ကယားပြည်နယ်(ကရင်နီ)၏ မြို့တော် လွိုင်ကော်ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ မြို့များကို ဆက်သွယ်ထားသည့် လမ်းကြောင်းအပြင် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များထိ နယ်မြေ စိုးမိုးရေးတိုးမြှင့် လုပ်ဆောင်လာနေသည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၏ ထုတ်ပြန်ချက်အရ ဆိုလျှင် လွိင်ကော် – ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးနှင့် ဆက်စပ်သည့် နေရာတလျှောက် စစ်ကောင်စီက နယ်မြေစိုးမိုးရေး လုပ်ဆောင်လာသဖြင့် ပြီးခဲ့သည့် ဇူလိုင်လမှစ၍ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။
ကရင်နီအရေးပေါ် ကူညီကယ်ဆယ်ရေးစင်တာ (KSWDC) တာဝန်ရှိသူ ခူးညေးရယ်က “စစ်တပ်က လွိုင်ကော်ကို ပြန် ထိန်းချုပ်တယ်။ သူတို့အသုံးပြုနေကျ လွိုင်ကော်ကနေ ဘောလခဲထိ လမ်းကြောင်းကို ပြန်စိုးမိုးနိုင်ဖို့ ပြင်ဆင်လာတယ်။ ဘောလခဲမှာက လွိုင်ကော် ဒကစ လက်အောက်ခံ စစ်ဗျူဟာအခြေချ တခုရှိတယ်လေ။ အင်အား ၂၀၀၀ လောက်ဖြည့်တင်းလာပြီး လုပ်ဆောင်နေတာလို့ သိရတယ်” ဟု ပြောသည်။
အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် ထိုလမ်းမကြီးနှင့် ဆက်စပ်သော လမ်းသွယ်များအား အများပြည်သူများ အသုံးပြု သွားလာခြင်း မပြုရန် သြဂုတ်လ ၇ ရက်က KNDF က သတိပေးထားသည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ ကယားပြည်နယ် ဝင်ပေါက် ရှမ်းပြည်တောင်ပိုင်း ပအို့ဝ်ဒေသ ဆီဆိုင်-ပင်လောင်း လမ်းကြောင်း မမှ အင်အားထောင်ချီ ဝင်လာသော စစ်ကောင်စီတပ်များက နှစ်လကျော်အတွင်း လွိုင်ကော်မြို့ကို အပြည့်အဝပြန်လည် ထိန်းချုပ်သွားနိုင်ကြောင်း ကရင်နီပြည်စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူ လွိုင်ကော်ဒေသခံ က ပြောသည်။
၎င်းက “သူတို့က အခုဆိုရင် လွိုင်ကော်မြို့ကို အားလုံးထိန်းထားနိုင်ပြီဗျ။ နောက်ဒီဘက်ကတပ်တွေက ဒီးမော့ဆို ရောက် နေပြီ။ ငွေတောင် ၁၀၂ တပ်နဲ့ ဆက်သွားပြီပေါ့ ။ နောက်ပြီး မိုးဗြဲနဲ့ ဖယ်ခုံဘက်တွေကိုလည်း နယ်မြေစိုးမိုးရေးတွေ တိုးမြှင့် လုပ်ဆောင်နေတယ်” ဟု ပြောသည်။
လွိုင်ကော်၌ ဒေသကွပ်ကဲရေးစစ် ဌာနချုပ်နှင့် ခလရ ၅၄ ၊ ခလရ ၂၅၀၊ ခလရ ၂၆၁၊ အမြောက်တပ်ရင်း အမတ ၃၆၂ တပ် များအပါအဝင် ရခိုင်ပြည်နယ်မှ ဖွဲ့စည်းပုံပျက်၍ ရောက်လာသည့် တပ်ရင်း ၁၀ ရင်း၊ တပ်မ ၅၅ နှင့် ၆၆ တို့မှ ပြန်စုဖွဲ့ထား သည့် တပ်ရင်းတချို့ ၊ PNO ပအိုဝ့်ပြည်သူ့စစ်များ၊ စစ်မှုထမ်းဥပဒေဖြင့် စစ်သင်တန်း ပေးထားသူများ၊ လောဓမ္မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဧက၅၀၀ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့ ဦးဆောင်ဖွဲ့စည်း ထားသည့် မြို့ခံ ပြည်သူစစ်များ ဖြင့် အခိုင်အမာခြေကုပ်ယူကာ အခြားမြို့နယ်များသို့ နယ်မြေစိုးမိုးရေး တိုးချဲ့ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
