၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ဆင်ရေးအစ ကျောက်မဲ၊ နောင်ချိုတို့၌ တိုက်ပွဲပြင်းထန်နေချိန် ၃၅ မိုင်ခန့်ဝေးသည့် ပြင်ဦးလွင် တပ်နယ်ရှိ ပင်မစစ်တက္ကသိုလ်နှင့် စစ်ကျောင်းကြီးများ ပြောင်းရွှေ့မည်ဆိုသည့် ပြောဆိုမှုများသည် ယခု လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးချိန် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ရက်ကစ၍ လားရှိုးမြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် မဟာမိတ်တပ်များက တိုက်ခိုက်ရာ တလပြည့်ချိန် သြဂုတ် ၃ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ( ရမခ )ပါ ကျဆုံးခဲ့ သည်။
ယခုဧရာဝတီက ရရှိသည့် သတင်းများအရ ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်ထားသော စစ်တပ်နှင့်ဆိုင်သည့် စစ်သင်တန်း ကျောင်းများအား လိုအပ်ပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရေး ပြင်ဆင်ထားကြရန် စစ်တပ်ထိပ်ပိုင်းအရာရှိများက ညွှန်ကြား ထားကြောင်း သိရသည်။
“လာတိုက်လို့ အခြေအနေမကောင်းရင် ချက်ခြင်းရွှေ့ရမယ်ဆို ရွှေ့လိုရအောင် အသင့်ပြင်ခိုင်းထားတာ မိသားစုတွေကို၊ အချို့အရာရှိတွေက ပြင်ဦးလွင်ကနေ ရန်ကုန်တို့ နေပြည်တော်တို့ကို ရွှေ့ နေကြပြီ” ဟု CDM ဗိုလ်မှူးတဦးက ဆိုသည်။
လွန်ခဲ့သည် ၃လခန့်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်သို့ ရောက်နေချိန် စစ်တက္ကသိုလ်အား ညအချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ခံခဲ့ရသလို ပြီးခဲ့သည့်ရက်က လားရှိုးမြို့ ကျဆုံးပြီးနောက် စစ်ခေါင်းဆောင်က ရုပ်မြင်သံကြားမှ တဆင့် မိန့်ခွန်းပြောရာတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ ရှော့တိုက်ဒုံးများ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်ရန် အဆင့်မြှင့်ထားပုံကို ထည့်သွင်းပြောကြားခဲ့သေးသည်။
ယနေ့ဆိုလျှင် ပြင်ဦးလွင်မှ ၄၂ မိုင်ဝေးသည့် မန္တလေးဘက်သို့ စစ်ရှောင်ရန် ဆင်းလာသည့် ကားတန်းကြီး မှာ တမျှော်တခေါ် မြင်တွေ့နေရပြီး မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် အဆိုပါယာဉ်တန်းကြီး ပိတ်မိနေသည်ကို တွေ့နေရသည်။
ပြင်ဦးလွင်မြို့၌ စစ်တက္ကသိုလ် (DSA )၊ စစ်အင်ဂျင်နီယာတက္ကသိုလ် ( DSTA )၊ ဥပဒေသင်တန်းကျောင်း၊ သိပ္ပံနှင့် သုတေသနတပ် ( သသန ) စသည့် စစ်သင်တန်းကျောင်းများအပြင် တခြားသောသင်တန်းကျောင်းများလည်း ရှိသည်။
အဆိုပါ ကျောင်းများထဲမှ DSA ၊DSTA ၊ သိပ္ပံနှင့် သုတေသနတပ်မှ အရာရှိများက ၎င်းတို့၏မိသားစုဝင်များအား ရန်ကုန် နှင့်နေပြည်တော်မြို့များသို့ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ခံတဦးက “တတ်နိုင်တဲ့သူတွေ ရွှေ့ကြတာ၊ လှုပ်လှုပ်ရွရွကိုဖြစ်နေတာ တပတ်လောက်ရှိပြီ၊ ပြင်ဦးလွင်ကို အတက်ကား မရှိတော့ဘူး၊ အဆင်းကားပဲရှိတော့တယ်” ဟုဆိုသည်။
၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းတွင် MNDAA ၊ TNLA နှင့်မဟာမိတ်တပ်ပေါင်းစုသည် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် တည်ရှိရာ လားရှိုးမြို့နှင့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုးမိတ်မြို့တို့အား တိုက်ခိုက်သိမ်းပိုက်ထားသည့်အတွက် ပြင်ဦးလွင်မြို့နှင့်မန္တလေးမြို့တို့၏ အဓိက ခံစစ်စည်းပျက်သွားပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူအချို့က ဆိုသည်။
“ပြင်ဦးလွင်ကျသွားပြီဆိုရင် စစ်တပ်ရဲ့သိက္ခာလိုင်းက Zero လိုင်းအောက်ကိုကျသွားပြီ” ဟု CDM အရာရှိတဦး ကဆို သည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ပြင်ဦးလွင်မြို့အား တော်လှန်ရေးတပ်ဖွဲ့များ လာရောက် တိုက်ခိုက်ပါက ခုခံနိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
“နောင်တခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်ကို ၁၉၅၄ ခုနှစ် ဗထူးတပ်နယ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၇ခုနှစ် တွင် မေမြို့ (ပြင်ဦးလွင်) သို့ ပြောင်းရွှေ့ခဲ့သည်၊ ပထမဆုံး ကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးကြီးကျော်စိုးဖြစ်ပြီး တတိယမြောက် ကျောင်းအုပ်မှာ ကချင်လူမျိုး ဗိုလ်မှူးကြီး အယ်လ်ခွန်နောင်ဖြစ်ပြီး လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ပြင်ဦးလွင် စစ်တက္ကသိုလ် ကျောင်းအုပ်အဖြစ် လုပ်ဆောင်ခဲ့သေးသည်။
စစ်တက္ကသိုလ် အပတ်စဉ် (၁) ကျောင်းဆင်းများတွင် ယခင် စစ်အစိုးရ၏ ဒုတိယခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ကုန်သွယ်ရေးဝန်ကြီး အဖြစ်မှ အနားပေးခံရသူ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်တို့ဖြစ်ပြီး လက်ရှိ ထောင်ချခံထားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်ကြီး ဝင်းထိန်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၅ ဖြစ်သည်။
You may also like these stories:
စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်
ရတနာပုံ ဆိုက်ဘာစီးတီး၌ တပ်ချ၍ ပြင်ဦးလွင် လုံခြုံရေး ပိုမိုတင်းကျပ်ထား