တရုတ်- မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင်လုပ်ဆောင်ခြင်း၊ တရုတ်နိုင်ငံအပေါ် မဟုတ်မမှန်ပြောဆို လုပ်ကြံ တိုက် ခိုက်နေမှုမှန်သမျှကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ပြောဆို သွားကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃ရက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)နှင့် လားရှိုးမြို့ကျပြီးနောက် သြဂုတ်လ ၅ရက်က စစ်ခေါင်းဆောင်မှ မြန်မာပဋိပက္ခမှာ လက်နက်ကိုင်အုပ်စုများကို ထောက်ခံနေသည့် ပြည်ပနိုင်ငံများကြောင့် ရှည်ကြာ နေသည်ဟု မိန်ခွန်း၌ ထည့်သွင်းပြောသွားသလို စစ်တပ်ထောက်ခံသည့် လော်ဘီချန်နယ်များက တရုတ်ဆန့်ကျင်ရေး သွေးထိုးလှုံဆော်နေပြီး ရန်ကုန် နေပြည်တော်ဆန္ဒပြပွဲများ၌လည်း အမျိုးသားရေးနှင့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် အရှိန်မြှင့်ခဲ့ကြရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုနေပြည်တော်ခရီးစဉ်တွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဘေဂျင်းတက္ကသိုလ်မှ ပညာရှင်တဦးက “မြန်မာပြည်မှာ လူတချို့ တရုတ်ပြည်ကို အကြောင်းမဲ့ အိုးမည်းသုတ် အပုပ်ချခြင်း၊ ကျိန်ဆဲခြင်း၊ မတရားအပြစ်တင်ခြင်းဟာ ဆယ်စုနှစ်များစွာရှိပါပြီ။ အထူးသဖြင့် ၂၀၂၁ နောက်ပိုင်း အဲဒီအခြေအနေက အရမ်း ပြင်းထန်လာတယ်။ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ ဘာမှ မပြောဖူးဘူး။ ဒီတစ်ခါတော့ ဒီကိစ္စကို ပြောလာပါတယ်။ အဲဒါက အင်မတန် အရေးကြီးတဲ့ သဘောထားကို ဖော်ပြထား ပါတယ်။ အဲဒါဘာလဲဆိုတော့ အခု မြန်မာပြည်မှာ ဖြစ်ပေါ် နေတဲ့ တရုတ်ဆန့်ကျင်ရေးက သာမန်ကလေးတွေ မလိမ္မာတာ မဟုတ်ဘူး၊ အန္တရာယ် ကြီးတယ်။ ဒီအကြောင်းကို တရုတ် ခေါင်းဆောင်ပိုင်း မသိတာ ဂရုမစိုက်တာ မဟုတ်ဘူး။ သိလျှက်နဲ့ အရင်ကလို မသိဟန်ဆောင်တာ မဟုတ်ဘူး။ မသိဟန် ဆောင်ပြီး ဘာမှမပြောဘဲ အကြမ်းနဲ့ တုံ့ပြန်တာလည်း မဟုတ်ဘူး။ ဒီအချက် အင်မတန်အရေးကြီးပါတယ်” ဟု သူ၏ လူမှုကွန်ရက်တွင် သုံးသပ် ရေးသားထားသည်။
၂၀၂၃ခု နိုဝင်ဘာလက စခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့ ပြင်းထန်နေချိန် စစ်တပ်ထောက်ခံသူများက အဆိုပါ စစ်ဆင်ရေးနောက်ကွယ်၌ တရုတ်နိုင်ငံရှိနေသည်ဟုဆိုကာ ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့ကြ သေးသည်။
တရုတ်- မြန်မာဆက်ဆံရေး သမိုင်းတလျှောက်ပြန်ကြည့်ပါက ၁၉၆၇ ခုနှစ် ဇွန်လအတွင်းက ရန်ကုန်အပါအဝင် မြို့ကြီးများ ၌ ဖြစ်ခဲ့သည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ရာ တရုတ်က နယ်စပ်ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ခြေချနိုင်ရန် ကူညီခဲ့သည့် သာဓကများ ရှိခဲ့သလို ၁၉၇၁ ခု သြဂုတ်လ ၆ရက် ဗိုလ်ချုပ် ကြီးနေဝင်း နှင့် ဇနီး တရုတ်ပြည်သို့ ချစ်ကြည်ရေး သွားရောက်ခဲ့သည့်နောက်မှသာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
ယခုခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာပြည်တွင်းရှိ တရုတ်စီမံကိန်းများနှင့် ဝန်ထမ်းဘေးကင်း လုံခြုံ မှုကို လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းပေးရန်၊ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းသွားစေလိုပြီး “Belt and Road” နှင့် တရုတ်-မြန်မာစီပွားရေး စင်္ကြံအတူတကွ တည်ဆောက်မှုအား အရှိန်မြှင့်ဖော်ဆောင်ကာ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည် ပတ်မှုကိုလည်း ကောင်းမွန်စွာ ဆောင်ရွက်သွားလိုကြောင်း ပြောခဲ့သည်။
ထိုအတူ စစ်ခေါင်းဆောင်အပါအဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ကိုသာမက အာဏာရှင် ဟောင်း ဦးသန်းရွှေကိုလည်း အိမ်သို့သွားရောက်ကာ တွေ့ဆုံခဲ့သည်။
