ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးမှုကြောင့် စိုက်ခင်းများ ရေနစ် မြုပ်ကာ လယ်ဧကထောင်ချီ ပျက်စီးသွားသောကြောင့် လယ်သမားများ အခက်အခဲများဖြစ်ပေါ်နေကြောင်း သိရသည်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ် ၂ ရက်မှ ၄ ရက်အထိ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် လေးမြို့ မြစ် ရေ မြင့်တက်မှုလာပြီး လယ်ဧက ၅၀၀၀ နီးပါး ပျက်စီးသွားခဲ့ကြောင်း ယင်းမြို့ နယ်အတွင်းရှိ လယ်သမားများက ပြော သည်။
မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာက တောင်သူ ဦးလှမောင်သိန်းက “ကျနော့်မှာ လယ်ဧက ၁၀ ကျော် လုံးဝ နွံဖုံး သွားပြီ။ အဲဒါကို ပြန်လည် ထွန်ယက်စိုက်ပျိုးဖို့ကလည်း လယ်ထွန်စက်ကအစ ရေနစ်သွားလို့ ဘယ်လို လုပ်ရမှန်း တောင် မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရေလွှမ်းမိုးမှုကြောင့် မင်းပြားမြို့နယ်အတွင်း စပါးခင်းများ ပျက်စီးဆုံးရှုံးမှု အများဆုံးကျေးရွာများမှာ ပန်းမြောင်း၊ ရွှေ တမာ၊ ပြင်ယောင်း၊ ရွှေကျန်၊ ပွဲရကံဆိပ်၊ သာစည်၊ ရှင်းတောင်ကျေးရွာများဖြစ်သလို မြောက်ဦးမြို့နယ် ပိုးဖြူကျွန်း၊ မောင်သာကုန်း၊ ရွာဟောင်းတော၊ ကျောက်တွင်းကုန်း၊ ဂုံးကျွန်း၊ ဆင်အိုး၊ ညောင်ပင်လှ၊ စင်းဘောကိုင်း၊ လေညှင်း တောင်၊ ကျောင်းတောင် စသော ကျေးရွာများမှဖြစ်ကြောင်း သိရသည်။
ယင်းပြင် မင်းပြားမြို့နယ်အတွင်း လေးမြို့ မြစ်ရေကြီးမှုကြောင့် ပိုးဖြူကျွန်းကျေးရွာတွင် နေအိမ် ၁၀ လုံးကျော်ရေစီး နှင့်မျောပါသွားသလို အိမ်မွေး တိရစာ္ဆန်များလည်း ဆုံးရှုံများရှိကြောင်း မင်းပြားဒေသခံများက ဆိုသည်။
အလားတူ ကျောက်တော်မြို့နယ်တွင်လည်း ကုလားတန်မြစ်ရေနှင့် ယိုးချောင်း ဒီရေများမြင့်တက်မှုကြောင့် ကန် စောက်၊ ပန်းပဲချောင်း ချောင်းတူ၊ တောင်မင်းကုလား၊ ဝါးတောင်၊ ဆင်မကျော်၊ ကြိမ်ချောင်း၊ သလူချောင်း စသည့် ကျေးရွာများ၌ လယ်ဧက ၄၀၀၀ နီးပါး ပျက်စီးသွားကြောင်း ကျောက်တော်မြို့နယ် လယ်သမားများထံမှ သိရသည်။
ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာနေ လယ်သမား ကိုဖြူသီးက “ဒီနှစ် ကျနော်တို့ လယ်သမားတွေ စက်သုံးဆီ ၊ ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်လို့ လယ်မြေတွေကို ကိုယ်နိုင်သလောက်ပဲ လုပ်ကြတာဆိုတော့ စပါးစော စော စိုက်ပျိုးလို့ တပူ သက်သာသွားပြီ မှတ်နေတာ။ အခု ရေကြီးလို့ စပါးပင်တွေ အကုန်သေကုန်ပြီ။ ပျက်စီးသွားတဲ့ လယ်ကွက်တွေကို နောက်တကြိမ်စက်နဲ့ ထွန်ဖို့လည်း ကျနော်တို့ မတတ်နိုင်တော့လို့ နွားနဲ့ပဲ ဖြစ်သလောက် ရုန်းကြဖို့ပဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် စပါးခင်းများအပြင် ရာသီပေါ် သီးနှံ စိုက်ခင်းများဖြစ်သည့် သခွား၊ ငရုတ်၊ ခဝဲ၊ ပဲလုံးရှည်နှင့် ကွမ်းခင်းတို့မှာလည်း ပျက်စီးသွားသည့်အတွက် ပြည်နယ်တွင်း ဟင်းသီးဟင်း ရွက်ဈေးကွက်မှာ ဈေးများ တက်လာလျက် ရှိသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရေလွှမ်းမိုးမှုကြောင့် စပါးခင်း ပျက်စီးမှုမှာ ဧကသောင်းချီ ရှိနိုင်ကြောင်း ကျောက်တော် မြို့နယ်၊ သာစည်ကျေးရွာနေ တောင်သူ ကိုလှမြင့် ခန့်မှန်းသည်။
၎င်းက “စပါးခင်းပျက်စီးတာက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား သုံးမြို့နယ် ပေါင်းလိုက်ရင် ဧက သောင်းချီ နိုင် တယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မရလို့ တချို့က ကိုယ့်ပတ်ဝန်းကျင်မှာ မြင်တွေတာလောက်ကိုပဲ ပျက်စီးမှု အရေအတွက်ကို ခန့်မှန်းပြီး ပြောကြတာ။ အခု လယ်သမားတွေ စပါးပြန်စိုက်ဖို့ တော်တော် ခက်ခဲနေကြတယ်၊ အကူ အညီပေးတဲ့ အဖွဲ့လည်း မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်မြောက်ပိုင်းတွင် လယ်သမားအရေး ဆောင်ရွက်သော နိုင်ငံတကာ အကူအညီ ရယူထားသည့် အရပ်ဘက် NGO အဖွဲ့များ ရှိနေသော်လည်း လက်ရှိအချိန်အထိ လယ်သမားများထံ အကူ အညီ တစုံတရာရောက်ရှိလာခြင်း မရှိသေးကြောင်းလည်း လယ်သမားများက ဆိုသည်။
You may also like these stories:
ရခိုင်တွင် စပါးစိုက်ဧက ထက်ဝက်ခန့်လျော့ကျ၍ ဆန်ပြတ်လပ်မှုနှင့် ကြုံနိုင်
ဆည်တော်ကြီး ရေမလွှတ်၍ မိုးစပါးစိုက်ရေး အခက်တွေ့
ရခိုင်၌ ငွေသားရှားပါး၍ Kpay ထုတ်လျှင် ၁၈ ရာခိုင်နှုန်း ပေးနေရ