စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် လွန်ခဲ့သော အပတ်က ယူနန်ပြည်နယ်သို့ သွားရောက်စဉ် ကချင်ပြည်နယ်မှ အငြင်းပွားဖွယ် မြစ်ဆုံရေအားလျှပ်စစ်ဆည်ကို တည်ဆောက်မည့် နိုင်ငံတော်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း ယူနန် နိုင်ငံတကာ ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် (SPICYN) သို့ သွားရောက်သည်။ သူ၏ ခရီးအတွင်း (SPICYN) ဥက္ကဌနှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများ ဖေါ်ပြသည်။
ဧရာဝတီမြစ်ကြောင်းတလျှောက် ရေအားလျှပ်စစ်စီမံကိန်းများကို အကဲဖြတ်ရန် အဖွဲ့တဖွဲ့ကို စစ်ကောင်စီက ဧပြီလတွင် ဖွဲ့စည်းပြီးနောက် ထိုသို့တွေ့ဆုံခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အဆိုအရ ထိုအဖွဲ့သည် ဧရာဝတီမြစ် စီမံကိန်းများအတွက် SPICYN နှင့်အတူ နည်းပညာအရ ဖြေရှင်းမှုများ ရှာဖွေပြီး လူထုတုံ့ပြန်မှုများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူလူထု ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တခုကျော်ကြာ ဆိုင်းငံ့ထားသည့် မြန်မာနိုင်ငံမြောက်ပိုင်း ဧရာဝတီမြစ်ရင်းမြစ်မှ တရုတ်ကျောထောက်နောက်ခံပြု လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကို ပြန်လည်အသက်သွင်းရန် စစ်ကောင်စီကြံစည်နေသည်ဆိုသည့် စိုးရိမ်မှုများကြီးထွားနေစဉ် ထိုအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော်နှင့် မဟာမိတ်အဖွဲ့များသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ဧရာဝတီမြစ်ကူးတံတားတခုဖြင့် ချိတ်ဆက်ထားသည့် ဝိုင်းမော်မြို့အနီးသို့ ချီတက်လာစဉ်တွင် ထိုသို့ လုပ်ကိုင်ခြင်းဖြစ်သည်။
မြစ်ကြီးနားမှ ၃၂ ကီလိုမီတာသာဝေးသည့် နေရာတွင်တည်ရှိသည့် အမေရိကန် ဒေါ်လာ ၇.၂ ဘီလီယံတန်ပြီး မဂ္ဂါဝပ် ၂၀၀၀၀ ထုတ်လုပ်မည် ထိုစီမံကိန်းကို ဦးသန်းရွှေဦးဆောင်သည့် ယခင်စစ်အုပ်စုခေတ် ၂၀၀၉ ခုနှစ်က စတင်လုပ်ကိုင်ခြင်းဖြစ်သည်။
ထိုဆည်ကို ကျယ်ပြန့်သည့် လူထုဆန့်ကျင်မှုကြောင့် ထိုစဉ်က သမ္မတ ဦးသိန်းစိန် အစိုးရခေတ် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် အစိုးရအမိန့်ဖြင့် ထိုစီမံကိန်းကို ဆိုင်းငံ့ထားသည်။
စိုးရိမ်ပူပန်မှုများနှင့် သံသယအမျိုးမျိုးက ဆန္ဒပြပွဲများကို ဖြစ်ပေါ်စေသည်။ ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အားအများစုကို တရုတ်သို့တင်ပို့မည်၊ ငလျင်ကြော အနီးတွင်တည်ရှိသော ဆည်၏ တည်နေရာသည် ငလျင်လှုပ်သောအခါ ရေလွှမ်းမိုးမှု အန္တရာယ်ဖြစ်စေနိုင်သည်၊ ထိုဆည်သည် ဧရာဝတီမြစ် စီးဆင်းမှု၊ ဇီဝမျိုးစုံမျိုးကွဲစုံလင်မှုနှင့် မြစ်အောက်ပိုင်းမှ အသက်မွေးဝမ်းကြောင်းများကို ခြိမ်းခြောက်မှုဖြစ်စေမည်၊ စီမံကိန်းကို တရုတ်သို့လုပ်ပိုင်ခွင့်မပေးမီ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှု ကင်းမဲ့သည် စသည့် စိုးရိမ်ပူပန်မှုနှင့် သံသယများဖြစ်သည်။
စစ်ကောင်စီသည် ကချင်ပြည်နယ်မှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ ညှိနှိုင်းတိုက်ခိုက်မှုကို တရုတ်က ကြားဝင်ဟန့်တားပေးမည် ဆိုသည့် မျှော်လင့်ချက်ဖြင့် ထိုစီမံကိန်းကို ပြန်လည်စတင်ရန် တောင်းဆိုမှုကို လိုက်လျှောရသည်ဟု နိုင်ငံရေးလေ့လာသူများ ယူဆသည်။
ထိုစီမံကိန်းကို မဆိုင်းငံ့မီက SPICYN သည် မလိမြစ်၊ အမိုင်မြစ်နှင့် ဧရာဝတီမြစ်များတွင် စုစုပေါင်း မဂ္ဂါဝပ် ၂၀၀၀၀ ထုတ်လုပ်မည့် အကြီးစားဆည် ၇ ခု စီစဉ်ထားသည်။ ထိုဆည် ၇ ခုတွင် မြစ်ဆုံဆည်သည် အကြီးမားဆုံးဖြစ်သည်။ SPICYN သည် အမိုင်မြစ်တွင် ၉၉ မဂ္ဂါဝပ်စွမ်းရည်ရှိ ချီဖွေငယ် ဆည်ကိုလည်း တည်ဆောက်နေသည်။
ဦးသန်းဆွေသည် ကူမင်းတွင် ဇူလိုင် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသည် ၈ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၈ ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်သွင်းကုန်ပြပွဲ တက်ရောက်စဉ် SPICYN သို့ သွားရောက်ခြင်းဖြစ်သည်။
SPUCYN ဥက္ကဌ ဝူကျီးချွင်က ၎င်းတို့ကော်ပိုရေးရှင်း၏ လက်ရှိစီမံကိန်းများသည် မြန်မာနိုင်ငံလျှပ်စစ် ကဏ္ဍတိုးတက်ရေးအတွက် အစိတ်အပိုင်းများဖြစ်ကြောင်း တင်ပြသည်ဟု စစ်ကောင်စီမီဒီယာက ဖေါ်ပြသည်။
ဦးသန်းဆွေသည် ယူနန်တွင် ရှိစဉ် ၁၄ ကြိမ်မြောက် တရုတ်အမျိုးသားကွန်ဂရက် အမြဲတမ်းကော်မတီ ဒုဥက္ကဌ တင်းကျုံ့လီ နှင့်လည်း တွေ့ဆုံသည်။ ၎င်းတို့သည် အပြန်အလှန်အကျိုးရှိသည့် စီမံကိန်းများ လျင်မြန်စွာ အကောင်အထည်ဖေါ်ရန် ဆွေးနွေးသည်ဟု စစ်ကောင်စီမီဒီယာဖေါ်ပြသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ပြဿနာတခု ဖြစ်လာပြီး မြန်မာမှ လူတန်းစားအလွှာအသီးသီးနှင့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်သည်။ လွန်ခဲ့သောနှစ် သြဂုတ်လက ဝန်ကြီးအဖွဲ့အစည်းအဝေးတခုတွင် မင်းအောင်လှိုင်က ထိုစဉ်က ထုတ်လုပ်မှုသည် ပြည်တွင်းဝယ်လိုအား၏ ထက်ဝက်ကိုပင် မပြည်မီကြောင်း ဝန်ခံခဲ့သည်။
ဆိုင်းငံ့ထားသည့် မြစ်ဆုံဆည်ကဲ့သို့သော လျှပ်စစ်ဓာတ်အား စီမံကိန်းကြီးများကို အကောင်အထည် ဖေါ်ခဲ့ပါက နိုင်ငံသည် ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ရမည်မဟုတ်ကြောင်း ထိုအစည်းအဝေးတွင် သူပြောသည်။ သူ၏ စကားကြောင့် ထိုစီမံကိန်း ပြန်လည်စတင်ရန် ဖြစ်နိုင်ခြေအတွက် ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများဖြစ်စေသည်။
အာဏာသိမ်းပြီးနောက်တွင်ပင် မြစ်ကြီးနားနှင့် ချီပွေ ဒေသခံများသည် ဧရာဝတီမြစ်မှ ထိုစီမံကိန်းကို ဆက်လက်ဆန့်ကျင်ကန့်ကွက်ပြီး SPICYN ကို မြန်မာမှ အပြီးတိုင်ထွက်ခွာသွားရန် တောင်းဆိုကြသည်။
You may also like these stories:
ပြည်တွင်း၌ စက်သုံးဆီပြတ်နေ ပြန်
မြန်မာ့ကုန်သွယ်ရေးအခြေအနေ အတော့်ကို ဆိုးရွားလာ
ဆုံးရှုံးသွားသည့် နယ်စပ်ကုန်သွယ်ရေး ရေလမ်းဖြင့် အစားထိုး
စစ်အာဏာသိမ်းမှုအောက် ရန်ကုန်မြို့ကြီးသားဖြစ်ရတဲ့ ဒုက္ခ
မြန်မာ ဖရိုဖရဲအခြေအနေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်း