မန္တလေးတိုင်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ဆည်တော်ကြီး ဆည်ရေသောက် စိုက်ဧကများ ဆည်ရေမရသဖြင့် မိုးစပါး စိုက်ပျိုးနိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရသည်။
မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF) ဦးဆောင်သော ပူး ပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဆည်တော်ကြီးရေလှောင်တမံမှ ရေလွှတ်ရန် ဝန်ထမ်းများမရှိတော့သည့် အပြင် ရေထိန်းတံခါးများပိတ်ခံထားရကြောင်း၊ ထို့ကြောင့် ဆည်ရေမလာတော့ကာ မိုးစပါးစိုက်ပျိုးရေ မရရှိခြင်း၊ စပါး ပျိုးခင်းများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆည်တော်ကြီး ရေလှောင်တမံမှာ မတ္တရာမြို့နယ်၊ စလေကျေးရွာအုပ်စု ဆည်တော်ကြီးရွာတွင်ရှိပြီး ယင်းဆည်ရေကို မတ္တရာမြို့နယ် အရှေ့ခြမ်း၊ ပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းနှင့် အမရပူရအရှေ့ခြမ်းတို့ရှိ စိုက်ဧက ၅ သောင်းခန့်ထိ အသုံး ပြုနေကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် ရေကြည်ကျေးရွာမှ တောင်သူတဦးက “လက်ရှိအချိန်က မိုးစပါးစိုက်ပျိုးရမယ့် အချိန်ပေါ့၊ ဆည် တော်ကြီးက ရေမလွှတ်တော့ ရေသွင်းဖို့ အခက်အခဲတွေ ဖြစ်နေကြတာ၊ ဆည်ရေလာတဲ့ မြောင်းမတော်ကြီးထဲမှာ လည်း ရေ လုံးဝခမ်းနေပြီ။ အရှေ့တော မဂျမ်းလို့ခေါ်တဲ့ မဂျမ်းတော စိုက်ချိန်ပေါ့။ ဆည်ရေအားကိုးပြီး စိုက်ကြရတာ ဆိုတော့ အခု ဆည်ရေမရတော့ ထွန်ယက်ထားတာတွေ အကုန် အလကားဖြစ်ရမယ့်ကိန်း ဆိုက်နေပြီ” ဟု ပြောသည်။
ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေသည် နတ်တော်၊ ပြာသို၊ တပို့တွဲ ၃ လခန့်သာ အလှည့်ကျစနစ်ဖြင့် ရေပေး ဝေလေ့ရှိပြီး ကျန်သည့်အချိန်၌ တနှစ်ပတ်လုံး ရေလွှတ်ပေးလေ့ရှိကြောင်း၊ ယခုအခါ ဆည်ရေမရရှိသဖြင့် မိုးစပါးပျိုး ပျက်စီးနေမှုကို ဆည်ရေသောက် တောင်သူတဦးကလည်း အွန်လိုင်မှတဆင့် Live လွှင့်၍ ပြောဆိုထားသည်။
ဆည်တော်ကြီး ရေလှောင်တမံမှ တူးမြောင်းမကြီး စီးဆင်းရာတလျှောက်ရှိ စလေ၊ အေးချမ်းသာ၊ မကျီးကျိုး၊ ကန်ရိုး၊ လမိုင်း၊ မကျီးကိုင်း၊ သရက်ကိုင်း၊ မြကန်သာ၊ ကံကြီး၊ အင်ကျယ်၊ ဘုတ်၊ မှန်ပင်၊ နှမ်းကြီး၊ နှမ်းကြဲ၊ ဆင်ပွတ်ကြီး၊ ဆင် ရွာကြီး၊ ဆင်ရွာတော၊ ရုံးသာ၊ ပုသိမ်လေး၊ ကြာ နီကန်၊ အင်ကျယ်၊ ဇီးချိုကုန်း၊ ရေကြည်၊ အိုင်ကြီး၊ ကျောက်မီး၊ တံ တိုင်းရှည်(တောင်/မြောက်)၊ မိုင်လေးဆယ်၊ ရေဘုတ်၊ တမုတ်ဆိုး၊ ဒေါင်းရိုး စသည့်ကျေးရွာများမှ စိုက်ဧကများ မိုးစပါး စိုက်ပျိုးနိုင်ရန်အတွက် နှစ်စဉ် ဇွန်လလယ်မှ စတင် ရေပေးဝေကြောင်း သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် ဇူလိုင်လဆန်းပိုင်းထိ ရေပေးဝေခဲ့သော်လည်း ဇူလိုင် ၁၂ ရက်မှ စတင်ကာ ရေ မလာတော့သဖြင့် ဆည်ရေသောက်စနစ်ဖြင့် စပါးစိုက်ပျိုးရန် ပျိုးထားသည့် ပျိုးခင်းများ ပျက်စီးနေပြီဖြစ်သောကြောင့် အချို့သော ကျေးရွာများတွင် စပါးစိုက်ပျိုးနိုင်တော့မည် မဟုတ်ကြောင်း လယ်သမားများက ဆိုသည်။
