ဖျက်သိမ်းခံ ရှေ့သို့ချီပါတီ (MFP) ကို ဆက်ခံသည့်ပါတီအဖြစ် ပြည်သူ့ပါတီ (People’s Party) ဩဂုတ်လ ၉ နေ့တွင် ပေါ်ပေါက်လာပြီးနောက် ပါတီဝင် ၄ သောင်းနီးပါးနှင့် လှူဒါန်းငွေ ဘတ် သန်း ၂၀ ရကြောင်း သိရသည်။
ပြည်သူ့ပါတီသည် ပါတီဝင် လက်ခံခြင်းကို ဘန်ကောက်မြို့တော် ပသမ်ဝန်ခရိုင်ရှိ အားကစားရုံ (၁) တွင် ဩဂုတ်လ ၁၀ နေ့က စတင်ပြီး များပြားသည့် ထောက်ခံသူလူအုပ်သည် စတင်လက်ခံသည့် နံနက် ၁၀ နာရီတွင် တိုးဝှေ့နေကြသည်။
ဩဂုတ်လ ၁၀ ရက် ည ၈ နာရီအထိ လှူဒါန်းငွေ ဘတ် သန်း ၂၀ ကျော်ရရှိကြောင်း၊ ပါတီဝင် ၄ သောင်းရကြောင်း ထိုပါတီက ပြောသည်။ ဩဂုတ်လ ၉ ရက်နေ့တွင် ပထမဆုံးအကြိမ် လူထုနှင့် တွေ့ဆုံသောအခါ သြဂုတ်လ ၃၁ ရက်နေ့ မတိုင်မီ ပါတီဝင်ကြေး ဘတ် ၁၀ သန်း ရရန် ရည်မှန်းထားကြောင်း ကြေညာသည်။ ထိုပမာဏကို ၉ နာရီကြာ အတွင်း ရရှိခဲ့သည်။
နှစ်စဉ် ပါတီဝင်ကြေးမှာ ဘတ် ၅၀ ဖြစ်သည်။ ပါတီဝင်ကတ် လိုချင်သည့် ပါတီဝင်များကို ဘတ် ၁၅၀ ကောက်ခံသည်။ ရာသက်ပန် ပါတီဝင်ကြေးမှာ ဘတ် ၃၅၀ မှ ၅၀၀ ကြား ရှိသည်။
၂၀၂၇ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် တလအတွင်း ပါတီဝင် အနည်းဆုံး ၁ သိန်း မှတ်ပုံတင်ရန် ရည်မှန်းထားကြောင်း ပါတီခေါင်းဆောင် မစ္စတာ နက်ထာဖောင် ရူရန်ပန်ယာဝတ်က ပြောသည်။
လှူဒါန်းမှုနှုန်း မြန်ဆန်ခြင်းနှင့် ပါတီဝင်လိုသူ များပြားခြင်းသည် ပါတီသစ်အပေါ် လူထုထောက်ခံမှု၊ ပြည်သူနှင့်ခိုင်မာသော ဆက်ဆံရေးနှင့် ရှေ့သို့ချီပါတီမှ ချောမွေ့စွာ အသွင်ကူးပြောင်းမှုကို သက်သေပြခြင်းဖြစ်ကြောင်း မစ္စတာ နက်ထာဖောင်က ပြောသည်။
ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြင်ဆင်မည့် ရှေ့သို့ချီပါတီ၏ မူဝါဒသည် စည်းမျဉ်းခံဘုရင်စနစ်ကို ထိခိုက်စေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဩဂုတ်လ ၇ ရက်နေ့တွင် ဖျက်သိမ်းလိုက်သည့် ရှေ့သို့ချီပါတီ၏ ပြာပုံမှ ပြည်သူ့ပါတီ အလျင်အမြန်နိုးထလာသည်။
ပြည်သူ့ပါတီသည် ယခင်ပါတီက ထားခဲ့သည့် နေရာကို ရယူမည်ဟု မစ္စတာ နက်ထာဖောင်က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ကြေညာ
တရားရုံး၏ ဖျက်သိမ်းမိန့်ကြောင့် နိုင်ငံရေးလှုပ်ရှားမှု ၁၀ နှစ် ပိတ်ပင်ခံရသည့် ရှေ့သို့ချီပါတီ အမှုဆောင် ၁၁ ဦးအနက် တဦးဖြစ်သူ ပါဒီပက် ဆွန်တီဖာဒါကို အစားထိုးမည့် ပစ်ဆန်နုလွတ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း၏ အမည်ကိုလည်း ပြည်သူ့ပါတီက ကြေညာခဲ့သည်။
မစ္စတာ ပါဒီပက်သည် အောက်လွှတ်တော် ဒုဥက္ကဋ္ဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပြီး ပြည်သူ့ပါတီသည် အောက်လွှတ်တော်တွင် ကိုယ်စားလှယ် အရေအတွက် အများဆုံးဖြစ်သောကြောင့် ထိုနေရာအတွက်လည်း ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည်။