ဦးသန်းရွှေနှင့် တွေ့ဆုံရာတွင် နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ဦးသန်းရွှေသည် တရုတ်၏ မိတ်ဆွေဟောင်းဖြစ်ပြီး၊ မြန်မာ နိုင်ငံ အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းခြင်းကို အမြဲထောက်ခံသလို ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ပြန်စတင်ဖို့ ထောက်ခံကြောင်း၊ ဦးသန်းရွှေကလည်း မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်မှုများကို တရုတ်က ကာကွယ်ဖို့နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် တန်ဖိုးရှိတဲ့ အထောက်အပံ့တွေကို ဆက်လက် ပံ့ပိုးကူညီဖို့မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်း ဌာနက ထုတ်ပြန်သည်။
အလားတူ စစ်ကောင်စီ ဒု ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံရာတွင် “နှစ်ဦးနှစ်ဖက်က အဆင့်မြင်အလွှာများ ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းကာ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုများကို မြှင့်တင်ရ မည်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်မှုကို တက်ကြွတည်ငြိမ်စွာ ဖော်ဆောင်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံချောမွေ့စွာ လည်ပတ်နိုင်မှုကို အာမခံရမည်” ဟု ဝမ်ယိက ပြောဆိုသည်။
ယခုအခါ တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ ဒေသတလျောက်တွင် တိုက်ပွဲများဖြစ်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပို့လွှတ်ရေးစခန်း လုံခြုံရေးတပ်စခန်း နှစ်ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ဇူလိုင်လအတွင်းကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေး တပ် မတော် (PDF) များ သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး နီကယ်စက်ရုံစီမံကိန်း ဆက်လက် လည်ပတ်ရေးနှင့် လုံခြုံရေးအတွက် တရုတ် ဘက်က အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ထံ ဆက်သွယ်ညှိနှိုင်းဆွေးနွေးခဲ့ရသည်။
မတ္တရာမြို့နယ်အတွင်းက တရုတ်-မြန်မာကုမ္ပဏီများ ဖက်စပ်လုပ်ကိုင်နေသည့် Alpha ဘိလပ်မြေစက်ရုံကိုလည်း ပြည်သူ့ ကာကွယ်ရေး တပ်မတော်- မန္တလေးနှင့် ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ထားပြီး ဖြစ်သည်။
ဝမ်ယိအနေဖြင့် မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်မှုနှင့် စစ်ပွဲဖြစ်ပွားနေမှုများအား ဆန့်ကျင်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှ ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဖော်ဆောင်ကာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ အဆင်ပြေစွာ ကျင်းပပြီး ဒီမိုကရေစီအသွင် ကူးပြောင်းရေး ပြန်လည်စတင်ရန် ထောက်ခံကြောင်းလည်း ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “တရုတ်က အခုအခြေအနေမှာ မင်းအောင်လှိုင် ဦးဆောင်မှုကိုလည်း မကြိုက်ဘူး၊ ဒါပေမယ့် စစ်တပ် ပြိုကွဲမှာကိုလည်း မလိုလားဘူး၊ အဲဒီအခြေအနေကို ထိန်းသိမ်းဖို့အတွက် မင်းအောင်လှိုင်ရဲ့ တင်းမာတဲ့ ရှေ့ဆက်တိုက်မယ်ဆိုတဲ့ သဘောထားကို ပျော့ပျောင်းလာစေဖို့ တဖက်က စစ်ရေးဖိအားတွေပေးသလို တဖက်က သံ တမန်ရေး လှုပ်ရှားမှုတွေရှိနေတာ ဖြစ်တယ်” ဟု သုံးသပ်သည်။
စစ်ခေါင်းဆောင်ကမူ ရှုံးနိမ့်ခဲ့သည့် နိုင်ငံမြောက်ပိုင်းဒေသ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖော်ဆောင်ရန် တရုတ်နိုင်ငံက အပြု သဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်မှုကို ကျေးဇူးတင်ကြောင်း၊ ပြည်တွင်းတည်ငြိမ်မှုအား ထိန်းသိမ်း ကာကွယ်၍ နိုင်ငံရေး ပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရေးအတွက် တရုတ်နိုင်ငံက ဆက်လက်ထောက်ခံ အား ပေးသွားရန် မျှော်လင့် ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူး လွန်မှုများအား အတူ တကွ တိုက်ဖျက်သွားလိုကြောင်းနှင့် တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွား ထိခိုက်စေမည့် မည်သည့် ကိစ္စရပ်များမဆို လက်ခံသွားမည် မဟုတ်ကြောင်း ဝမ်ယိအား ပြောခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထား သည်။
You may also like these stories:
ဝမ်ယိ၏ ရင်ကြားစေ့ရေးတိုက်တွန်းချက် စစ်ကောင်စီ ချန်လှပ်ထား
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ
ဗမာလူမျိုးကြီးဝါဒနှင့် စစ်တပ်၏ ဆက်နွယ်မှု
“လေဆာ သမ္မတကြီး” ၏ မိန့်ခွန်းအပေါ် သုံးသပ်ချက်