တောင်ကိုရီးယား ဟွန်ဒိုင်း ကားကုမ္ပဏီက ထိုင်းနိုင်ငံမှာ EV ကား နဲ့ ဘက်ထရီတွေ တပ်ဆင် ထုတ်လုပ်နိုင်ဖို့ ဘတ် သန်း ၁၀၀၀ (အမေရိကန် ဒေါ်လာ ၂၈ သန်း) ရင်းနှီး မြှုပ်နှံသွားမယ်လို့ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ (BOI) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဟွန်ဒိုင်းစက်ရုံကို မြို့တော် ဘန်ကောက်ရဲ့ အရှေ့တောင်ဘက်မှာ တည်ဆောက်မှာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ စတင် ထုတ်လုပ်နိုင်မယ် လို့လည်း BOI က ဆိုပါတယ်။
ထိုင်းနိုင်ငံ EV ကားဈေးကွက်ကို BYD, GWM စတဲ့ တရုတ် ကားထုတ်လုပ်ရေး ကုမ္ပဏီတွေက လွှမ်းမိုးထားတာ ဖြစ်ပြီး အဆိုပါ ကုမ္ပဏီတွေက တပ်ဆင် ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေး နှစ်ခုလုံးကို ထိုင်းမှာပဲ အခြေစိုက်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို ဖြန့်ချိနေတာပါ။
ထိုင်းနိုင်ငံဟာ ထုတ်လုပ်ဖြန့်ချိရေး ကွန်ရက် အားကောင်းတာကြောင့် လိုအပ်တဲ့ ကုန်ကြမ်းနဲ့ အစိတ်အပိုင်းတွေရဲ့ သုံးပုံ တပုံထက် မနည်းတဲ့ ပမာဏကို နိုင်ငံတွင်းကနေပဲ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပြီး ဒါဟာ ဒေသတွင်း အလုပ်ရုံတွေ အတွက် လည်း အထောက်အကူ ဖြစ်စေမယ်လို့ BOI အတွင်းရေးမှူးချုပ် နာရစ် သာဒ်စတီယာစုကဒီ (Narit Therdsteerasukdi) က ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေမှာ EV ကား ရောင်းအားဟာ တဟုန်ထိုး တိုးတက်လာပြီး ထိပ်ဆုံးနေရာမှာ တရုတ် ကုမ္ပဏီ BYD ရှိနေပါတယ်။
ဂျပန်နဲ့ ကိုရီးယား ကုမ္ပဏီတွေ လွှမ်းမိုးထားတဲ့ လောင်စာဆီသုံး ကားဈေးကွက် နေရာမှာ EV ကားတွေက အစားထိုး ဝင်ရောက် လာနေတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ဒေသတွင်းမှာ အကြီးဆုံး ထုတ်လုပ်နိုင်တဲ့ အချက်အချာနေရာဖြစ်ပြီး အရှေ့တောင်အာရှ ဒေသတခုလုံးမှာ ပထမ သုံးလပတ် ကာလအတွင်း ရောင်းချရတဲ့ EV ကား ဈေးကွက်ရဲ့ ၅၅ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံ တခုတည်းမှာပဲ ရောင်းချ ခဲ့ရတာ ဖြစ်တယ်လို့ နည်းပညာ ဆိုင်ရာ သုတေသန အဖွဲ့ ဖြစ်တဲ့ Counterpoint Research ရဲ့စစ်တမ်းအရ သိရပါတယ်။
Ref : Bangkok Post