ငွေကြေးဖောင်းပွမှု အလွန်မြင့်မားနေသော်လည်း လက်ရှိနှင့် အငြိမ်းစားဝန်ထမ်းများ အားလုံးကို သြဂုတ်လမှစတင်ပြီး လစဉ်ထပ်တိုးခွင့်ပြုငွေ ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာလိုက်သောကြောင့် ပြည်သူလူထုကဏ္ဍ အများအပြားထံမှ ပြင်းထန်သော ဝေဖန်မှုများဖြစ်စေသည်။
စစ်ကောင်စီသည် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကို အလေးထားပြီး အစိုးရဝန်ထမ်းများသည် အရေးပါသောအခန်းမှ ပါဝင်သောကြောင့် အစိုးရဝန်ထမ်းများသည် ထပ်ဆောင်းငွေ ၃ သောင်းကျပ် ရရှိမည်ဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြေညာသည်။
အငြိမ်းစား အစိုးရဝန်ထမ်းများသည်လည်း ထိုခွင့်ပြုငွေ ၃ သောင်းကျပ် ရမည်ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက အစိုးရဝန်ထမ်းများ၏ လစာနှင့်ခွင့်ပြုငွေ နှစ်ကြိမ်တိုးပေးခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းသည် အကျပ်အတည်းဖြစ်နေသော စစ်ကောင်စီက အရပ်သားများအပေါ် အုပ်ချုပ်ရေး ခိုင်မာစေရန် ရည်ရွယ်သည်ဟု ဝေဖန်သူများက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကောင်စီ အစိုးရဝန်ထမ်းများ၏ လစာကို တလလျှင် ၃ သောင်းကျပ် တိုးပေးခဲ့သည်။
ဇူလိုင်လကုန်တွင် မြန်မာကျပ်ငွေသည် စံချိန်တင် တန်ဖိုးကျဆင်းပြီး ပြင်ပဈေးကွက်တွင် တဒေါ်လာလျှင် ကျပ် ၅၀၀၀ ကျော်အထိ ရောင်းဝယ်ကြသောကြောင့် ဗဟိုဘဏ်သတ်မှတ်ဈေး၏ နှစ်ဆကျော်လာသည်။
လူဦးရေ ၅၅ သန်းရှိပြီး ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၄၉ ဒသမ ၇ ရာခိုင်နှုန်းသို့ ခုန်တက်သွားကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ဖော်ပြသည်။
ငွေကြေးတန်ဖိုး ထိုးစိုက်ဆင်းခြင်းကြောင့် လောင်စာဆီနှင့် မြေသြဇာဈေးနှုန်းများ ၇၀ ရာခိုင်နှုန်း တက်လာသည်။
ငွေကြေးဖောင်းပွမှု အလွန်မြင့်မားနေစဉ် နောက်ထပ် ထပ်ဆောင်း ငွေပေးခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း အများအပြားက ပြောသည်။ ထိုလုပ်ရပ်သည် နေ့စဉ် အခြေခံကုန်စည်များ ဈေးနှုန်းများ တက်သွားမည်ကိုလည်း ၎င်းတို့ စိုးရိမ်ကြသည်။
သူ၏မိသားစုသည် စီးပွားရေးအကျပ်အတည်းများကြောင့် ရုန်းကန်နေရကြောင်း စီးပွားရေးမြို့တော် ရန်ကုန်ရှိ တာမွေမြို့နယ်မှ အသက် ၅၀ အရွယ် အိမ်ရှင်မ ဒေါ်ယုက ပြောသည်။
“ကျမတို့ လစဉ်ဝင်ငွေက အရမ်းနည်းပြီး နေ့စဉ် ကုန်ပစ္စည်းနဲ့ စားသုံးကုန်ဈေးတွေ အခုကို မြင့်မားလွန်းလို့ မိသားစုကို ကောင်းကောင်း ထိန်းသိမ်းထားဖို့ မလုံလောက်ဘူး” ဟု UCA သို့ ဒေါ်ယုက ပြောသည်။
လက်ရှိ ဖြစ်ပွားနေသည့် ကုန်ဈေးနှုန်းကြောင့် မီးဖိုချောင်သုံး ဓာတ်ငွေ့ (ဂက်စ်) ဈေးနှုန်းများ နှစ်ဆ တက်သွားပြီး လျှပ်စစ်ဓာတ်အားခနှုန်း သြဂုတ်လတွင် နှစ်ဆတိုးမည်ဖြစ်ကြောင်း အစိုးရက ကြေညာသည်။
“အဲဒီအပြင် အသက် ၈၀ အရွယ် ကျမအမေအတွက် ဆေးဝါးကုန်ကျစရိတ်က အရင်နှစ်ကထက် နှစ်ဆနီးပါး ဖြစ်လာပြီ။ လစာတိုးပေးမယ့်အစား အစိုးရက အခြေခံကုန်ပစ္စည်းဈေးနှုန်းကို ထိန်းချုပ်ဖို့ လုပ်သင့်တယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် နောက်ထပ် ငွေစက္ကူများ ရိုက်ထုတ်ရန် စီစဉ်နေကြောင်း မီဒီယာသတင်းများက ဖော်ပြသောကြောင့် ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်ပြီး အများပြည်သူ စိုးရိမ်မှုများဖြစ်စေသည်။
