စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings Limited ၏ အမှုဆောင် ဥက္ကဋ္ဌဟောင်း ဆာ့ဂျ်ပန်းခေါ် ဦးသိမ်းဝေကို စစ်ကောင်စီက လအတန်ကြာ ဖမ်းဆီးထားပြီးနောက် ငွေကြေးခဝါချမှုနှင့် အခြားတရားမဝင်ငွေလွှဲပြောင်းမှုများဖြင့် ဇူလိုင်လ နှောင်းပိုင်းက တရားစွဲဆိုလိုက်သည်ဟု ထိုအမှုများကို သိရှိသည့် သတင်းရင်းမြစ်များပြောသည်။
အသက် ၇၁ နှစ်ရှိပြီဖြစ်သော ထိုလုပ်ငန်းရှင်ကြီးသည် ပြည်သူ့ငွေများကို အလွဲသုံးခြင်းနှင့် အွန်လိုင်း ငွေကြေးလိမ်လည်မှုမှ ရရှိသော အကျိုးအမြတ်များကို ရန်ကုန်တိုင်း သံလျင်မြို့နယ်မှ အိမ်ခြံမြေလုပ်ငန်း စတားစီးတီးအား ချဲ့ထွင်ရာတွင် အသုံးပြုခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွား ထိခိုက်စေသောကြောင့်လည်း တရားစွဲဆိုခံရကြောင်း၊ စတားစီတီး ချဲ့ထွင်ခြင်းအတွက် ငွေကြေးရင်းမြစ်များကို စုံစမ်းစစ်ဆေးရန် တရုတ်အာဏာပိုင်များက စစ်ကောင်စီကိုပြောသောကြောင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ဦးသိမ်းဝေသည် မြန်မာမှ ရိုးမဘဏ်၏ အမှုဆောင် ဥက္ကဋ္ဌလည်းဖြစ်သည်။
ဘဏ်၏ ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် ဦးဘမောင်စိန်၊ အကြီးတန်း မန်နေဂျာ ဦးဇာနည်ထွန်းနှင့် အခြားအမှုဆောင် ၂ ဦးကိုလည်း အရေးယူမည်ဟု စီးပွားရေး ရင်းမြစ်များပြောသည်။
ရိုးမဘဏ်၏ ဘဏ္ဍာရေး အရာရှိချုပ် ဦးကျော်ခိုင်ဝင်းသည် စစ်ကောင်စီက ဦးသိမ်းဝေနှင့် ရိုးမဘဏ် လုပ်ဖော်ကိုင်ဘက်များကို စွဲဆိုသည့် အမှုတွင် သက်သေဖြစ်ကြောင်း သတင်းရင်းမြစ်များပြောသည်။
ရိုးမဘဏ် အမှုဆောင် ၄ ဦးကို စွဲဆိုသည့် အမှုများအား အများပြည်သူသိရှိအောင် ကြေညာခြင်း မရှိပေ။
၁၉၉၀ ခုနှစ်များက မြန်မာတွင် စီးပွားရေးလုပ်ငန်း စတင်ချိန်တွင် မြန်မာအာဏာသိမ်းဗိုလ်ချုပ်များကို ပြောရဲဆိုရဲ ရှိသောကြောင့် တချိန်က “ဦးသန့်ရှင်း”ဟု ဂုဏ်ယူလေ့ရှိသော ဦးသိမ်းဝေ ကျဆုံးခန်းသည် ဇွန်လတွင် စတင်သည်။
ဦးသိမ်းဝေနှင့် ထိုဘဏ်မှ အဆင့်မြင့်အရာရှိများကို စစ်ကောင်စီက ဇွန်လတွင် ခေါ်ယူမေးမြန်းပြီးနောက် ဖမ်းလိုက်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူသည့် မြန်မာနိုင်ငံသားများကို ချေးငွေထုတ်ပေးခြင်းနှင့် ဗဟိုဘဏ်၏ အိမ်ခြံမြေချေးငွေ ကန့်သတ်ချက်ကို ကျော်လွန် ထုတ်ပေးခြင်းဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း ချိုးဖေါက်သည်ဟု စွပ်စွဲခံရသည်။
သူဖမ်းဆီးခံရသည့် သတင်းနောက်ပိုင်းတွင် Yoma Strategic Holdings က ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းသည် နေပြည်တော်မှ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း စင်္ကာပူစတော့အိတ်ချိန်းသို့ ပြောသည်။ “သူ့ကို တရားစွဲဆိုထားတာ မရှိဘူး” ဟု ဆာ့ဂျ်ပန်း၏ သားများအနက် တဦးဖြစ်သူ ရိုးမ အမှုဆောင်အရာရှိချုပ် မယ်လ်ဗင်ပန်း က ကြေညာချက်တစောင် ထုတ်ပြန်ပြီး စတော့အိတ်ချိန်းကို ပြောသည်။
ဇူလိုင်လနှောင်းပိုင်းတွင် ဆာ့ဂျ်ပန်းသည် Yoma Strategic Holdings Limited အမှုဆောင် ဥက္ကဌ အဖြစ် ၁၇ နှစ်ကြာဆောင်ရွက်ပြီးနောက် နုတ်ထွက်သည်။ ကြေညာချက်တစောင်တွင် Yoma Strategic Holdings က သူနုတ်ထွက်သည့် ဆုံးဖြတ်ချက်သည် မြန်မာတွင် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်ပြီး မြန်မာအာဏာပိုင်များနှင့် ပြဿနာများကို ဖြေရှင်းရန် အာရုံစိုက်နိုင်ရေးနှင့် ရိုးမလုပ်ငန်းစု တည်ငြိမ်ရေးအတွက်ဟု ပြောသည်။
ဆာ့ဂျ်ပန်းသည် First Myanmar Investment, SPA နှင့် Pun Hlaing အပါအဝင် ရိုးမလုပ်ငန်း ၁၀၅ ခု၏ ခေါင်းဆောင်အဖြစ်မှလည်း နုတ်ထွက်သည်။ အခြားသီးခြားလုပ်ငန်းဖြစ်သော သီလဝါအထူး စီးပွားရေးဇုန် ဦးဆောင်သူအဖြစ်မှလည်း နုတ်ထွက်သည်။
ရိုးမလုပ်ငန်းများသည် ဘဏ်လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်းနှင့် အခြား စားသုံးသူဝန်ဆောင်မှု လုပ်ငန်းများအထိ ပါဝင်သည်။
ရိုးမသည် သီလဝါတွင် ရှယ်ယာများပိုင်ဆိုင်ပြီး မြန်မာနှင့် ဂျပန်အစိုးရများက ကျောထောက်နောက်ခံပေးသည့် ရန်ကုန်မြို့စွန်မှ ထိုအထူးစီးပွားရေးဇုန် တည်ဆောက်သည့် အခြားကုမ္ပဏီများတွင်လည်း ရင်းနှီးမြှုပ်နှံသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Charges Tycoon Serge Pun With Money Laundering, Other Financial Crimes ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ကြိမ်း
သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ
မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