အိုင်ကြီးကျေးရွာမှ တောင်သူတဦးက “ရေမလာတော့ ပျိုးခင်းတွေက ပျက်ကုန်ပြီ၊ ပျိုးခင်းတွေ ပျက်တော့ ဒီနှစ် အတွက် မစိုက်နိုင်ကြတော့ဘူး၊ ဆည်ရေ သောက်စိုက်ဧကတွေက မန္တလေးတိုင်းဝမ်းစာအတွက် မလုံလောက်ဘူး ဆိုပေမယ့် အထောက်အပံ့ဖြစ်စေတာတော့ အမှန်ပဲ၊ ဒီနှစ် မစိုက်ရရင် လာမယ့်နှစ်ကတော့ အနည်းနဲ့အများ ထိမှာပဲ။ အရင်က ရေ လှည့်ပတ်ရေမရရင် ဆည် မြောင်းတို့ စိုက်ပျိုးရေးတို့ကို သွားပြောလို့ ရသေးတယ်၊ အခုက ဘယ်သူ့ကို ပြောလို့ ပြောရ မှန်းကို မသိတော့ဘူး” ဟု ပြောသည်။
မတ္တရာမြို့နယ်အတွင်းရှိ အမှတ် ၁၀၁၄ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်၊ ဆည်တော်ကြီး တပ်စခန်း များအပါအဝင် ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်၊ Alpha ဘိလပ်မြေ စက်ရုံ ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင်တပ်စခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇူလိုင် ၂ ရက်က ထုတ်ပြန်ထားရာ လက်ရှိအချိန်တွင် ဆည်တော်ကြီးရေလှောင်တမံသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY PDF ၏ ထိန်းချုပ်မှုအောက်၌ ရောက်ရှိနေသည်။
မတ္တရာမြို့နယ်မှ တောင်သူတဦးက “မတ္တရာလေကြောင်းရန်တပ်ကို မန္တလေး PDF က သိမ်းပြီးကတည်းက တခါတည်း ဆည်တော်ကြီးကိုပါ ထိန်းချုပ်လိုက်တာဆိုတော့ ဆည်တော်ကြီးမှာ ဝန်ထမ်းတွေ မရှိတော့ဘူးလို့ သိရတယ်။ အဲဒီတော့ ဆည်ရေကို လွှတ်ပေးမယ့် သူလည်း မရှိဘူးလို့ သိရတယ်။ လောလောဆယ် ဆည်ကို PDF တွေက ထိန်းချုပ်ထားတယ် ဆိုလို့ ဆည်ရေလွှတ်ပေးဖို့ သူတို့ကို ရတဲ့နည်းနဲ့ ဆက်သွယ်ပြီး ပြောတာမျိုးရှိပေမယ့် ဘာမှ ထူးခြားမလာသေးဘူး” ဟု ပြောသည်။
အဆိုပါ အခြေအနေများအပေါ် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် MDY PDF တို့ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။
ဆည်တော်ကြီးရေလှောင်တမံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဆည်ရေသောက်စိုက်ပျိုးရေးအတွက် ရည်ရွယ် ပြီး ၁၉၈၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ကာ ၁၉၈၉ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ၁၂ ဒသမ ၅ မဂ္ဂါဝပ် စွမ်းအားရှိသော Generator ၂ လုံးဖြင့် နှစ်စဉ်ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀ သန်းခန့် လျှပ်စစ်ဓာတ်အား ထုတ် လွှတ်ပေးနေသလို ရေလှောင်ပမာဏ ၃၆၃၀၀၀ ဧကပေရှိကာ စိုက်ဧက ၇ သောင်းခွဲကျော်ထိ ရေပေးဝေနိုင်သော ရေ လှောင်တမံ အမျိုးအစားဖြစ်ကြောင်း သိရသည်။
