ဝန်းကျင် စစ်အစိုးရလက်ထက် စမ်းသပ်သိုလှောင်ထားသည့် ရေကာတာပွင့်ကျ၍ မတ်လအတွင်း စီမံကိန်းအောက်ဘက် ကျေးရွာများ ရေလွှမ်းမိုးခဲ့ဖူးကြောင်း၊ အိမ်များ၊ ဈေးဆိုင်များ အလုံးလိုက်ကျွတ်ကာ ရေမျောခဲ့ဖူးကြောင်း ရွှေလှေတိုက်နယ်၊ ကျောင်းကုန်း ကျေးရွာဒေသခံတဦးက ပြောသည်။
“အခုဆို ရေလှောင်ထားတာလည်းအများကြီး၊ ရေလွှဲပေါက်က ဖွင့်ထုတ်ပေးမယ့်သူသာမရှိရင် အကုန်သေမယ်”ဟု သူက ဆိုသည်။
သူဌေးချောင်းသည် ရခိုင်ရိုးမတောင်စွယ် ၄၁၄၇ ပေရှိ ပန်းတောင်းတောင်ထိပ်မှ မြစ်ဖျားခံပြီး အံတော်တောင်ကြေ တလျှောက် တောင်မှ အနောက်မြောက်သို့ မိုင် ၆၀ခန့် စီးဆင်းကာ နတ်မော်ရွာအနီး ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။
You may also like these stories:
စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ
စစ်ရေးပြင်းထန်နေသော သံတွဲနှင့် တောင်ကုတ်မြို့ ရေကြီးနေ
ဂွသို့ ဆုတ်ခွာနေသည့် စစ်တပ် ချင်းကွင်းတံတားကို မိုင်းခွဲ