မြန်မာစစ်ကောင်စီသည် ကျယ်ပြန့်သော ငွေကြေးဖေါင်းပွမှုကို ထိန်းချုပ်ရန် နေ့စဉ်သုံး အခြေခံကုန်စည်များကို ပိုမိုတင်းကျပ်သော ဈေးနှုန်းထိန်းချုပ်မှု ပြုလုပ်နေသော်လည်း ဆိုရှယ်လစ်စနစ်သဖွယ် နိုင်ငံတော်က အကြီးအကျယ် ဝင်ရောက်စွက်ဖက်မှုကြောင့် ငွေတန်ဖိုး ထပ်မံကျဆင်းကာ စီးပွားရေးအကျပ်အတည်းများကို ပိုမိုဆိုးရွားစေသည်။
အဓိကကျသော အရာရှိများနှင့် ဇူလိုင်လအစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သမဝါယမများသည် မြန်မာအတွက် အကောင်းဆုံးစီးပွားရေးစနစ်ဖြစ်ကြောင်း ပြောသည်။ သမဝါယမစနစ်အတွက် ကုန်ကျစရိတ်နှင့် အခြားအထောက်အပံ့များ လိုမည်မဟုတ်ဟုလည်း သူပြောသည်။
သို့သော် ဈေးကွက်သဘောတရားများကို လျစ်လျူရှုသည့် ဈေးနှုန်းထိန်းချုပ်မှုနှင့် သွင်းကုန် စည်းကမ်းများ သတ်မှတ်မှုများသည် ပုဂ္ဂလိကကဏ္ဍကို အနှောင့်အယှက်ဖြစ်စေသည်။
ဇွန်လနှောင်းပိုင်းတွင် စစ်အာဏာပိုင်များသည် ဆန်ဈေးနှုန်းစည်းမျဉ်းများကို အကောင်အထည်ဖေါ်ရန် အရှိန်မြှင့်လုပ်ဆောင်သည်။ ဆန်ဈေးနှုန်း သတ်မှတ်ချက်ကို ချိုးဖေါက်သောကြောင့် အပြစ်ရှိသည်ဟု သတ်မှတ်ခံရသည့် လက်လီအရောင်းလုပ်ငန်း Aeon ၏ မြန်မာဌာနခွဲမှ ဂျပန် ဝန်ထမ်းတဦးကို မကြာသေးမီက ထောင် တနှစ်ချပြီး ရုတ်တရက်ပြန်လွှတ်သည်။
လက်လီအရောင်းသမားများသည် ဆန်ဈေးနှုန်းကို ဆန်စပါးအဖွဲ့ချုပ်က သတ်မှတ်သည့် ရည်ညွန်းဈေးနှုန်းအတွင်း ထိန်းသိမ်းထားရန် လိုအပ်သည်။ စစ်ကောင်စီ ထိန်းချုပ် အဖွဲ့အစည်းဟု ပြည်တွင်းသတင်းသမားများ သတ်မှတ်သည့် ထိုအဖွဲ့အစည်းသည် ဆန်များကို စားသုံးသူများထံ တိုက်ရိုက်ရောင်းချပေးပို့သည်။
စားအုန်းဆီကို မြန်မာတွင် အဓိကအားဖြင့် ခွဲတမ်းနှင့်ရောင်းပြီး အာဏာပိုင်များက ဈေးနှုန်းနှင့် အရောင်းပမာဏကို ထိန်းချုပ်ထားသည်။ မြန်မာဆီကုန်သည်များအသင်းသည် ဆီ တိုက်ရိုက်ပေးပို့ ရောင်းချသည့် စနစ်ကို ဇူလိုင်လကုန်တွင် စတင်ပြီး သတ်မှတ်ဈေးဖြင့် တအိမ်ထောင်လျှင် တလ ၃.၂ ကီလိုဂရမ် ခန့်ရောင်းသည်။
လုပ်ငန်းအလိုက်အသင်းများသည်လည်း ဆေးဝါးနှင့် ဆေးကိရိယာများ ရောင်းချမှုကို တင်းကျပ်စွာ ထိန်းချုပ်နေသည်။
တချိန်တည်းတွင် စားသုံးသူများနှင့် ပုဂ္ဂလိက ကဏ္ဍသည် ၎င်းတို့လိုအပ်သည့် ပစ္စည်းရရန် ရုန်းကန်နေရသည်။ မြန်မာကျပ်ငွေ ပြင်ပပေါက်ဈေးသည် တဒေါ်လာလျှင် ၇၀၀၀ ကျပ်ထိရောက်ပြီး လွန်ခဲ့သော တလခွဲအတွင်း ၅၀ ရာခိုင်နှုန်းနီးပါး တန်ဖိုးကျဆင်းသည်။ ကျပ်ငွေတန်ဖိုးသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာမသိမ်းမီက တန်ဖိုး၏ ၅ ပုံ ၁ ပုံသာတန်တော့ပြီး ဆေးဝါး၊ လောင်စာနှင့် အခြားသွင်းကုန်တန်ဖိုးများ ခုန်တက်ကုန်သည်။
