ကုမ္ပဏီ ၁၀၀ ကျော်သည် ၎င်းတို့၏ အမေရိကန်ဒေါ်လာဝင်ငွေများကို ပြည်တွင်းကျပ်ငွေသို့ လဲလှယ်ရန် ပျက်ကွက်သည်ဟု စွပ်စွဲခံရပြီး ၎င်းတို့၏ ပို့ကုန်လိုင်စင်များ ရုတ်သိမ်းခံရပြီး အခြား ကုမ္ပဏီ ၁၂ ခုသည် ၂ ပတ်အတွင်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၁၇ သန်းကို မြန်မာကျပ်ငွေသို့ လဲလှယ်ရန် အမိန့်ပေးခံရသည်ဟု ပို့ကုန်-သွင်းကုန် ကုမ္ပဏီများမှ အမှုဆောင်များပြောသည်။
ယခုအပတ်အတွင်း ပို့ကုန်ကုမ္ပဏီ ၁၀၇ ခု၏ လိုင်စင်များကို စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရုတ်သိမ်းလိုက်ကြောင်း အမှုဆောင်များက ပြောသည်။
ထိုကုမ္ပဏီ ၁၀၇ ခု၏ ပိုင်ရှင်များ ထောင်ချခံရပြီး ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေအရ စွဲချက်များဖြင့် ရင်ဆိုင်နေရသည်ဟု အမှုဆောင်များက ပြောသည်။
စစ်ကောင်စီက ချမှတ်ထားသည် အတင်းအကျပ်ငွေလဲလှယ်ရေးစည်းမျဉ်းကို ရန်ကုန်မှ အမည်မဖေါ်လိုသည့် ပို့ကုန်သမားက အပြစ်တင်သည်။ အချို့ပို့ကုန်-သွင်းကုန်သမားများသည် စစ်ကောင်စီထိန်းချုပ်သည့် ဘဏ်စနစ်ပြင်ပမှ ငွေပေးချေမှုများကို လက်ခံရယူနိုင်သော်လည်း ထိုနိုင်ငံခြားငွေပေးချေမှုကို ပြည်တွင်းဘဏ်စနစ်မသုံးဘဲ ကျပ်ငွေသို့ မလဲလှယ်နိုင်ကြောင်း သူပြောသည်။
လွန်ခဲ့သောလအတွင်း ကျပ်ငွေတန်ဖိုး နောက်ထပ် ၁၃ ရာခိုင်နှုန်းကျဆင်းပြီး ဇူလိုင်လအစောပိုင်းက တဒေါ်လာလျှင် ၄၈၀၀ ကျပ်ရှိရာမှ ၅၄၀၀ ကျပ်အထိ ကျဆင်းပြီးနောက် အထက်ပါ ကုန်သွယ်ရေး ကုမ္ပဏီများကို စစ်ကောင်စီက ဖြိုခွဲခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီတလက ကျပ်ငွေတန်ဖိုးမှာ တဒေါ်လာလျှင် ၁၃၀၀ သာရှိသည်။
ပို့ကုန်သမားများသည် ၎င်းတို့ရရှိသည့် နိုင်ငံခြားငွေ၏ ၆၅ ရာခိုင်နှုန်းကို တဒေါ်လာ ၂၁၀၀ ကျပ်နှုန်းဖြင့် ခွင့်ပြုမိန့်ရ ငွေလဲလှယ်သူများထံမှတဆင့် ကျပ်ငွေသို့လဲလှယ်ရန် စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က စည်းကမ်းချထားသည်။
ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံပြင်ပမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဝယ်ယူ တင်သွင်းရန် အသုံးပြုနိုင်တော့သည်။
အမေရိကန်ဒေါ်လာ ၁၇ သန်းကို ကျပ်ငွေသို့လဲလှယ်ရန် ပို့ကုန် ကုမ္ပဏီ ၁၂ ခုကို စစ်ကောင်စီကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမိန့်ချသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ပို့ကုန်နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြိုလဲခြင်းကို ရင်ဆိုင်နေရစဉ် ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာချေးငွေမရနိုင်ဘဲ ဖြစ်နေသည်။ မြန်မာသို့ အမေရိကန် ဒေါ်လာစီးဆင်းမှု မရှိသောကြောင့် စစ်ကောင်စီသည် ၎င်း၏ နိုင်ငံခြားသုံး အရန်ငွေများကို ရောင်းချနေရသည်။
မြန်မာတွင် ဒေါ်လာငွေ မလုံလောက်မှုနှင့် ဗဟိုဘဏ်က ချမှတ်ထားသည့် အတင်းအကျပ် ငွေလဲနှုန်းသည် နိုင်ငံခြားငွေမှောင်ခိုဈေးကွက်ကို ပြန်လည်အသက်သွင်းပေးလိုက်သည်။
