ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တကျော့ပြန် တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီ၏ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများကြောင့် ဆီဆိုင် အရှေ့ဘက်ကျေးရွာများအပါအဝင် ၁၀ ရွာခန့်ရှိ လူဦးရေ ၁ သောင်းကျော် ထပ်မံ စစ်ရှောင်ကြရသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုတွင် သြဂုတ် ၁၃ ရက်က တိုက်ပွဲများဖြစ်ပွားသောကြောင့် ပင်ငို၊ ကောင်ဝိန်၊ နောင်ကျော်၊ နောင်သဲင်ရွာဒေသခံများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြခြင်းဖြစ်သည်။
စစ်ရှောင်ကူညီပေးနေသူတဦးက “ဒေသခံတွေက တောဘက်တွေနဲ့ ဆိုက်ခေါင်ဘက် ရှောင်ကြရပါတယ်။ တိုက်ပွဲက ဖြစ်တာ နည်းနည်းပဲ၊ စစ်ကောင်စီလက်နက်ကြီးနဲ့ ရွာထဲ ပစ်ခတ်လို့ ရွာသားတွေ ရှောင်ရတာပါ” ဟု ပြောသည်။
ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်ရှိရာနေရာသို့ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီးများဖြင့် တောက်လျောက် ပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယခု ဩဂုတ် ၆ ရက်တွင် PNLA၊ မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထို့နောက် သြဂုတ် ၁၁ ရက်တွင်လည်း ဆီဆိုင်မြို့အရှေ့ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု PNLA က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အလောင်း ၁၃ လောင်းနှင့် သုံ့ပန်း ၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက် ၁၁ လက်နှင့် ဒရုန်း ၂ စင်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု PNLA က ဆိုသည်။
ဒေသခံ အမျိုးသားတဦးက “ဆီဆိုင်မြို့ရဲ့ ၆ မိုင်လောက်အကွာမှာ အမြောက်တပ်ရှိတယ်။ အဲဒီကနေ မောက်မယ်မှာ ရှိတဲ့ PNLA ဌာနချုပ်ဘက်ကို လှမ်းပစ်တော့ သူတို့ (PNLA နှင့် ပူးပေါင်းတပ်များ) ဒီဘက်ကို စစ်ဆင်ရေး ပြန်လုပ်လာ တော့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာ” ဟု ပြောသည်။
ပြီးခဲ့သော ဇန်နဝါရီလအတွင်း စတင်ဖြစ်ပွားခဲ့သော ဆီဆိုင်မြို့တိုက်ပွဲများကြောင့် ဒေသခံ တသိန်းကျော် စစ်ရှောင်ခဲ့ရ ပြီးနောက် တိုက်ပွဲများပြန်လည် ငြိမ်သက်ခဲ့သည့် ပြီးခဲ့သော ၄ လအတွင်း ဒေသခံများ တစတစ ပြန်ဝင်နေထိုင်ကြရာ ယခုတဖန် ထပ်မံ ရှောင်ကြရခြင်းဖြစ်သည်။
ဟိုပုံး၊ မောက်မယ်၊ လွိုင်ကော်၊ ဖယ်ခုံ၊ ညောင်ရွှေ၊ တောင်ကြီးမြို့နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဆီဆိုင်မြို့ နယ်ကို PNLA နှင့် ပူးပေါင်းတပ်များ ပြီးခဲ့သော ဇန်နဝါရီလကလည်း ထိုးစစ်ဆင်ခဲ့ရာ စစ်တပ်စခန်းတချို့နှင့် မြို့ပေါ်ကို ထိန်းချုပ်ခဲ့သော်လည်း လပိုင်းအတွင်း စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ကောင်စီ၏ စကခ ၇ လက်အောက်ခံ ဆီဆိုင်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၃ ၊ ခမရ ၄၂၄ တပ်ရင်း တို့ ကို PNLA နှင့် ပူးပေါင်းတပ်များ ဇန်နဝါရီနောက်ဆုံးပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က အင် အား အများအပြားဖြင့် ထိုးစစ်ပြန်ဆင်ချိန်၌ ပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်ဟု ဆီဆိုင်မြို့နယ် စစ်ရေး အခြေအနေများကို အနီးကပ် လေ့လာစောင့်ကြည့်နေသူ မြို့ခံအမျိုးသားတဦးက ပြောသည်။
၎င်းက “သူတို့ (စစ်ကောင်စီတပ်) က တိုက်ပွဲကာလ တောက်လျောက်မြို့ထဲ ရှိတယ်။ ၄၂၃ နဲ့ ၄၂၄ က ကျခဲ့ပေမယ့် ၄၂၃ အနီးမှာ PNO (ပအိုဝ်းပြည်သူ့စစ်) တပ်တွေ ဝန်းရံထားပြီး သူတို့ တောက်လျောက်ရှိတာ။ တောင်ကြီးကနေ ဆီဆိုင်ကို စစ်ကူပို့တဲ့ လမ်းကြောင်းကလည်း အမြဲ ပွင့်နေတော့ ပြန်ထိန်းချုပ်နိုင်သွားတာ” ဟု ပြောသည်။
လက်ရှိ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသော်လည်း PNLA နှင့် ပူးပေါင်းတပ်များ ယခင်ကဲ့သို့ အင် အားအများအပြားဖြင့် ထိုးစစ်ဆင်နိုင်ခြင်းမရှိသောကြောင့် တိုက်ပွဲများမှာ မြို့နှင့် ၆ မိုင်၊ ၇ မိုင်ခန့်ဝေးသည့် နေရာများ တွင်သာ ဖြစ်နေခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဘက်က PNO နှင့် ပူးပေါင်း၍ အင်အား ၁ ထောင်ကျာ်ဖြင့် မြို့ကို ကာ ကင်း ၅ ဆင့်အထိ ကာ၍ တပ်များချထားသည်ဟု ၎င်းက ပြောသည်။
ပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ်ပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ရယူနိုင်ခဲ့သော ဆီဆိုင်မြို့နှင့် ကရင်နီပြည် လွိုင်ကော်မြို့တို့တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် သြဂုတ် ၅ ရက် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
၂၀၁၉ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန၏ စာရင်းများအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် မြို့နေ လူဦးရေ ၁၀၈၇၈ ဦးနှင့် ကျေးလက်လူဦးရေ ၁၃၅၇၀၅ ဦးနေထိုင်သည်။
You may also like these stories:
ဆီဆိုင်မြို့တွင်း ပြန်ဝင်သည့် အရပ်သားများ လက်နက်ကြီးထိမှန်
PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်
ဆီဆိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