ထိုင်းအစိုးရက ပြည်တွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ အတွက် AI နည်းပညာ နဲ့ ကူညီပေးမယ့် “Amazing Thailand 365 Days” ဆိုတဲ့ လှုပ်ရှားမှုကို ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေက တဆင့် လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ အတွင်း လက်ရှိ ကမ္ဘာလှည့် ခရီးသွားတွေဟာ အရင်သွားရောက် လည်ပတ်နေကျ လူစည်ကားတဲ့ ဒေသတွေ အပြင် လူသိနည်းတဲ့ နေရာတွေကိုပါ လည်ပတ်ဖို့ ရွေးချယ်လာကြတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရ Mr. Chai Wacharonke က ပြီးခဲ့တဲ့ အပတ် စနေနေ့မှာ ပြောကြားကြောင်း Airbnb က ဖော်ပြပါတယ်။
နာမည်ကြီးတဲ့ ဖူးခက်၊ ချင်းမိုင် တို့လို မြို့ကြီးတွေလိုပဲ လူသိပ်မသိသေးတဲ့ နေရာတွေကိုလည်း လူသိများလာစေဖို့ အတွက် ရည်ရွယ်တဲ့ ဝန်ကြီးချုပ် ဆေထာ ထဝီဆင် ရဲ့ ခရီးသွားလုပ်ငန်း အရှိန်မြှင့်တင်ရေး မူဝါဒကြောင့်ပဲ အခုလိုမျိုး လူ အရောက်အပေါက် နည်းတဲ့ နေရာတွေကို သွားရောက် လည်ပတ်မှုတွေ ခေတ်စားလာခြင်း ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။
Airbnb ကုမ္ပဏီ ရဲ့ အချက်အလက်တွေ အရ ကမ္ဘာလှည့် ခရီးသွားတွေနဲ့ အစည်ကားဆုံး ဖြစ်နေတဲ့ ပြည်နယ် ၃ ခု ကတော့ (၁) ရှုခင်းတွေ လှပသာယာပြီး ယဉ်ကျေးမှု ကြွယ်ဝတဲ့၊ လည်ပတ်စရာ သဘာဝ တောတောင် ပေါများတဲ့ ပိုင် (Pai) မြို့ကြောင့် နာမည် ကျော်ကြားနေတဲ့ မယ်ဟောင်ဆောင် ခရိုင်၊ (၂) အလွန်လှပတဲ့ ကျွန်းစု ၄၆ ခုရှိတဲ့၊ အထူးသဖြင့် မနှစ်တုန်းက World Beach Guide မှာ ကမ္ဘာ့အကောင်းဆုံး ကမ်းခြေအဖြစ် စာရင်းဝင်ခဲ့တဲ့ Koh Kradan ကျွန်းတည်ရှိရာ Trang ပြည်နယ်၊ (၃) သမိုင်းအစဉ်အလာ ရှေးဟောင်းမြို့တော် တည်ရှိရာ အယုဒ္ဒယ (Ayutthaya) ပြည်နယ်တို့ ဖြစ်တယ် လို့ Mr. Chai Wacharonke က ပြောဆိုပါတယ်။
မယ်ဟောင်ဆောင် နဲ့ Trang ပြည်နယ်တို့မှာရှိတဲ့ တည်းခိုစရာ ရှာဖွေမှုနှုန်းက တနှစ်တာ အတွင်း ၁၄၉ ရာခိုင်နှုန်းနဲ့ ၁၄၃ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ပါတယ်။
တချိန်တည်းမှာပဲ Satun ၊ Phetchaburi ၊ Narathiwat ၊ Rayong ၊ Kalasin ၊ Buri Ram နဲ့ Songkhla တို့လို အခြား ပြည်နယ်တွေမှာလည်း လာရောက် လည်ပတ်သူတွေ များပြားလာတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ (TAT) နဲ့ Line Co Ltd တို့ ပူးပေါင်းကာ Amazing Thailand 365 Days (အံ့ဖွယ် ထိုင်းနိုင်ငံ ၃၆၅ ရက်) ဆိုတဲ့ ပရော့ဂျက်ကို လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ ပရော့ဂျက်မှာ AI (ဉာဏ်ရည်တု) နည်းပညာ အသုံးပြုပြီး ခရီးသွား ဧည့်သည်တွေ အတွက် ခရီးစဉ် လမ်းကြောင်းတွေ ကူညီရေးဆွဲပေးတယ်လို့ Mr. Chai Wacharonke မစ္စတာချိုင်က ပြောခဲ့ပါသေးတယ်။
ကမ္ဘာလှည့် ခရီးသွားတွေ အနေနဲ့ AI နည်းပညာသုံး ခရီးစဉ် လမ်းကြောင်း ရေးဆွဲပေးတဲ့ စနစ်ကို အသုံးပြုဖို့နဲ့ တနိုင်ငံလုံးမှာ ရှိတဲ့ လည်ပတ်စရာ နေရာတွေ၊ ပွဲတော်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ရှာဖွေ ချင်တယ် ဆိုရင် အောက်ပါ website link ကနေတဆင့် ဝင်ရောက် အသုံးပြုနိုင်တယ်လို့လည်း သူက ပြောပါတယ်။
ဒစ်ဂျစ်တယ် နည်းပညာဟာ ခရီးသွားလုပ်ငန်းတွေ အဆင်ပြေချောမွေ့ဖို့နဲ့ ပိုမိုတိုးတက်ဖို့ အတွက် အသုံးချ နိုင်တဲ့ နောက်ထပ် ခေတ်မီ နည်းလမ်းတခု ဖြစ်ကြောင်းလည်း သိရပါတယ်။
Ref : Bangkok Post