ထို့ပြင် ကရင်နီတပ်များ လွိုင်ကော်ကို ပြန်လည်ထိုးစစ်ဆင်ရာ၌ အခက်တွေ့စေရန် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံအင်းမှ ဝင် လာသည့်ရေများကို မိုးဗြဲဆည်ထဲတွင် စု၍ စစ်ကောင်စီက ရေလွှတ်ချခဲ့သဖြင့် လွိုင်ကော်မြို့ အနောက်ခြမ်းတခုလုံး ရေလွှမ်းခဲ့ရပြီး ထိုးစစ်လမ်းကြောင်းကျဉ်းမြောင်းအောင် လုပ်ဆောင်ခဲ့ကြောင်း စစ်ရေးအကဲခတ် လွိုင်ကော်ဒေသခံက ပြောသည်။
၎င်းက “လွိုင်ကော်မြို့ရဲ့ အနောက်ဘက်တကျောကို ရေနဲ့ထိန်းထားတယ်။ ရေတွေကျော်ပြီးသွားတိုက်ရင်လည်း အပေါ်ကနေ စောင့်ပစ်ရုံပဲ။ အဲဒါကြောင့် တော်လှန်ရေးအဖွဲ့တွေက မြို့ရဲ့တောင်ဘက် ပန်ကန်းကနေ ဝင်တိုက်နေရတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က လမ်းကြောင်းတွေသိတော့ အမာခံပြင်ထားပြီး စီးတိုက်နေတော့ ကလေးတွေ ထိခိုက်မှုများပြီး ပြန် ပြန်ဆုတ်နေရတယ်” ဟု ပြောသည်။
ပြီးခဲ့သော ဇူလိုင်လမှ ယခုချိန်အထိ ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်တပ်စစ်ကြောင်းများအကြား မိုင်းလုံး၊ ရွာတန်းရှည်၊ နမ်းဘော်ဝမ်၊ ထူသူငံသ၊ စိုက်ကွင်း(၃)၊ ဒေါဆောဘိနှင့် ပန်ကန်းရပ်ကွက်ကျေးရွာများ တလျှောက် ထိတွေ့တိုက်ပွဲ များ ဖြစ်ပွားနေပြီး စစ်တပ်က လမ်းမကြီးများဘေးနှင့် ရပ်ကွက်များအတွင်း ကင်းပုန်းများ ဝပ်၍ ဖြတ်သန်းသွားလာသော အရပ်သားပြည်သူများအား တားဆီးစစ်ဆေးခြင်းများမရှိဘဲ ပစ်ခတ်မှုများပြုလုပ်နေ၍ အရပ်သားများ သေဆုံးနေရသည်ဟု KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များထံ လက်နက်များ မရောက်ရှိစေရန် ရှမ်းတောင်ဒေသတွင် ပိတ်ဆို့ ဖြတ်တောက်ထားသဖြင့် တိုက်ပွဲဖော်ဆောင်ရာတွင် အကန့်အသတ်ရှိနေကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။
တော်လှန်ရေး ပူးပေါင်းတပ်များက လွိုင်ကော်မြို့တဝိုက်နှင့် ဒီးမော့ဆိုအထိ နယ်မြေစိုးမိုးရေး တိုးမြှင့် လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်များကို အတတ်နိုင်ဆုံး တားဆီးတိုက်ခိုက်နေဆဲဖြစ်သော်လည်း ခဲယမ်း၊ ကျည် အခက်အခဲများနှင့်လည်း ကြုံနေရ သည်ဟု ဒေသခံကာကွယ်ရေးရဲဘော်တဦးကပြောသည်။