“အဖေလိုတဲ့ ဗီတာမင် အားဆေးဝယ်ဖို့ဆိုတာ အရမ်းခက်သွားပြီ” ဟု ရန်ကုန် ဒေသခံတဦးပြောသည်။
သူသည် ဗီတာမင် ၁၀ ကတ်ဝယ်ရန် လိုသော်လည်း သွင်းကုန် ကန့်သတ်ချက်များနှင့် တန်ဖိုးကျဆင်းသော ကျပ်ငွေက သွင်းကုန်ဝယ်ယူမှုကို အကျပ်အတည်းဖြစ်စေသောကြောင့် သူ့အိမ်အနီးရှိဆေးဆိုင်ကြီးက ဝယ်သူတဦးလျှင် ၂ ကတ်သာ ရောင်းပေးသည်။
ကုန်ပစ္စည်းများ မလုံမလောက်ဖြစ်နေပြီး သွင်းကုန်ဝယ်ယူမှုစရိတ် မြင့်မားနေသည်။ လုပ်ငန်းအဖွဲ့အစည်းများသည် ကုန်စည်များကို ဈေးလျှော့ရောင်းနေရသောကြောင့် လက်ကျန်ပစ္စည်း လျင်မြန်စွာ လျှော့ကျနေသည်။ ကုမ္ပဏီများသည် ဈေးနှုန်းထိန်းချုပ်မှုကို ချိုးဖေါက်မိမည်စိုးရိမ်သောကြောင့် ၎င်းတို့၏ ကုန်ပစ္စည်းများကို မရောင်းနိုင်ကြဘဲ ပစ္စည်းများကို ပြန်လည်သိမ်းဆည်းနေကြသဖြင့် မလုံလောက်မှုကို ပိုမိုဆိုးရွားစေပြီး ဈေးကွက်ဈေးနှုန်းများကို တွန်းတင်ပေးသည်။
စစ်ကောင်စီ၏ ချောင်ချိရေး အားထုတ်မှုများသည် ကျပ်ငွေတန်ဖိုးကို ထပ်မံကျဆင်းစေသည်။ သွင်းကုန်သမားများသို့ ငွေမာရောင်းချပေးရန်၊ သွင်းကုန်သမားများ နိုင်ငံခြားငွေကို ကျပ်ငွေသို့ လဲလှယ်မှု စည်းကမ်းချက်လျှော့ချပေးရန်၊ အထူးခွင့်ပြုချက်များပေးရန်နှင့် အစိုးရဝန်ထမ်းများကို လစာတိုးပေးရန် အစီအစဉ်များကို စစ်ကောင်စီကြေညာသည်။
ကျပ်ငွေတန်ဖိုးကျဆင်းခြင်းသည် ရပ်ဆိုင်းသွားမည့် လက္ခဏာမပြဘဲ စစ်ကောင်စီက နောက်ထပ်သွင်းကုန်များ ဈေးနှုန်းထိန်းချုပ်မှု ပိုမိုတိုးချဲ့သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ကုန်စည်အမျိုးပေါင်း ၃၀၀၀ ကျော်အတွက် သွင်းကုန်သမားများ လိုင်စင်လျှောက်သောအခါ လိုက်နာရမည့် ရည်ညွန်းဈေးနှုန်းများကို သြဂုတ်လ ၁၂ ရက်နေ့တွင်ကြေညာသော်လည်း တိကျသည့် ဈေးနှုန်းများနှင့် ပြစ်ဒဏ်ကို ကြေညာခြင်း မရှိပေ။
ကိုးကား။ ။ Nikkei Asia သတင်း Myanmar’s growing price controls deepen economic woes
You may also like these stories:
ရွှေဈေး ငွေဈေးနှင့် အပြိုင် ကုန်ဈေးနှုန်း အတက်ကြမ်း
ကိုဗစ်ချေးငွေအကျေပြန်မဆပ်ပါက အရေးယူမည်ဟု စစ်ကောင်စီ ပြော
စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း
မြင်းခြံဓာတ်အားပေးရုံများ ရပ်၍ ရန်ကုန်မြို့နယ်တချို့နှင့် စက်မှုဇုန်များ ဓာတ်အားပေးမှု လျှော့ချမည်
ငွေတန်ဖိုးကျခြင်း၊ လမ်းပန်းအခက်အခဲတို့ကြောင့် ထိုင်းကုန်စည် ဈေးတက်
ပို့ကုန်သမား ၁၀၀ ကျော် ထောင်ကျနိုင်သည့် စွဲချက်များ ရင်ဆိုင်နေရ