ကရင်နီပြည်(ကယားပြည်နယ်)လွိုင်ကော်မြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ပြီးနောက် လွိုင်ကော်လေဆိပ်ကို စည်းရိုး အထပ်မြင့်အုတ်ရိုးကာခြင်းအပါအဝင် တပ်အင်အား အများအပြားဖြည့်တင်း၍ လုံခြုံရေး တိုးမြှင့်လုပ်ဆောင် နေသည်ဟု ဒေသခံများထံက သိရသည်။
လွိုင်ကော်မြို့ နောင်ယား(က)ရပ်ကွက်ရှိ လေဆိပ်၊ လေယာဉ်ပြေးလမ်း အနောက်ဘက်၌ တောင်-မြောက်အတိုင်း ၃ မိုင် ခန့်အရှည်ရှိ စည်းရိုးအမြင့်တခုကို ကာထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လွိုင်ကော်မြို့ခံအမျိုးသားတဦးက “လေယာဉ်ကွင်းက အောက်မှာဖောင်ဒေးရှင်း ၁၈ လက်မအုတ်ရိုး ၄ ပေ တင်ပြီးတော့ အပေါ်ကို ၁၅ ပေ မြှင့်ထားတယ်။ နောက်ပြီးတော့ အပေါ်မှာ ဘလိတ်ဓား တင်ထားတယ်။ လေယာဉ်ကွင်းနောက် ဘက်ခြမ်း အားလုံး ကာပြီးသွားပြီပေါ့နော်။ စာတိုက်အဝိုင်းကနေ မြို့ဦးကျောင်းထိ ကာထားတယ်။ အရှည်အားဖြင့် ၃ မိုင်လောက်ရှိတယ် “ဟု ပြောသည်။
စစ်ကောင်စီ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဩဂုတ်လ ၃ ရက်တွင် လွိုင်ကော်လေဆိပ် ပြင်ဆင် တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့သည်ဟု စစ်ကောင်စီအာဘော် မီဒီယာများ၌ ဖော်ပြထားသည်။
လေဆိပ်အတွင်းပိုင်းပြုပြင်မှုများ ပြီးစီးသလောက်ဖြစ်နေပြီး ခရီးသည်လေယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲရန် ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်ကိုတင်ပြထားကြောင်းနှင့်လေယာဉ်ကွင်းအရှေ့ဘက်ရှိ အားကာသိပ္ပံကျောင်းနှင့် ကျောင်းသားပွဲတော်ကွင်းအတွင်း၌ စစ်ကောင်စီတပ်များကို အင်အားအများအပြားဖြင့် လုံခြုံရေးအပြည့်ချထားသည်ဟု မြို့ခံအမျိုးသားတဦးက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်တွင် ၁၁၁၁ စစ်ဆင်ရေးအဖြစ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှိရာ လွိုင်ကော်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ရာ လွိုင်ကော်မြို့နေရာအများစုနှင့် တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက ပြီးခဲ့သော ဇွန်လတွင် အင်အား ထောင်ချီရှိသော စစ်ကြောင်း များထိုး၍ ပြန်လည် ထိန်းချုပ်ခဲ့သည်။
စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းကာ စစ်မျက်နှာများဖြန့်ခွဲ၍ စစ်ကြောင်းထိုး၍ ထိုးစစ်ဆင်ခဲ့သောကြောင့် ထေးငှလျား၊ နာနတ်တော၊ ဘာဒို၊ ထိရိ၊ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူသူငံသနှင့် ပန်ကန်း ရပ်ကွက်/ကျေးရွာများ တလျှောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သော ဇူလိုင်လ၌ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူသူငံသ ဘက်သို့ ဖြန့်ခွဲလာသည့် စစ်ကောင်စီစစ်ကြောင်းများကို KNDF တပ်များနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်များက တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ မိုင်းလုံး ၊ ရွာတန်းရှည် ၊ GTC ကျောင်း ၊ မြကလပ်တောင် ၊ ထူသူငံသ နှင့် ပန်ကန်းတို့တွင် တလလုံး နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။
“ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ နည်းပညာကျောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကလာတိုက်သေးတယ်။ ဒီဘက်က ဒရုန်းတွေနဲ့ရော လက်နက်ကြီးတွေရော ပစ်တော့ ပြန်ဆုတ်သွားကြရတယ်” ဟု ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် လွိုင်ကော်မြို့ခံ အမျိုးသားက ပြောသည်။
