စင်္ကာပူအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ Sembcorp သည် မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံ Sembcorp Myingyan Independent Power Plant ကို ယာယီပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ရှိရာ မြင်းခြံမြို့နယ်အပါအဝင် ဒေသတွင်း မငြိမ်သက်မှုများ ပြင်းထန်လာခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီသည် မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှ ခွင့်ပြုချက်ရရှိထားပြီး စက်ရုံအတွက် အာမခံ အကျုံးဝင်မှုကို ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ကြေညာသည်။
Sembcorp သည် ဘေးကင်းသည့်အခါတွင် လုပ်ငန်းများကို ပြန်လည်စတင်ရန် ကတိပြုထားပြီး အခြေအနေနှင့် ပတ်သက်သည့် သက်ဆိုင်သူများကို အပ်ဒိတ်လုပ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။
အာဏာသိမ်း မြန်မာစစ်ကောင်စီသည် လက်နက်ကိုင်တော်လှန်ရေးနှင့် မတည်ငြိမ်သော စီးပွားရေးကို အသည်းအသန် ရင်ဆိုင်နေရပြီး ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများ တိုးလာနေသည်။ မကြာသေးမီက ရှမ်းပြည်မြောက်ပိုင်းရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက် လားရှိုးကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီး မြို့တော်ဟောင်း မန္တလေးပတ်ဝန်းကျင်တွင်လည်း တိုက်ပွဲများ ပြင်းထန်လာနေသည်။
ဂျပန်နိုင်ငံမှ Unicharm ကော်ပိုရေးရှင်းသည်လည်း နိုင်ငံခြားငွေလွှဲပို့မှု ကန့်သတ်ချက်များနှင့် မြန်မာနိုင်ငံရှိ အခြားသော စိန်ခေါ်မှုရှိသော လုပ်ငန်းအခြေအနေများကို ကိုးကားပြီး မကြာသေးမီကမှ ၎င်း၏ မြန်မာနိုင်ငံတွင်းရှိ လုပ်ငန်းခွဲ Uni.Charm(Thailand) အတွက် အရင်းအနှီးတိုးခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အရှိန်မြင့်မားလာသည့် ပဋိပက္ခနှင့် စီးပွားရေး မတည်ငြိမ်မှုကြောင့် ထိုင်းကုမ္ပဏီများလည်း မြန်မာမှ ပြန်လည် ထွက်ခွာကြသည်။
TPBI Public Company Limited သည် မြန်မာမှ ၎င်း၏လုပ်ငန်းခွဲ TPBI & Myanmar Star Company Limited ကို ဇူလိုင်လ ၈ ရက်နေ့တွင် ဖျက်သိမ်းပြီး Christiani & Nielsen (Thai) Public Company Limited နှင့် General Engineering Public Company Limited တို့က လက်ရှိဖြစ်နေသည့် ဆုံးရှုံးမှုများနှင့် ဆန့်ကျင်ဘက် နိုင်ငံရေးအခြေအနေများကြောင့် လုပ်ငန်းများကို ပိတ်သိမ်းလိုက်ကြောင်း KhaoSod English သတင်းက ဖော်ပြသည်။
You may also like these stories:
မြန်မာ ဖရိုဖရဲအခြေအနေကြောင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများ ပြန်ရုပ်သိမ်း
ငွေတန်ဖိုးကျခြင်း၊ လမ်းပန်းအခက်အခဲတို့ကြောင့် ထိုင်းကုန်စည် ဈေးတက်
နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒဖြင့် စစ်ကောင်စီ စစ်စရိတ်ရှာနေ
စဉ့်ကူး၊ မတ္တရာ၌ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲနေ
ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား