နှစ်နိုင်ငံသဘောတူစာချုပ် MoU ဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသူများအနေဖြင့် ၄ နှစ်ပြည့်၍ မြန်မာနိုင်ငံသို့ ပြန်ကာ စာချုပ်သက်တမ်းတိုးပါက လစာငွေ၏ ၂၅ ရာခိုင်နှုန်းအား ဘဏ်စနစ်ဖြင့် လွှဲထားသူများကိုသာ သက်တမ်းတိုးပေးရန် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
MoU U-turn ဆိုသည့် ၄နှစ်ပြည့် လုပ်သားများ၏ သက်တမ်းတိုးလုပ်ငန်းစဉ်ကို နယ်စပ်မြို့များ ဖြစ်သည့် ကော့သောင်း နှင့် မြဝတီမြို့များ၌ ဖွင့်လှစ်ထားပြီး အလုပ်လုပ်ခွင့် စာချုပ်သက်တမ်းတိုးပြီးမှသာ ထိုင်းနိုင်ငံအတွင်းသို့ ပြန်ဝင်ရသည်။
ယခုအခါ သက်တမ်းတိုးလိုသူများအနေဖြင့် အခြေခံလစာ ၃ လစာ၏ ၂၅ ရာခိုင်နှုန်းနှင့် ညီမျှသော ဘတ် ၆၀၀၀ ကို မြန်မာပြည်တွင်းရှိ ဘဏ်များသို့ ငွေလွှဲထားကြောင်း အထောက်အထားပြသမှသာ စာချုပ်သက်တမ်းတိုးပေးမည်ဟု စစ်ကောင်စီက အကျပ်ကိုင်လာခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် လာမည့် ဩဂုတ်လ ၁ ရက်မှစ၍ မြန်မာနိုင်ငံရှိ မိသားစုဝင်များသို့ဖြစ်စေ အလုပ်သမား ကိုယ်တိုင်၏ ဘဏ်စာရင်းသို့ ဖြစ်စေ တရားဝင်ငွေလွှဲထားကြောင်း အထောက်အထားပြနိုင်မှသာ MoU စနစ်ဖြင့် သက်တမ်းတိုးခွင့်ပြုကာ ပြန်လည် စေလွှတ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ တာဝန်ရှိသူတဦးက “MoU U -turn သမားတွေ ငွေလွှဲမပြနိုင်ရင် စာချုပ်ပြန် မချုပ်ပေးဘူး။ ပတ်စ်ပို့သက်တမ်းပဲရှိမယ်။ အလုပ်လုပ်ခွင့်စာချုပ် ထပ် မချုပ်ပေးဘူး။ အဲဒါဆို နောက် ၂နှစ် ထပ်မရတော့ဘူး။ ဒီစာကို အလုပ်သမားဝန်ကြီးဌာနက ၃၀ ရက်နေ့က ထုတ်ပြီး သြဂုတ်၁ရက်နေ့မှာ အသက်ဝင်တယ်။ MoU U -turn တွေအနေနဲ့ အနည်းဆုံး ၃လ ဘဏ်စနစ်နဲ့ မိသားစုလွှဲပို့ငွေ ပြနိုင်မှ စာချုပ်ထပ်ချုပ် ပေးမယ်ပေါ့” ဟု ပြောသည်။
ထို့ကြောင့် ယခုလကုန်မှစ၍ နယ်စပ်ပြန် သက်တမ်းတိုးမည့် မြန်မာအလုပ်သမားများအနေဖြင့် ပြည်တွင်းရှိ မိသားစုဝင်များ သို့မဟုတ် ပြည်တွင်းရှိ မိမိဘဏ်အကောင့်ထဲသို့ ဘတ် ၆၀၀၀ ကို မဖြစ်မနေ ကြိုတင် လွှဲပြောင်းထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဘန်ကောက်ရှိ မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိပါ။
သက်တမ်းတိုးမည့် အလုပ်သမားများသည် စာရွက်စာတမ်းအသစ်လျှောက်၍ စာချုပ်သစ်ချုပ်ဆိုရကာ နယ်စပ်အထွက် ပြရခြင်းဖြစ်ပြီး ယခု စစ်ကောင်စီက သတ်မှတ်နှုန်းအတိုင်း ပြည်တွင်းသို့ ငွေလွှဲခိုင်းခြင်းသည် အလုပ်သမားများကို ပိုမိုအခက်တွေ့စေကြောင်း MoU အလုပ်သမားတဦးက ဆိုသည်။
သက်တမ်းပြန်တိုးရမည့် အလုပ်သမားတဦးက “MoU U -turn သမားတွေက ဘဏ်စနစ်ကနေ လွှဲနေကျမဟုတ်ဘူး။ ဟွန်ဒီကပဲလွှဲတာဆိုတော့ ဘဏ်စာရင်းဖွင့် ပြန်လုပ်နဲ့ လုပ်ရမှာ။ နယ်စပ်မှာ ပြန်တိုးရတဲ့လူတွေ ဒုက္ခရောက်သွား တာပေါ့”ဟု ပြောသည်။
MoU စာချုပ်သက်တမ်းတိုးရန်အတွက် နိုင်ငံကူးလက်မှတ်ကို အရင်သက်တမ်းတိုးထားရပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၍ မရပါက နေရပ်အပြီးပြန်ရခြင်း သို့မဟုတ် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်ခြင်းမျိုး ဖြစ်လာနိုင်ကြောင်း အမည်မဖော်လိုသည့် အေဂျင်စီတခုမှ တာဝန်ရှိသူတဦးကပြောသည်။
အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “နေရာပေါင်းစုံမှာ ဖိအားပေးမယ်။ ကျပ်နေတာပဲ။ စီးပွားရေးပေါင်းစုံ၊ လုပ်ငန်းပေါင်း စုံကို ကျပ်ပြီးတော့ တခုမှလည်း အောင်မြင်တာမရှိဘူး။ အကုန်လျှောက်ကျပ်နေတာ။ နိုင်ငံခြားငွေကလည်းရှိတယ် သာ ပြောတာ တကယ်မရှိဘူး။ မရရတဲ့နည်းနဲ့ အလုပ်သမားတွေဆီက ညှစ်ထုတ်နေတယ်။ MoU နဲ့ တရားဝင်တွေကို တင်းကျပ်လာရင် တရားမဝင်သွားမယ့်လူပိုများလာမယ်” ဟု ပြောသည်။
အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် ပတ်သက်၍ လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီများ သိရှိလိုက်နာ ဆောင်ရွက်ရေးကို မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်ဆောင်ရွက်ရန်လည်း အကြောင်းကြားထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။
You may also like these stories:
ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး
ပြည်ပရောက်လုပ်သားများ၏ ပို့ငွေစာရင်းတောင်းယူမှု အေဂျင်စီတို့ အခက်တွေ့
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ယာယီရပ်ဆိုင်း
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ
၄ နှစ်ပြည့် MoU လုပ်သားများ မြန်မာပြည် မပြန်လိုကြဟုဆို