စစ်ကောင်စီသည် လွိုင်ကော်မြို့ကို ပြန်ထိန်းချုပ်ရန် ရခိုင်မှတပ်ပျက်ပြီး ရောက်လာသောတပ်ရင်းများ၊ တပ်မ ၅၅ နှင့် တပ်မ ၆၆ တို့မှ စုပေါင်းထားသည့် တပ်များအပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO) တပ်များဖြင့် အနည်းဆုံး အင်အား ၂၀၀၀ ကျော်အထိ အသုံးပြု၍ ထိုးစစ်ဆင်မှုများပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ (စစ်ကောင်စီ) က လုံခြုံရေးနဲ့ နယ်မြေပြန်စိုးမိုဖို့ကို သေချာပြန်လုပ်နေတယ်” ဟု ပြောသည်။
လွိုင်ကော်မြို့တွင်းသာမက မြို့ပြင် ရပ်ကွက်၊ ကျေးရွာများအထိ စစ်ကောင်စီက နယ်မြေများ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော ကြောင့် ယခုသြဂုတ်လအတွင်း တိုက်ပွဲသံနှင့်လက်နက်ကြီးသံများ ငြိမ်သက်နေသည်ဟု လွိုင်ကော်မြို့ခံ ဆိုင်ကယ်ကယ်ရီ သမားတဦးကပြောသည်။
၎င်းက “အသံတွေငြိမ်နေတာ ၄၊ ၅ ရက်လောက်ရှိပြီ အရင်ကဆိုရင် ဒကစ ၊ ၅၄ တပ် နဲ့ နည်းပညာကျောင်းတွေကနေ လှမ်းထုတဲ့ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်” ဟု ပြောသည်။
လွိုင်ကော်မြို့နှင့် ရှမ်းတောင်ပိုင်း ဆီဆိုင်မြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း နှင့် ကယားပြည်နယ်တခုလုံးကို အေးချမ်းသာယာမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၅ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “စစ်ကောင်စီဘက်က သူတို့ လုပ်စရာရှိတာ လုပ်တာပေါ့နော်။ ကျနော်တို့လည်း လုပ်နေပါတယ်။ သူတို့အင်အားတိုးတာတွေ၊ ဝါဒဖြန့်ဒါတွေလည်းရှိ တာပေါ့။ ဒါပေမယ့် လွိုင်ကော်မှာက ပစ်ခတ်မှုတွေ နေ့တိုင်းရှိနေတယ်။ သူတို့ အုပ်ချုပ်ရေးတွေကို ပြန်လည်ပတ်နိုင်တာ မတွေ့ရသေးပါဘူး” ဟု ပြောသည်။
စစ်ကောင်စီက လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆေးရုံပြန်ဖွင့်ခြင်း၊ စာသင်ကျောင်း တချို့ပြန်ဖွင့်ခြင်း၊ ကားလိုင်းများပြန်လည်ပြေးဆွဲခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများကပြောသည်။
ထို့ပြင် တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားသော လောဓမ္မရပ်ကွက်ရှိ သီရိမင်္ဂလာဈေးရုံကိုလည်း ပြန်လည် တည်ဆောက်နေသည်ဟု သိရသည်။
လူမှုကူညီရေးလုပ်ဆောင်နေသူ လွိုင်ကော်မြို့ခံတဦးက “ဈေးက ဆန်တန်းရယ် အပြင်ထုတ်ထားတဲ့ အသားတန်း ငါးတန်း နဲ့ ဟင်းသီးဟင်းရွက်တန်းပဲ ကျန်ခဲ့တာ။ ခြံစည်းရိုးခတ်ထားတဲ့ ဈေးတွင်းအားလုံးက လောင်သွားတဲ့အတွက် အကုန်ရှင်းပြီး တော့ ဈေးသစ် နှစ်ထပ်ဆောက်နေတယ်။ ပ ဆောက်ပုံပေါ့နော်။ အခုဆောက်နေတာက ကျပ် ၂ ဘီလီယံနဲ့ ကန်ထရိုက် ခေါ်တာ တပိုင်းချင်းစီ ဆောက်နေတာ။ အကုန်အပြီးကို ၈ ဘီလီယံ မှန်းထားတယ်လို့ သိရတယ်” ဟု ပြောသည်။
လွိုင်ကော်မြို့သည် ၂၀၂၄ သန်းခေါင်စာရင်းအရ ရပ်ကွက်ပေါင်း ၁၃ ခုရှိပြီး တိုးချဲ့ရပ်ကွပ်များနှင့်ပေါင်းလျှင် ၁၉ ရပ်ကွက် အထိရှိကြောင်း သိရသည်။
မင်းစု(ကွက်ဟောင်း)၊ ရှမ်းစု၊ ဒေါနိုးကူး၊ မင်းစု(ကွက်သစ်)၊ လောဓမ္မ၊ ဒေါတမ္မ၊ ကြည်သာယာ ၊ နမ့်ဝမ် ရပ်ကွက်များက တိုက်ပွဲအတွင်း၌ ထိခိုက်ပျက်စီးမှုနည်းပြီး ဒေသခံအများစု ပြန်လည်နေထိုင်ကြပြီဖြစ်သည်။
ရွှေတောင်၊ မင်္ဂလာ၊ ဈေးပိုင်းနှင့် ဓမ္မရုံ ရပ်ကွပ်များသည် တိုက်ပွဲအတွင်း နေအိမ်အဆောက်အဦ ပျက်စီးဆုံးရှုံးမှုများခဲ့ သည်ဟု ဒေသခံများထံမှ သိရသည်။
You may also like these stories:
လွိုင်ကော်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို