မန္တလေးတိုင်း စဉ့်ကူးနှင့် မတ္တရာမြို့နယ်များမှ လက်လွှတ်ခဲ့ရသည့် စခန်းများ ပြန်ရရေး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အဆက်မပြတ်လုပ်နေရာ ဩဂုတ်လ ၁ ရက်မှ ယနေ့အထိ အရပ်သား ၉ ဦး သေ၍ ၂၄ဦး ဒဏ်ရာရပြီး အိမ်များလည်း ပျက်စီးကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံက သိရသည်။
ဩဂုတ် ၄ ရက်မှ ၆ ရက်အထိ မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ရိုး တလျှောက်နှင့် ရေလယ်ကျွန်းပေါ်ရွာများ၊ Alpha ဘိလက်မြေစက်ရုံနှင့် ကျောက်တံတားရွာ အနီးတဝိုက်သို့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သလို စဉ့်ကူးမြို့နယ် လက်ပံလှ၊ ပင်လယ်ကြီး၊ ကန်တောင်ကျေးရွာများကို ပြုလုပ်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက “အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ဆေးရုံဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်တာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ပြောလို့ မရပါ ဘူး၊ ဒါဟာ ဒီထက်ပိုမို ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှု ကျုးလွန်တဲ့အဆင့် ရောက်နေပြီ၊ ကျုးလွန်တဲ့သူတွေကလည်း ရာဇဝတ်သားအဆင့်ဖြစ်ပါပြီ၊ ရာဇဝတ်သားဖြစ်သည့်အားလျော်စွာ တရားစီရင်မှု ဒါကို မဖြစ်မနေ ခံစားရမှာပါ၊ ပြည်သူတွေ ကျဆုံးသွားရတဲ့ သေဆုံးသွားရတဲ့သူတွေအတွက် တရားမျှတမှုကတော့ မဖြစ်မနေဖော်ဆောင်ရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဩဂုတ် ၆ ရက်က မတ္တရာမြို့နယ်အနောက်ခြမ်း ပိုဝတောင် ရွာအား တံတားဦးလေတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံးရေ ၇၀ ကျော် ကြဲချကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလို Alpha ဘိလက်မြေစက်ရုံနှင့် ကျောက်တံတားရွာ အနီးတဝိုက်သို့ ပြင်ဦးလွင် အနီးစခန်းလေဆိပ်မှတက်လာသော Mi-35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ထီးတော်မိုး စုဆောင်းရေးတပ်မှလည်း မြေပြင်စစ်ကူစေလွှတ်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်မှ စစ်ဘေးရှောင်ကူညီပေးနေသူတဦးက “တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ လေကြောင်း ပါလာတာဟာ ရိုးရာ တခုလို တောင် ဖြစ်နေပြီ၊ သူတို့မှာ လေကြောင်းကနေ တိုက်နိုင်တဲ့ အားသာချက်တခုပဲ ရှိတော့တယ်၊ ဒီအားသာချက်နဲ့ပဲ စစ်ရေး ပစ်မှတ် မဟုတ်တဲ့ အရပ်သားတွေကိုပါ ရည်ရွယ်ချက် ရှိရှိနဲ့ ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်၊ မြို့သိမ်းခံရတာတွေ စစ်ရှုံး နေရတာတွေဟာ အဲဒီဒေသက ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု မရတာတွေအပေါ် အငြိုးနဲ့ လုပ်နေတာမျိုးပဲ ဖြစ်တယ်”ဟု ပြောသည်။
ဩဂုတ် ၅ ရက်ကလည်း မိတ္ထီလာလေတပ်စခန်းမှတက်လာသော Y-12 ဖြင့် ဧရာဝတီမြစ်ရိုးရှိ ရှင်လှအလယ်ရွာသို့ ၈ ကြိမ်တိုက်ခိုက်ရာ ဗုံသီး အလုံးပေါင်း ၈၃ လုံး ကြဲခဲ့သဖြင့် အမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဩဂုတ် ၄ ရက်က မတ္တရာမြို့ ဘောလုံးကွင်းအတွင်းမှ ဟောင်ဝစ်ဇာ အမြောက်ဖြင့် မတ္တရာအရှေ့ခြမ်းသို့ ပစ်ခတ်ခဲ့ရာ ဆည်မြောင်းလမ်းခွဲရှိ အိမ်တလုံးပေါ် ကျကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့သလို မတ္တရာ အနောက်ခြမ်း စိန်ပန်းကုန်းရွာသို့ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းများဖော်ပြနေသည့် The Voice of Wetlet Madayar က အသိပေးထုတ်ပြန်ထားသည်။