အဓိက အတိုက်အခံပါတီမှ ပါလီမန်ကိုယ်စားလှယ်သည် အောက်လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒု ဥက္ကဋ္ဌရာထူးကို မရယူနိုင်သည့် စည်းကမ်းရှိသောကြောင့် ထိုမျက်နှာစာတွင် မည်သို့ ဆက်လက် လုပ်ကိုင်မည်ကို ရှင်းလင်းစွာ မသိရပေ။ ထိုရာထူးကို သူ ရယူရန်အတွက် မစ္စတာ ပါဒီပက်ကို ရှေ့သို့ချီပါတီမှ ထုတ်ပယ်ရန် စီစဉ်ရန် လိုအပ်မည် ဖြစ်သည်။
ပြည်သူ့ပါတီသည် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေ ရာဇဝတ်ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ဆက်လက် ကြိုးစားမည်ဖြစ်ကြောင်း မစ္စတာ နက်ထာဖောင်က ကတိပြုသည်။ သို့သော် ပါတီသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို ဂရုတစိုက် လေ့လာမည်ဖြစ်ပြီး မည်သည့် ကိစ္စကိုမှ “သတိလက်လွတ်” လုပ်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။
ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် ကြိုးစားခြင်းကို မရုတ်သိမ်းပါက ထိုပါတီသည် အန္တရာယ်များသည့် လမ်းကြောင်းကို နင်းနေခြင်းဖြစ်ကြောင်း ညွှန့်ပေါင်းပါတီများက သတိပေးသည်။
ထိုဥပဒေကို ပြင်ဆင်ရေးအတွက် ဆက်လက်လုပ်မည့် မစ္စတာ နက်ထာဖောင်၏ ကတိကို ယူနိုက်တက် ထိုင်းနေးရှင်းပါတီ (UTNP) ဒုခေါင်းဆောင် သန်နာကွန် ဝမ်ဘွန်ကွန်ချာနာက ဝေဖန်ပြီး ထိုဥပဒေသည် ဘုရင်စနစ်နှင့် အမျိုးသားလုံခြုံရေးကို ကာကွယ်သည်ဟု သူပြောသည်။
စီးပွားရေး နာလန်ထရေးနှင့် ပြည်သူ့ဘဝ သာယာစိုပြေမှု တိုးတက်ရေးစီမံကိန်းများကို ပြည်သူ့ပါတီအနေဖြင့် အာရုံစိုက်သင့်ကြောင်း ၎င်းက အကြံပြုသည်။
လာမည့် ရွေးကောက်ပွဲတွင် အောက်လွှတ်တော်၌ ပြတ်ပြတ်သားသား အများစု အနေအထား ရယူရန် ပြည်သူ့ပါတီက ရည်ရွယ်ခြင်းသည် ရည်မှန်းချက် ကြီးမားလွန်းရာရောက်သည်ဟု ဖွေထိုင်းပါတီ ပါလီမန်ကိုယ်စားလှယ် အနုဆွန် အီယမ်ဆာအတ်က ပြောသည်။ ထိုပါတီအနေဖြင့် မကြာသေးမီက ပြည်နယ်ရွေးကောက်ပွဲ ရလဒ်များကို ဦးစွာ ကြည့်သင့်ကြောင်း ၎င်းက ပြောသည်။ ထိုရွေးကောက်ပွဲများတွင် ရှေ့သို့ချီပါတီမှ ကိုယ်စားလှယ်များ တနေရာမှ အနိုင်မရပေ။
ကိုးကား ။ ။ Bangkok သတင်း People’s Party gets an early boost
ရှေ့သို့ချီပါတီ၏ ပြုပြင်ပြောင်းလဲရေး ထိုင်းစိတ်ဓာတ် ဆက်လက်ရှင်သန်မည်
ထိုင်း ရွေးကောက်ပွဲမှာ ဆေးခြောက်က ပြဿနာဖြစ်လာ
ဒီမိုကရေစီ မဆန်တဲ့ ထိုင်း ရွေးကောက်ပွဲ
Move Forward ပါတီကို ဖျက်သိမ်းရန် ထိုင်းရွေးကောက်ပွဲကော်မရှင် ကြိုးစား
ထိုင်းရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ
၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ
မျိုးဆက်ကွာဟမှုက ထိုင်းရွေးကောက်ပွဲအပေါ် ဩဇာကြီးနိုင်