သို့သော် စစ်ကောင်စီသည် လက်နက်ဝယ်ရန် ငွေရှာနိုင်သည်။ အာဏာသိမ်းပြီး ပထမ ၂ နှစ်အတွင်း စစ်ကောင်စီသည် ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံများမှ အနည်းဆုံးအမေရိကန် ဒေါ်လာ တဘီလီယံဖိုး လက်နက်နှင့် လက်နက်ဆက်စပ်ပစ္စည်းများ တင်သွင်းသည်ဟု ကုလသမဂ္ဂ၏ ခန့်မှန်းမှုအရ သိရသည်။
စစ်ကောင်စီက ချမှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ကိုယ်ကျိုးရှာပြီး စစ်စရိတ်ထောက်ပံ့ရန် အဓိကဖြစ်ကြောင်း စီးပွားရေးပညာရှင် ဂျရက် ဘစ်ဆင်ဂျာပြောသည်။ စစ်ကောင်စီသည် ၎င်းတို့ချမှတ်ထားသည့် အတင်းအကျပ်ငွေလဲနှုန်းဖြင့် အမေရိကန် ဒေါ်လာများကို ဝယ်ယူပြီး ဈေးကွက်ပေါက်ဈေးဖြင့် ပြန်ရောင်းသောကြောင့် ဇွန်လတွင် ကုန်ဆုံးသည့် နှစ်အတွင်း အမေရိကန် ဒေါ်လာအနည်းဆုံး ၁.၈ ဘီလီယံရကြောင်း Fulcrum တွင် လွန်ခဲ့သောလက သူရေးသားသည်။ “ဒါပမာဏဟာ စစ်အသုံးစရိတ်နဲ့တူညီနေပြီး ဓာတ်ငွေ့ရောင်းရငွေထက် ပိုမိုများပြားနိုင်တယ်” ဟု သူပြောသည်။
သို့သော် နိုင်ငံတကာကုန်သွယ်ရေးအတွက် လိုအပ်သော နိုင်ငံခြားငွေ အကြီးအကျယ်မလုံလောက်မှု ရင်ဆိုင်ရပြီး ကုန်ဖလှယ်သည့် ဘာတာစနစ် ကျင့်သုံးရန် စစ်ကောင်စီက စီးပွားရေးလုပ်ငန်းများကို မေလတွင် တွန်းအားပေးသည်။ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းအဖွဲ့ဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် UMFCCI က အဖွဲ့ဝင်များကို ကုန်ဖလှယ်သည့် စနစ်သစ်အကြောင်း ရှင်းပြရန် ကြိုးစားသောအခါ အဖွဲ့ဝင်များ ပိုမိုနားလည်ရခက်သွားသည်။
စစ်ကောင်စီသည် ပို့ကုန်သွင်းကုန်အားလုံးကို ကုန်ဖလှယ်သည့်စနစ်ဖြင့် လုပ်စေလိုပုံရကြောင်း ယခုအပတ် ပို့ကုန်လိုင်စင်ရုတ်သိမ်းခံရသည့် ပို့ကုန်ကုမ္ပဏီတခုအတွက် ဝန်ဆောင်မှုပေးသည့် ရန်ကုန်မှ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင်ရှင်တဦးပြောသည်။
“ဒါဟာ စစ်ကောင်စီက ကုန်သွယ်ရေးစနစ်တခုလုံးကို စိတ်ကူးယဉ် ကုန်ဖလှယ်စနစ်ထဲ တွန်းထည့်ဖို့ ကြိုးစားမှုလို့ ကျနော်ထင်တယ်” ဟု အမည်မဖေါ်လိုသည့် အထက်ပါ ကုမ္ပဏီပိုင်ရှင်ပြောသည်။ စစ်ကောင်စီက ဈေးကွက်အတွင်းသို့ ထိုနောက်ဆုံးစွက်ဖက်မှုသည် ဆိုးကျိုးသာဖြစ်စေမည်ဟု သူပြောပြီး ပို့ကုန်လိုင်စင်များ ရုတ်သိမ်းခြင်းသည် ကုန်သွယ်ရေးကို လေးလံထိုင်းမှိုင်းစေပြီး ကုန်ဈေးနှုန်းများ ပိုမိုတက်လာမည်ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Over 100 Exporters Face Prison in Myanmar as Junta Escalates Forex Crackdown ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ့ဓာတ်ငွေ့သိုက်များ ကုန်ခန်းတော့မည်
မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ
ဆန်နှင့် ဆီ ကုန်သည်များ စစ်ကောင်စီ ဆက်ဖမ်းနေ
ပြည်တွင်း၌ စက်သုံးဆီပြတ်နေ ပြန်
မြန်မာ့ကုန်သွယ်ရေးအခြေအနေ အတော့်ကို ဆိုးရွားလာ