တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိပြောဆိုမှုများအပေါ် စစ်ကောင်စီ သတင်းထုတ်ပြန်ရာတွင် ရှမ်းပြည် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO) ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဆန့်ကျင်ကြောင်း ပြောဆို သည်ဟုသာ ဇောင်းပေးဖော်ပြထားပြီး ရင်ကြားစေ့ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့အတွက် တိုက်တွန်းချက်များ ကို ချန်လှပ်ထားခဲ့သည်။
ဝမ်ယိက တရုတ်မူဝါဒသည် မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူကြောင်း၊ နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည် တည်ငြိမ် အေးချမ်းသော လမ်းကို ရှာရမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု တရုတ် သတင်းဌာန ဆင်ဟွာက ဖော်ပြထားသည်။
ဝမ်ယိနှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဩဂုတ် ၁၄ ရက် နေ့လယ်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည် မြောက်ပိုင်းဖြစ်စဉ်အပေါ် ဆန့်ကျင်ကြောင်း ပြောဆိုချက်သည် ပြည်သူလူထုကြား ဝေဖန်မှုများ ထွက်ပေါ် လာသလို နိုင်ငံရေး လေ့လာစောင့်ကြည့်သူများကလည်း ဝမ်ယိပြောဆိုမှုမှာ လူထုမျှော်လင့်ချက်နှင့် ပြောင်းပြန်ဖြစ် သွားကြောင်း ပြောဆိုကြသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေခြင်းနှင့် စစ်ဖြစ်ပွားခြင်း၊ မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပ အင်အားစု ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်သလို၊ တရုတ်- မြန်မာ သွေးကွဲအောင် လုပ်ဆောင်ပေးနေမှုနှင့် တရုတ် နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှုမှန်သမျှကို ဆန့်ကျင်ကြောင်းပြောဆိုသည်ဟု တရုတ် သတင်း ဌာနများက ဖော်ပြကြသည်။
မြန်မာနိုင်ငံရှိ တရုတ်၏ အကျိုးစီးပွားများ လုံခြုံရေးနှင့် ထိခိုက်စေမည့် အပြုအမူများကို ရှောင် ရှားရန်အလေးပေး ပြောဆိုသွားသလို၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြင်ဆင်မှုများကို ထောက်ခံကြောင်းလည်း ဝမ်ယိက ဆိုသည်။
ထိုပြောဆိုမှုများအပေါ် စစ်ခေါင်းဆောင်က တရုတ်အကျိုးစီးပွားထိခိုက်စေမည့် မည်သည့်ကိစ္စမှ ခွင့်ပြုသွားမည် မဟုတ် ကြောင်းနှင့် တရုတ်နိုင်ငံ၏ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။
ဩဂုတ် ၈ ရက်က အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း နေပြည်တော်လာရောက်ခဲ့ပြီးနောက် ဝမ်ယိ ထပ်မံ၍ လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ရှမ်းမြောက်ဒေသရှိ တိုင်းစစ်ဌာနချုပ် ၁ ခုအပါအဝင် စစ်ကောင်စီတပ်စခန်းများစွာ လက်လွှတ်ရချိန်တွင် တရုတ်နိုင်ငံမှ ခေါင်းဆောင်များ မြန်မာသို့ ခပ်စိပ်စိပ် ရောက်လာခြင်းလည်း ဖြစ်သည်။
ဝမ်ယိ၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ် နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲရေးနှင့် တရုတ်-မြန်မာ အသိုက်အဝန်းတည်ဆောက်ရေးကို မြှင့်တင်ရန် ရည်ရွယ် ကြောင်း၊ မြန်မာနိုင်ငံ၏ မိတ်ဆွေနှင့် အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်နှင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်း တိုးတက်စေရန်အပြင် “မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအတွက် ကွဲလွဲမှုများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုမှတဆင့် အပြုသဘောဆောင်သော အကူအညီများ ပံ့ပိုးပေးရန်” ဖြစ်သည်ဟု တရုတ်သံရုံးက ကြိုတင် သတင်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၂၉ ရက်တွင်လည်း တရုတ်နိုင်ငံ၌ ကျင်းပသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် နှစ် ၇၀ ပြည့် အခမ်းနားသွားရောက်သည့် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝမ်ယိတို့ တွေ့ဆုံခဲ့ကြပြီး လက်ရှိ မြန်မာ့အရေး အခြေနေ များ၊ တရုတ်- မြန်မာ ပူးပေါင်းဆောင်ရွက်မှု စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
ဦးသိန်းစိန်နှင့် ဝမ်ယိ တွေ့ဆုံမှုအပေါ် အပစ်ခတ်ရပ်စဲရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖျောင်းဖျရန် ပြော ဆိုခဲ့သည်ဟူသော ထင်မြင်ယူဆချက်များထွက်လာခဲ့သလို တရုတ်က ပြန်လာခဲ့သည့် ဦးသိန်းစိန်နှင့် စစ်ခေါင်းဆောင်တို့ ဇူလိုင်လဆန်းပိုင်းတွင် တွေ့ဆုံပြီး တရုတ်မှစကားပါးသည်များကို ပြန်လည် ပြောဆိုခဲ့ကြောင်း သတင်းများထွက်ခဲ့သည်။
You may also like these stories:
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ
“လေဆာ သမ္မတကြီး” ၏ မိန့်ခွန်းအပေါ် သုံးသပ်ချက်
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