လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား ကိုးကန့်တပ် MNDAA ဦးဆောင်သော မဟာမိတ်တပ်များက လိုက်လံရှာဖွေနေသည်။ စစ်တိုင်းဌာနချုပ်တခုလုံးအားသိမ်းပိုက်ပြီးသည့်တိုင် တိုင်းမှူးနှင့် တပ်မမှူးအချို့အား မတွေ့ရပေ။ သြဂုတ်လ ၃ ရက်နေ့တွင် ရမခ တိုင်းစစ်ဌာနချုပ်အား MNDAA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် စစ်ခေါင်းဆောင်တွေ ပစ်ထားခဲ့သော ဒဏ်ရာရ စစ်သားများနှင့် မိသားစုဝင် စုစုပေါင်း ၅၀၀ ခန့်ကိုသာ တွေ့ရသည်။
စစ်တိုင်းဌာနချုပ်၏ အကြီးဆုံး တိုင်းမှူးအား မတွေ့ရပေ။ ရမခ တိုင်းဌာနချုပ်အား အလုံးစုံတိုက်ခိုက်သိမ်းပိုက်ပြီး ၃ ရက်ကြာသည့်အထိ တာဝန်အရှိဆုံး တိုင်းမှူးအား ရှာမတွေ့ဖြစ်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်တိုင်း ရမခ တိုင်းမှူးသည် လားရှိုးမြို့မှနေ၍ စစ်ဆင်ရေးများအား ကွပ်ကဲလေ့ရှိသည်။ သို့သော် လားရှိုးမြို့အား ဦးတည်တိုက်ခိုက်သည့်အချိန်တွင် မည်သည့်နေရာမှနေ၍ ကွပ်ကဲနေခဲ့သနည်း။
မူဆယ်ကနေ လှမ်း ကွပ်ကဲနေသလား
လားရှိုးမြို့အား MNDAA ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုက ဇူလိုင်လ ၃ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်ပွါးပြီး ရမခ လက်အောက်ခံ တပ်ရင်း ဌာနချုပ်အချို့ကျသွားသည့်အတွက် ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်အား ဇူလိုင်လ ၁၈ ရက်နေ့တွင် အနားပေးခံခဲ့ရသည်။
ထို့နောက် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင်အား ရမခ တိုင်းမှူးအဖြစ် ခန့်အပ်ခဲ့သည်။ရမခ တိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ်စိုးလှိုင်သည် ရမခ တိုင်းအား ကွပ်ကဲရန် လားရှိုးမြို့သို့ မသွား ရောက်ခဲ့ဘဲ မူဆယ်မြို့ သိန်းသန်းချီကားကွင်းမှ မင်္ဂလာမူဆယ်ဖက်သွားသည့် လမ်း ဘယ်ဘက်တွင်ရှိသော ဧက ၄၀ ဝန်းထဲမှ ကွပ်ကဲနေသည်ဟု စစ်ရေးသတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် လားရှိုးမြို့မကျရေး တိုင်းတပ်များအပြင် အမှတ် ၁ နှင့် အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းများနှင့် တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့်ပါ ပူးပေါင်းခုခံခဲ့သည်။ လားရှိုးမြို့ပေါ်နှင့် မြို့အနီးတွင် ရမခ လက်အောက်ခံ တပ်ရင်း ၁၂ ရင်းကျော် ရှိသည်။ အဆိုပါ တပ်ရင်းများမှ စစ်သည်များကလည်း ရမခ မကျရေး ဝိုင်းခုခံ တိုက်ခိုက်ခဲ့ကြသည်။
လားရှိုးမြို့စစ်မြေပြင်အား ရမခ ဒုတိုင်းမှူးမှ လားရှိုးမြို့တွင် နေထိုင်၍ ကွပ်ကဲနေခဲ့သည်။ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်သည် လားရှိုးမြို့တော်ခန်းမအနီး ဖြစ်ပွါးသောတိုက်ပွဲတွင် ဒရုန်း ဗုံးထိမှန် ဒဏ်ရာရခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြင်ဦးလွင်ဆေးရုံ၌ ကျဆုံးသွားခဲ့သည်။
ထို့နောက် လားရှိုးမြို့စစ်မြေပြင်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ်မှ ဦးဆောင်ပြီး ခုခံခဲ့သည်။ ထို့ကဲ့သို့ လားရှိုးမြို့မကျရေး လားရှိုးမြို့ခံတပ်များ ခုခံနေချိန်တွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်အချိုနှင့် စကခ ၁၂ တပ်မတို့သည် လားရှိုးမြို့သို့ စစ်ကူချီတက်လာကြသည်။ လားရှိုးမြို့သို့ နမ့်စန်မြို့နယ် ခိုလန်မှ စစ်ကူလာသော အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးမှူး ဦးဆောင်သော တပ်များ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။ စစ်ကူလာသော စစ်ကားများတည့်တည့်ပေါ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရသည်။ စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းသည် လားရှိုးမြို့သို့ မရောက်လာနိုင်ခဲ့ပေ။
