ယခုရက် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီ ပြတ်တောက်မှုနှင့်အတူ ကျပ်ငွေတန်ဖိုး ထိုးဆင်း လာပြီး နယ်စပ်ကုန်သွယ်ရေးကလည်း ရပ်နေသည့်အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းများ စံချိန်တင် မြင့်တက် လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လက ၁သိန်း ၄ သောင်း ၅ထောင်ကျပ် ရှိသည့် ရွှေဘိုပေါ်ဆန်းနှင့် ၈ သောင်းကျပ်ရှိသည့် ဧည့်မထ ဆန်ကြမ်းမှာ ယခုနှစ်တွင် ပေါ်ဆန်း တအိတ် ၂သိန်း၊ ဧည့်မထ တအိတ် ၁သိန်း ၂ သောင်း ကျော် မြင့်လာပြီး အမေရိကန် အမေရိကန် တဒေါ်လာ ကျပ် ၇၀၀၀ ဖြစ်နေချိန်ရေမြင့်ကြာတင့်ဆိုသလို ကန်စွန်းရွက် တစည်းပင်ကလည်း ၁၀၀၀ကျပ် ဖြစ်နေပြီဖြစ်သည်။
ထို့အတွက် ပြည်ပမှ မရှိမဖြစ် တင်သွင်းနေရသည့် စက်သုံးဆီ၊ စားသုံးဆီ ဆေးဝါး တင်သွင်းနိုင်မှု လျော့ကျလာပြီး ပစ္စည်းပြတ်ခြင်း၊ အကန့်အသတ်ဖြင့် ဝယ်ယူရခြင်း၊ တန်းစီကာ ဝယ်ယူရခြင်းများ ဖြစ်လာသည်။
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန် လက်လီလက်ကားရောင်းချသူ တဦးက “ စားအုန်းဆီ တပိဿာ ၆,၁၄၅ ကျပ် ဈေး ဝယ်ရတယ် ပြန်ရောင်းတော့ ၆,၃၄၅ ကျပ် အပြင်မှာ ၁၅,၀၀၀ ကျပ်အထိ ပေါက်တယ်။ ဆီက ရှားလည်း ရှားနေတယ်။ ဆန်က သတ်မှတ်ဈေးပေမယ့် အပြင်မှာ ဆန်ချော တအိတ် ၁၉၀,၀၀၀ ကျပ်ကျော်နဲ့ ဆန်ကြမ်းက ၁၂၀,၀၀၀ ကျပ်လောက် ရှိတယ်။ အခုအကြီးအကျယ်တက်နေတဲ့ ပြဿာနာက စက်သုံးဆီပြတ်တာပေါ့။ အခုတောင် ကျနော်တို့ ဝယ်နေကျဒိုင်က ဆီမရှိလို့ဆိုပြီး ကုန်တွေ လာမချ သေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
စက်သုံးဆီများ ပြတ်လပ်ခြင်းက ကုန်စည်သယ်ယူပို့ဆောင်ရေးကို အပေါ် ထိခိုက်မှုများရှိလာပြီး နှောင့်နှေးကြန့်ကြာခြင်း၊ သယ်ယူစရိတ်များ မြင့်တက်လာခြင်းနှင့် ဆက်စပ်၍ အခြေခံစားသောက်ကုန် ပစ္စည်းများမှာလည်း ပြတ်လပ်ခြင်း၊ ရှားပါး ခြင်းနှင့် ဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲမြင့်တက်နေကြောင်း ရန်ကုန်မြို့ ဒေသခံများနှင့် လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံအဝေးပြေးကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက “စက်သုံးဆီကတော့ တချို့နေရာတွေက မရှိ၊ တချို့နေရာတွေက ကျပ် ၅ သောင်းဖိုးထက် ပိုမရောင်းဘူး။ တန်းစီရတာကြာတာပေါ့။ ကုန်တင်ပြီးရင်တောင် ဆီမရလို့ တန်းစီနေရတာမျိုးရှိတယ်။ ဒီတော့ ရက်ပိုင်းလောက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိတာပေါ့။ ဒီရက်ပိုင်းမှာဆိုရင် ကုန်တင်ပြီး ဆီမရှိ လမ်းမှာ စောင့်နေရတဲ့ ကားတွေလည်းရှိတယ်။ ဒီလထဲမှာပဲ နားတဲ့ကားတွေ တော်တော်များတယ်။ ကုန်စည်စီးဆင်း မှု နည်းပါးလို့ ကုန်ပစ္စည်းတွေ ဈေးတက်တာရှိတယ်။ ဆီဈေးတက်လို့လည်း ပါတယ်။ ဒါကတော့ အကုန်လုံး ထိစပ်နေတာ ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများနှင့် လုံခြုံရေးအကြောင်းအမျိုးမျိုးကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ကုန်ပစ္စည်း တနယ်နှင့်တနယ် အပြန်အလှန်တင်ပို့မှု နည်းပါးခြင်း၊ နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းခြင်း အစရှိသည်တို့ကြောင့် တချို့ တွဲကားများ ရပ်နားရသည့် အခြေအနေများလည်း ရှိလာကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်မြို့ ဒလမြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မ တဦးက “ဆန်ဈေးတွေကတော့ နှစ်ဆ၊ သုံးဆ လောက်ထိတက်လာတာ။ ဆန်ချောဆိုရင် အခု တပြည် ၈၀၀၀ ကျော်နေပြီ။ အရင် စားအုန်းဆီ ၁၀ သားမှ ၂၀၀၀ လောက်ရှိတာ။ အခု ၅၀ သားကို ၆၀၀၀ ကျပ် ဖြစ်နေပြီ။ အဲဒါတောင် တရက်ကို ၁၀ သားပဲ ရောင်းပေးတယ်။ အချိန်ကန့်သတ်ထားသေးတယ်။ နေ့လယ် တနာရီနောက်ပိုင်းလာဝယ်ရင် မရောင်းပေးဘူး။ နောက်ပြီး လမ်းထဲက ဆိုင်တွေဆိုရင် သူတို့ ဆိုင်မှာ တခြားပစ္စည်းတွေပါ ဝယ်မှ စားအုန်းဆီကိုရောင်းပေးတယ်”ဟု လက်ရှိ အခြေအနေကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ဆန်ဈေး၊ ဆီဈေးနှုန်းများ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်၌ ပြင်ပဈေးဖြင့်သာ ရောင်းချခြင်းများရှိနေပြီး စားအုန်းဆီမှာ ဝယ်ယူရခက်ခဲသည့် အခြေအနေဖြစ်သလို ရန်ကုန်မြို့မှာပင် ပြင်ပဈေး ၁ ပိဿာလျှင် ၁၂,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်အထိဈေးနှုန်းများ မြင့်တက်နေကြောင်း စားသုံးသူများထံက သိရသည်။
အထက်ပါ အိမ်ရှင်မက “သတ်မှတ်ဈေး ၁ ပိဿာ ၆၀၀၀ ကျပ်နဲ့ ရောင်းတာမဟုတ်ဘူး။ ဆီဈေးကို တင်ရောင်းတာ။ သူတို့ စကစခွဲတမ်းချပေးတဲ့ ဆိုင်မှာပဲ ဈေးဝယ်မှ ဆီကို ရောင်းပေးတာ။ တခြားပစ္စည်းတွေလည်း တက်တယ်။ ကြက်ဥတလုံး ဆိုရင် ၅၀၀ ကျပ်၊ ကော်ဖီမစ်တထုပ် ၄၀၀ ကျပ်၊ ၄၅၀ ကျပ်ရှိတယ်။ ကန်စွန်းရွက်တစီး ၁၀၀၀ ကျပ်၊ ဈေးတွေကတော့ လွန်ခဲ့တဲ့ လတွေကတည်းက တက်လာတာ အခုထိပဲ။ အခုလည်း ပစ္စည်းကုန်ရင် ဈေးထပ်တက်မယ်ဆိုပြီတော့ ဆိုင်တွေက ပြောနေတာရှိတယ်။ သူတို့လည်း ကုန်ပစ္စည်းတွေကုန်လို့ ထပ်ဝယ်ရင် တက်တယ်ပေါ့။ ဈေးတွေက ထပ်တက်လာဦးမှာ”ဟု ဧရာဝတီသို့ ပြောသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ လက်ရှိအခြေအနေအရ ထပ်တက်ရန်သာ ဦးတည်နေပြီး စစ်ကောင်စီက ဈေးနှုန်းသတ်မှတ်သော်လည်း ပြင်ပတွင် ကြိုက်ရောင်း ကြိုက်ဝယ်ဖြင့်သာ ဝယ်ယူနေရကြောင်း၊ ဝင်ငွေနှင့် ထွက်ငွေ မမျှတမှုကြောင့် ဒေသခံများအနေဖြင့် အခက်အခဲများ ရင်ဆိုင်နေရကြောင်း ကုမ္ပဏီဝန်ထမ်း တဦးက ဆိုသည်။
၎င်းက “ဘယ်သူ့ကိုမေးမေး အဆင်ပြေနေတဲ့ အခြေအနေတော့ မဟုတ်ဘူး။ အကုန်ခက်ခဲနေကြတာ။ ကိုယ့်ဝမ်းအတွက် ကိုယ်ရှာတဲ့ငွေက မမျှဘူးဖြစ်နေတယ်။ သတ်မှတ်ဈေးလို့ စစ်ကောင်စီက ဆိုင်တွေကို သတ်မှတ်ထားပေမယ့် ဒီမှာတော့ ဆိုင်တွေက ကြိုက်ရောင်း၊ ကြိုက်ဝယ်ပဲ သူတို့ ဒီဈေးနဲ့ ရောင်းတယ်။ အဆင်ပြေရင်ဝယ်၊ အဆင်မပြေရင်မဝယ်နဲ့ ”ဟု ဆိုသည်။
စစ်ကောင်စီက ယခုလ ၁ ရက်နေ့မှ စတင်ပြီး အခြေခံလုပ်သားများအတွက် အနိမ့်ဆုံးလုပ်အားခကို ထောက်ပံ့ကြေး ၁၀၀၀ ထပ်ဆောင်း၍ ၆၈၀၀ ကျပ်အထိ တိုးပေးလိုက်သော်လည်း ယင်းလုပ်အားမှာ ဆန်တပြည် ဈေးနှုန်းပင်မရှိသလို ဒေါ်လာဈေးနှင့် တွက်ချက်ပါကလည်း အလုပ်သမားတဦး၏ တနေ့ ဝင်ငွေမှာ အမေရိကန် ၁ ဒေါ်လာပင်မရှိသည့် အခြေအနေဖြစ်သောကြောင့် ပြည်သူများမှာ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။
စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်းကျော်သော ပြည်သူ ၁၇ သန်းကျော်ခန့်မှာ ဆင်းရဲတွင်းထဲ ရောက်ရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းနှင့် အလုပ်လက်မဲ့နှုန်း မြင့်တက်မှုကြောင့် နိုင်ငံအနှံ့ ဆင်းရဲနွမ်းပါးမှုများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ယခုနှစ် ဇွန်လ ၁၂ရက်ထုတ် ကမာ္ဘ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။
You may also like these stories:
ငွေတန်ဖိုးကျခြင်း၊ လမ်းပန်းအခက်အခဲတို့ကြောင့် ထိုင်းကုန်စည် ဈေးတက်
စစ်နှင့် ကုန်ဈေးနှုန်းဒဏ် ပြည်သူများ ခါးစည်းခံနေရ
စစ်ကောင်စီ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်ပါ့မလား
စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆမတန်မြင့်တက်နေ