“လစာတိုးပေးတယ်လို့ ကျနော် မပြောချင်ဘူး။ သူတို့ ငွေစက္ကူတွေရိုက်ထုတ်ရင် ဈေးနှုန်းတွေ မိုးထိအောင်တက်မယ်။ ငွေက တန်ဖိုးမရှိတော့ဘူး” ဟု ရန်ကုန်မှ အမည်မဖော်လိုသည့် စီးပွားရေးသမားတဦးက ပြောသည်။
ဝန်ထမ်းနှင့် အငြိမ်းစားအစိုးရဝန်ထမ်း ၁ သန်းခန့်သည် ထိုလစာတိုးခွင့်ပြုငွေမှ အကျိုးခံစားရမည်ဟု ခန့်မှန်းသည်။ သို့သော် စီးပွားရေး အခက်အခဲသည် လူ သန်း ၅၀ ကျော်ကို ထိခိုက်စေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
“လိုငွေကို ကာမိဖို့ ငွေစက္ကူရိုက်နှိပ်တာ အလုပ်မဖြစ်ဘူး။ ဒါကြောင့် ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းမြင့်တာတွေ ဆက်လက်ဖြစ်မယ်” ဟု အဆိုပါ စီးပွားရေးသမားက ပြောသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ စစ်ကောင်စီသည် ထိုနောက်ထပ်ခွင့်ပြုငွေပေးရန် သြဂုတ်လမှ စတင်ပြီး လစဉ် ကျပ်ငွေ ၄၅၀ ဘီလီယံ သုံးစွဲရမည်ဟု သိရသည်။
သို့သော် ငွေကြေးဖောင်းပွမှု လွန်စွာမြင့်မားသောကြောင့် လစာနှင့်ခွင့်ပြုငွေ တိုးပေးခြင်းသည် မလုံလောက်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ်မှ အစိုးရကျောင်းအုပ်ဆရာတဦးက ပြောသည်။
“လွန်ခဲ့တဲ့နှစ်က ခွင့်ပြုငွေ ၃ သောင်းက မထိရောက်ဘူး။ လစာတိုးတာထက် ငွေကြေးဖောင်းပွမှု ပြဿနာကို သေနင်္ဂဗျူဟာကျကျ ဖြေရှင်းဖို့လိုလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ချသည်။
စစ်ကောင်စီသည် လွန်ခဲ့သော သုံးနှစ်အတွင်း ငွေစက္ကူ ကျပ် ၃၀ ထရီလီယံကျော် ရိုက်နှိပ်သော်လည်း စီးပွားရေး အခြေအနေ တိုးတက်အောင် မလုပ်နိုင်ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
လစာတိုးခြင်းသည် လူအချို့၏ ဘဝများအတွက် ကောင်းသောရိုက်ခတ်မှု ရှိနိုင်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် အလုပ်မှ ဆိုင်းငံ့ခံရသူ အသက် ၃၅ နှစ်အရွယ် မခင်မာချိုက ပြောသည်။
“ပြည်သူတွေက ရေကြီးတာ၊ ကုန်ဈေးနှုန်းတက်တာနဲ့ ပြည်တွင်းစစ် အပါအဝင် စိန်ခေါ်မှု အများအပြားကို ရင်ဆိုင်နေရတယ်” ဟု ယခုအခါ ထိုင်း-မြန်မာနယ်စပ် မြို့တမြို့တွင် နေထိုင်သည့် မခင်မာချိုက UCA သို့ ပြောသည်။
အထက်ပါ ကြေညာချက်ကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းသည်။
ထိုကြေညာချက်ကြောင့် လောင်စာဆီဆိုင်များတွင် လောင်စာပြတ်တောက်ကုန်ကြောင်း ရန်ကုန်မှ တက္ကစီသမားတဦးက ပြောသည်။
“မနေ့ညက ကျနော့် တက္ကစီကို (လောင်စာ) ဆီဆိုင်မှာ ဖြည့်ခဲ့တယ်။ ဒီနေ့မနက် ဆီဆိုင်မှာ ကားတွေအများကြီး တန်းစီနေတယ်။ ဒါပေမယ့် အဲဒီဆိုင်က လောင်စာဆီကို အကန့်အသတ်နဲ့ပဲ ရောင်းတယ်။ လောင်စာဆီဆိုင်တွေ အများအပြား ပိတ်ထားလို့ လိုသလောက် ဝယ်လို့မရတော့ဘူး” ဟု UCA သို့ ၎င်းကပြောသည်။
ကိုးကား ။ ။ UCA သတင်း Civil servants’ pay hike sparks uproar in Myanmar
You may also like these stories:
မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ
အမေရိကန်ဒေါ်လာနှင့် ရွှေဈေး ပိုမြင့်လာ
စက်သုံးဆီပြတ်လပ်မှု လုပ်ငန်းရှင်များနှင့် စစ်ကောင်စီ ညှိနှိုင်း
ဆန်နှင့် ဆီ ကုန်သည်များ စစ်ကောင်စီ ဆက်ဖမ်းနေ