အလားတူ လားရှိုးသို့ မိုင်းရယ်မြို့နယ် ဟိုယဖက်မှ ချီတက်လာသော စကခ ၁၂ တပ်မမှူး ဦးဆောင်သော တပ်များ မိုင်းရယ်နှင့် ဟိုယကြား ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများခဲ့သည်။ လားရှိုးမြို့စစ်ကူတက်လာသည့် စကခ ၁၂ တပ်မမှူးသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားခဲ့သည်။ စကခ ၁၂ တပ်မမှူးသည် ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ပြန်ဆုတ်လာစေပြီး လားရှိုးသို့ စစ်ကူပို့ခံရခြင်း ဖြစ်ရာ တိုက်ပွဲတိုင်း အကွဲကွဲအပြဲပြဲ ရှုံးနေသဖြင့် စိတ်ကျပြီး သေကြောင်းကြံစည်သွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အလံဖြူထောင်ပြီ
စစ်ကူ ရောက်မလာနိုင်တော့သည့် အခြေအနေတွင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီ၏ ခံကတုတ်များအား တခုပြီးတခု ကျော်ဖြတ်ရင်း သြဂုတ်လဆန်းတွင် ရမခ တိုင်းရုံးရှေ့ရှိ ကုတင် ၁၀၀ စစ်ဆေးရုံရှိ ခံကတုတ်နှင့် ဗဟိုကင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ် ဆေးရုံမှ အရာရှိစစ်သည်များစွာ အလံဖြူထောင် လက်နက်ချခဲ့သည့်အတွက် MNDAA ဦးဆောင်သော မဟာမိတ်တပ်များသည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ဝင်ရောက်သွားနိုင်ခဲ့သည်။
ရမခ တိုင်းစစ်ဌာနချုပ်ထဲ မဟာမိတ်တပ်များ ဝင်ရောက်သွားချိန်တွင် စစ်ကောင်စီတပ်မှ ဒဏ်ရာရ စစ်သားများနှင့် မိသားစုဝင် စုစုပေါင်း ၄၇၀ ကျော်အား ထားခဲ့ပြီး အရာရှိကြီးများကမူ ထွက်ပြေးသွားခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်သည်။
ရမခ စစ်တိုင်းရုံးထဲတွင် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် စကခ ၁၄ မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးတို့က ဦးဆောင်ခုခံနေခဲ့သည်။ နောက်ဆုံးရရှိသောသတင်းများအရ MNDAA နှင့် မဟာမိတ်တပ်များ ရမခ စစ်တိုင်းရုံးးအတွင်း ဝင်ရောက်သွားချိန်တွင် စစ်သားများသည် အလံဖြူထောင်ခဲ့ကြောင်း သတင်းရရှိသည်။
မဟာမိတ်တပ်များ ရမခ တိုင်းဝန်းထဲဝင်သွားချိန်အထိ ရမခ တိုင်းမှူးတော့ မတွေ့ရပေ။ တိုင်းမှူး၏ ရုံးအဖွဲ့နှင့် အရာရှိကြီးများ ထွက်ပြေးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ ထွက်ပြေးသွားသူတို့နောက် MNDAA က လိုက်လံရှင်းလင်းရာ အနားပေးပြီး ရမခ စစ်တိုင်းဌာနချုပ်ထဲ ချုပ်ထားသည့် ဗိုလ်ချုပ်စိုးတင့်ကို စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်အတူ လက်ရဖမ်းမိကြောင်း ကနဦး ဝင်လာသော သတင်းများက ဆိုသည်။
ရမခ တိုင်းစစ်ဌာနချုပ် ကျသွားပြီးနောက် လက်နက်ချခဲ့သည့် စစ်အရာရှိစစ်သည်များအား အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလန်မှ တဆင့်ပြန်ခေါ်ရန် စစ်ကောင်စီက UWSA ၀ တပ်ဖွဲ့မှတဆင့် MNDAA နှင့် ညှိနှိုင်းနေသည်ဟု သတင်းရရှိသည်။ ရမခ တိုင်းစစ်ဌာနချုပ်အလုံးစုံကျသွားခဲ့ပြီး တပြိုင်နက် တာဝန်ရှိသော ကစထ ၂ မှူး ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦး ရာထူးမှ ဖယ်ရှားခံရသည်။ သို့သော် အဓိက တာဝန်ရှိသည့် တိုင်းမှူး ပျောက်နေသည်။
အချို့သော သတင်းရင်းမြစ်များ၏ ပြောဆိုမှုအတိုင်း ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်သည် မိသားစုပါ ခေါ်၍ တရုတ်နိုင်ငံ ရွှေလီဖက်သို့ ထွက်ပြေးသွားပြီလော။
You may also like these stories:
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
လားရှိုးတိုက်ပွဲ တလအတွင်း အရပ်သား ၁၀၀ ခန့် ထိခိုက်သေဆုံး
တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ
မိုးမိတ်ဗျူဟာနှင့် တပ်ရင်းများ TNLA ပူးပေါင်းတပ်သိမ်း
စစ်ကောင်စီ ပြန်ရဖို့ ကြိုးစားနေသည့် စဉ့်ကူးကို PDF တို့ ဆက်ထိန်းထား