ထို့အတူ မန္တလေးနန်းမြို့ရိုး ကျုံးအတွင်းသို့လည်း ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေဝင်ရောက်နိုင်ခြင်း မရှိ တော့သဖြင့် မန္တလေးမြို့ ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်များ ကျုံးရေအသုံးပြုနေသည့် နေရာအချို့လည်း သုံး ရေပြတ်တောက်နေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆည်တော်ကြီး ရေလှောင်တမံမှ ဆည်ရေသည် အောင်မြေသာစံမြို့နယ် လမ်း ၂၀ နှင့် ၂၂ လမ်းကြားနှင့် ၅၈ လမ်းနှင့် လမ်း ၆၀ ကြားရှိ ရေစစ်ကန်မှသို့ ဝင်ရောက်ပြီး ရေစစ်ကန်မှတဆင့် မန္တလေးနန်းမြို့ရိုး ကျုံးအတွင်းနှင့် ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်များသို့ ရေလွှတ်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် မန္တလေးမြို့၏ ရေပေးဝေမှုအတွက် မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီ၏ ဧရာဝတီမြစ်ရေတင်စနစ်၊ ရေတွန်းစက်ရုံများမှလည်း ရေပေးဝေလျက် ရှိသည်။
ဆည်တော်ကြီး ဆည်ရေ မလွှတ်နိုင်မှုများနှင့် မန္တလေးမြို့ပေါ်ရပ်ကွက်အချို့ သုံးရေပြတ်တောက်မှုများနှင့် ပတ်သက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာနနှင့် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။
ပုသိမ်ကြီးမြို့နယ်တွင် မြို့တမြို့၊ ကျေးရွာအုပ်စု ၅၈ အုပ်စု၊ ကျေးရွာပေါင်း ၁၄၀ ရှိပြီး စိုက်ပျိုးရေးကို အဓိက လုပ် ဆောင်ကြသလို စပါးစိုက်ပျိုးမှုအများဆုံးဖြစ်ကာ မိုးစပါးစိုက်ဧက ၃ သောင်းကျော်ရှိကြောင်း၊ အမရပူရမြို့နယ် တွင် မိုးစပါးစိုက်ဧက ၁၂၀၀၀ ကျော်ရှိကြောင်း၊ မတ္တရာမြို့နယ်တွင်လည်း မိုးစပါးစိုက်ဧက ၃ သောင်းခွဲခန့်ရှိကြောင်း၊ ထို့အတူ စိုက်ပျိုးရေးအတွက် မြစ်ရေတင်စနစ်များလည်းရှိရာ ပုသိမ်ကြီးမြို့နယ်တွင် ထန်းဥယျာဉ်၊ အင်ကျယ်၊ ကံကြီး၊ ဇီးတောမြစ်ရေစခန်းများ၊ အမရပူရမြို့နယ်တွင် ရေကြည်ပေါက် စားတော်၊ လိပ်ဆံခွန်၊ ဘနော်မြစ်ရေတင်စခန်းများ ရှိကြောင်း သိရသည်။
ဇွန်လ ၂၅ ရက်က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲများ ဖော်ဆောင်မှုတွင် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အတူ ပြည်သူ့ ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ပူးပေါင်း ထိုးစစ်ဆင်လျက်ရှိရာ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃၅ ခုထိ တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း MDY PDF က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန် ထားသည်။
You may also like these stories:
မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ
စိုက်စရိတ်ကြီးပြီး လုပ်သားရှားသဖြင့် မွန်ပြည်နယ် စပါး စိုက်ပျိုးမှု လျော့ချ