ယခုလ အစောပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သမိုင်းဝင် ဆုံးရှုံးခြင်းအား တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီသည် အမျိုးသားရေးစကားနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို အရှိန်မြှင့်တင်လိုက်သည်။
မြန်မာမှ ပဋိပက္ခသည် လက်နက်ကိုင်အုပ်စုများကို ထောက်ခံသည့် ပြည်ပနိုင်ငံများကြောင့် ရှည်ကြာနေကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သြဂုတ်လ ၅ ရက်နေ့က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) ၏ ညီနောင်မဟာမိတ်အဖွဲ့က လားရှိုးမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး နှစ်ရက်အကြာတွင် ထိုစွပ်စွဲချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုစစ်တိုင်းကျဆုံးခြင်းသည် ပထမဆုံးအကြိမ် စစ်တိုင်းတခု ကျဆုံးခြင်းဖြစ်သည်။
နောက်တရက်တွင် စစ်တပ်ထောက်ခံသူများသည် စစ်ကောင်စီတပ်များ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် ညီနောင်မဟာမိတ်အဖွဲ့ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပကြသည်။
စစ်ကောင်စီ၏ အစီအစဉ်ဖြင့် နောက်ထပ် ဆန့်ကျင်ကန့်ကွက်ပွဲများကို ဩဂုတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် နေပြည်တော်နှင့် ကရင်ပြည်နယ်၊ ဘားအံတွင် ပြုလုပ်သည်။
တရုတ်-မြန်မာနယ်စပ် တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ဒေသများမှ လက်နက်ခဲယမ်း စက်ရုံများသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို လက်နက်များ ရောင်းနေသည်ဟု တရုတ်နိုင်ငံကို အမည်မတပ်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ PDF များထံမှ သိမ်းဆည်းရမိသော လက်နက်များသည် ထိုစက်ရုံများမှဖြစ်ပြီး လက်နက်ခဲယမ်း ထုတ်လုပ်ရာတွင် နိုင်ငံခြားသား ပညာရှင်များ ပါဝင်နေကြောင်း ၎င်းကပြောသည်။
နိုင်ငံအချို့သည် လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေး၊ အစားအသောက်၊ ဆေးဝါးများ၊ လက်နက်များ၊ နည်းပညာနှင့် စီမံအုပ်ချုပ်မှုများ ထောက်ပံ့နေကြောင်းလည်း ၎င်းကပြောသည်။
စစ်ကောင်စီလိုလားသည့် NP News ကလည်း ညီနောင်မဟာမိတ်များသည် ၎င်းတို့အလံများနှင့် ကြယ်များပါသည့် အခြားအလံများကို (တရုတ်အလံဟု ဆိုလိုသည်) ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၎င်းတို့ သိမ်းပိုက်ထားသည့် မြို့များတွင် လွှင့်ထူနေကြောင်း စွပ်စွဲသည်။
ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများတွင် တရုတ် ပါဝင်ပတ်သက်နေပါက မြန်မာတွင် မွေးဖွားသည့် တရုတ်နိုင်ငံသားများ မည်သို့လုပ်မည်လဲဟု မေးခွန်းထုတ်လိုက်ကြောင်း၊ ယခုစစ်ပွဲသည် လက်ဝေခံစစ်ပွဲဖြစ်ပါက မြန်မာနိုင်ငံသားများသည် သွယ်ဝိုက် ကျူးကျော်မှုကို ခံရမည်ဖြစ်ကြောင်း ထိုကိစ္စကို မြန်မာပြည်သူများ သိစေလိုကြောင်း NP News မှ ကျော်မျိုးမင်းက ကန့်ကွက်ပွဲများ မစတင်မီ တရက်က ထုတ်လွှင့်သည့် ဗီဒီယိုတခုတွင် ပြောသည်။
ထိုဆန့်ကျင်ကန့်ကွက်သူများသည် မြန်မာအလံကို အလေးပြုပြီးနောက် တရားသောစစ် အောင်ရမည်ဆိုသည့် စာတန်းများကို ကိုင်မြှောက်ကာ နိုင်ငံတော်သီချင်းနှင့် အမျိုးသားရေးသီချင်းများ ဆိုကြသည်။
သို့သော် ပြည်သူလူထုက ထိုဆန့်ကျင်ရှုတ်ချပွဲများကိုဖြစ်စေ၊ မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်သည် ပြည်ပကျူးကျော်စစ် ဖြစ်သည်ဆိုသည့် ပြောဆိုမှုကိုဖြစ်စေ စိတ်မဝင်စားကြပေ။
ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို ဗုံးကြဲရန် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက တရုတ်လုပ် ဒရုန်းများ သုံးသည်ဟု လွန်ခဲ့သောနှစ် နိုဝင်ဘာလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲသည်။ ထိုသို့ ပေါက်ကွဲပြောဆိုပြီးနောက် စစ်ကောင်စီ ကျောထောက်နောက်ခံပြု အမျိုးသားရေးဝါဒီများသည် ရန်ကုန်မြို့ထဲနှင့် တရုတ်သံရုံးပြင်ပတွင် ဆန့်ကျင်ကန့်ကွက်ပွဲများ ပြုလုပ်ကြသည်။
သြဂုတ်လ ၆ ရက်နေ့တွင် တရုတ်သံရုံးက လားရှိုးနှင့် ရှမ်းပြည်မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားနေသော နေရာများမှ တရုတ်နိုင်ငံသားများ ဘေးကင်းရာသို့ အမြန်ဆုံးရွှေ့ပြောင်းရန် တိုက်တွန်းသည်။
နောက်တနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရှီကျွန်းသည် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဆွေးနွေးရန် တွေ့ဆုံသည်။ ထိုကိစ္စကို စစ်ကောင်စီမီဒီယာက မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် နယ်စပ်တည်ငြိမ်ရေး ဆွေးနွေးသည်ဟု ဖော်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Amplifies Nationalist, Anti-China Sentiment After Loss of Northeastern Command ကို ဘာသာပြန်သည်။)
You may also like these stories:
လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ
ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း
ရမခ တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းက အဆုံးသတ်တိုက်ပွဲရဲ့ အစလား
တရုတ်ဝန်ကြီး လာပြီးနောက် မြန်မာတွင် တရုတ်ဆန့်ကျင်ရေး မြင့်မားလာနေ
ရမခ ကျရှုံးမှု စစ်ခေါင်းဆောင်ထိုင်ခုံ လှုပ်စေသလား (ရုပ်/သံ)