သို့သော် ကယားပြည်နယ်နှင့် ကပ်လျှက်ရှိသည့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသ၌မူ စစ်ကောင်စီက နယ်မြေစိုးမိုးရေး လုပ် ဆောင်မှုရှိနေသော်လည်း မြေပြင်လမ်းကြောင်းများနှင့် မြို့တွင်း နေရာများထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်ဟု မိုးဗြဲ PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ ၄၂၂ တပ်ထဲကို ရဟတ်ယာဉ်နဲ့ လက်နက်၊ခဲယမ်းပစ္စည်း၊ ရိက္ခာတွေ ပို့တာရှိတယ်။ နောက်ပြီး ၄၂၂ တပ်ထဲကနေ အပြင်ထွက်ပြီး အနီးနားကျေးရွာတွေကို ကင်းထောက်တာတွေရှိတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်တာရှိပေ မယ့် ကျနော်တို့က ဟန့်တားထားနိုင်တော့ မြို့ထဲတော့ သူတို့မဝင်နိုင်ဘူး။ မိုးဗြဲကနေ လွိုင်ကော်၊ မိုးဗြဲကနေ ဒီးမော့ဆို၊ မိုးဗြဲကနေ ဖယ်ခုံ လမ်းကြောင်းတွေကို ကျနော်တို့ ထိန်းချုပ်ထားပါတယ် “ဟု ပြောသည်။
အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေး စတင်ချိန်မှစ၍ ကရင်နီတပ်များက ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ရှားတော၊ ဘောလခဲ၊ ရွာသစ်၊ မယ့်စဲ၊ မိုးဗြဲစသောမြို့နယ်များ၌ နယ်မြေ စိုးမိုးနိုင်သလို မယ်စဲ့၊ ရှားတော့၊ ရွာသစ်မြို့နယ်များ နှင့် သံလွင်မြစ်အရှေ့ခြမ်းတခုလုံးကို စစ်ကောင်စီတပ်များ မရှိတော့သည်အထိ ရှင်းလင်းထားနိုင်ခဲ့သည်။
စစ်ခေါင်းဆောင်များအခြေစိုက်ရာ နေပြည်တော်နှင့်နယ်နမိတ်ချင်းထိစပ်နေပြီး ၁၃၉ မိုင်သာကွာဝေးသည့် ကရင်နီပြည် တွင် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်မှစပြီး တော်လှန်ရေးပူးပေါင်းတပ်များက ၁၁၁၁ စစ်ဆင်ရေးအဖြစ် လွိုင်ကော်မြို့သိမ်း တိုက်ပွဲစတင်ခဲ့ရာ စစ်ကောင်စီတပ်စခန်းအများအပြား သိမ်းပိုက်နိုင်ခဲ့သည့်အပြင် လွိုင်ကော်မြို့ပေါ်နေရာ အများစုကို ထိန်းချုပ်နိုင်ခဲ့သည်။
ယင်းသို့ လွိုင်ကော်အပါအဝင် မြို့နယ်အချို့ရှိ စစ်ကောင်စီလက်ကျန်တပ်ရင်းအချို့အား အပြီးသတ် မသိမ်းနိုင်သည့် အခြေအနေတွင် စစ်ကောင်စီက လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိန်းချုပ်လာပြီး အခြားမြို့နယ်များရှိ တပ်ရင်းများနှင့်ချိတ်ဆက်၍ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
စစ်ကောင်စီက လွိုင်ကော်မြို့အပြင်အခြားမြို့နယ်များထိ နယ်မြေစိုးမိုးမှု ပြုလုပ်လာနေသည့် အခြေအနေအပေါ် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြား ခြင်းမရှိသကဲ့သို့ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်အားဆက်သွယ်မေးမြန်ရာတွင်လည်း ဆက်သွယ် ၍ မရခဲ့ပေ။
You may also like these stories:
လွိုင်ကော်ကို အလုံးစုံ ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ ပိုမိုလုပ်ဆောင်လာ
လွိုင်ကော်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