စစ်ရေးလေ့လာ သုံးသပ်သူတဦးက “လက်ရှိ မတ္တရာဘက်မှာ PDF တွေက အများကြီးတိုက်နေတာမျိုးတော့ မဟုတ်ဘူး၊ နည်းနည်း တပ်လှန့်တဲ့ သဘောမျိုးလောက်ပဲ၊ နင်လား ငါလား တိုက်တဲ့ပုံစံမျိုးတော့ မဟုတ်သေးပါဘူး၊ ကာထားတာမျိုး ပေါ့၊ လေကြောင်းကတော့ စဉ့်ကူဘက်ကို တောက်လျှောက်ကြဲနေတယ်၊ ဒါက ဘာကိုပြသလဲ ဆိုရင် စစ်ပွဲတွေ မန္တလေးထိ မရောက်လာရေး ခံစစ်စည်းအနေနဲ့ ကာတာမျိုးပဲ၊ လက်ရှိ မန္တလေး PDF နဲ့ အဖွဲ့တွေက ရောက်ပြီးသားနေရာမှာ ရပ်နေကြ တယ်လို့ သိရတယ်”ဟု ဧရာဝတီကို ပြောသည်။
အလားတူ စဉ့်ကူးမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဩဂုတ် ၆ ရက်က လက်ပန်လှနှင့် ပင်လယ်ကြီးရွာကို အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ငြိမ်းချမ်းအောင်ရပ်ကွက်မှဒေသခံ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး အမျိုးသမီး ၁ဦး သေဆုံးကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဉ့်ကူး)က အသိပေးထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ စဉ့်ကူး စသည့် မြို့များနှင့်အတူ တကောင်းနီကယ်စက်ရုံသာမက မတ္တရာမြို့နယ်အတွင်းရှိ တရုတ်ဖက်စပ် လုပ်ကိုင် နေသည့် Alpha ဘိလက်မြေစက်ရုံအပါ အဝင် စစ်တပ်စခန်း ၃၅ ခုကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ချိန်တွင် စစ်တပ်ထောက်ခံသော တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်များက ယင်းနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ရန် လှုံဆော်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် စစ်ရေးဧရိယာမဟုတ်သော မြို့ ၊ ရွာ၊ ဈေး ၊ စာသင်ကျောင်း ၊ ဆေးရုံ စသည့် အရပ်သား နေရာများကို ဗုံးကြံတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီအား တားဆီး ဟန့်တားပေးရန် တရုတ်နိုင်ငံ အား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို အားကိုးစွာဖြင့် တောင်းဆိုကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)တို့က ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
ဇွန်လ ၂၅ ရက်က စခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တိုက်ပွဲများ ဖော်ဆောင်မှုတွင် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်၊ စဉ့်ကူးမြို့အပါအဝင် စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းများ အားလုံးနှင့် မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၃၅ ခုအား တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ထားသည်။
You may also like these stories:
လေကြောင်းတိုက်ခိုက်မှုများကြား စဉ့်ကူးကို မန္တလေး PDF ဝိုင်းရံထား
စဉ့်ကူး မတ္တရာ၌ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်လာ
မတ္တရာတောင်ခြမ်း မြောက်ခြမ်း မန္တလေး PDF တို့ တပြိုက်နက် စစ်ဆင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR