ရန်ကုန်ရှိ အိမ်ရာစီမံကိန်းတခုအား ချဲ့ထွင်ရာတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများမှရသည့် အကျိုးအမြတ်များဖြင့် ရင်းနှီးမြှုပ်နှံသည်ဟု စစ်ကောင်စီ၏ စွပ်စွဲချက်ကို Yoma Strategic Holdings အမှုဆောင်ဥက္ကဋ္ဌဟောင်း ရင်ဆိုင်နေရကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ဧရာဝတီက သတင်းဖေါ်ပြပြီးနောက် ဥပဒေအကြံဉာဏ် တောင်းခံနေကြောင်း စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings ပြောသည်။
လနှင့်ချီ ထိန်းသိမ်းထားပြီးနောက် အသက် ၇၁ နှစ်ရှိ ထိုလုပ်ငန်းရှင်ကို ငွေကြေးခဝါချမှုနှင့် အခြား တရားမဝင် ငွေပေးငွေယူကိစ္စမျာနှင့် ဇူလိုင်လ နှောင်းပိုင်းတွင် တရားစွဲကြောင်း ဧရာဝတီက သောကြာနေ့တွင် သတင်းဖေါ်ပြခဲ့သည်။
သူသည် နောက်ထပ်စွဲချက် ၂ ခုကိုလည်း ရင်ဆိုင်နေရသည်။ အများပြည်သူ ရန်ပုံငွေ အလွဲသုံးစားပြုလုပ်ခြင်းနှင့် အွန်လိုင်း ငွေကြေးလိမ်လည်မှုမှ ရရှိသော အကျိုးအမြတ်များကို ရန်ကုန်တိုင်း သံလျင်မြို့နယ်မှ အိမ်ခြံမြေလုပ်ငန်း စတားစီးတီးအား ချဲ့ထွင်ရာတွင် အသုံးပြုခြင်းဖြင့် နိုင်ငံတော်အကျိုးစီးပွား ထိခိုက်စေသည်ဆိုသည့် စွဲချက်များဖြစ်သည်။
စတားစီးတီး တိုးချဲ့ခြင်းတွင် ငွေကြေးရင်းမြစ်ကို စုံစမ်းစစ်ဆေးရန် တရုတ်အာဏာပိုင်များက စစ်ကောင်စီကို ပြောသည်ဟု ထိုစွဲချက်များတွင် ဖေါ်ပြထားသည်။
ဆာ့ဂျ်ပန်း၏ သားများအနက်တဦးဖြစ်သူ Yoma အမှုဆောင်အရာရှိချုပ် မယ်လ်ဗင်ပန်း က Yoma သည် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများမှ ရသည့် ရာဇဝတ်အမြတ်အစွန်းများကို စတားစီးတီးတိုးချဲ့ရာတွင် သုံးသည်ဆိုသည့် သတင်းကို ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း စင်္ကာပူစတော့အိတ်ချိန်းသို့ အစီရင်ခံစာတွင် တနင်္ဂနွေနေ့ကပြောသည်။
ဧရာဝတီသတင်းတွင် မမှန်ကန်၊ မတိကျ သို့မဟုတ် အထင်မှားစေသည့် စွပ်စွဲချက်များ ပါဝင်ပြီး ရှယ်ယာရှင်များအကြား မလိုအပ်သော စိုးရိမ်မှုများဖြစ်စေကာ လုပ်ငန်း၏ ဂုဏ်သတင်းကို ထိခိုက်စေသည်ဟု Yoma ပြောသည်။
“ကုမ္ပဏီ၊ ၎င်း၏ ဒါရိုက်တာများ၊ အမှုဆောင်အရာရှိများ၊ ဝန်ထမ်းများ သို့မဟုတ် လုပ်ငန်းစု၏ စီးပွားရေး လုပ်ငန်းများကို မြန်မာအာဏာပိုင်များက မည်သည့် စုံစမ်းစစ်ဆေးမှုမျှ မရှိ” ဟု ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
Yoma အုပ်စုသည် ဥပဒေ အကြံဉာဏ်တောင်းခံနေပြီး ၎င်း၏ အကျိုးစီးပွားများနှင့် ၎င်းကိုယ်၎င်း ကာကွယ်ရန် လိုအပ်သော အရေးယူမှုအားလုံး လုပ်ဆောင်ရန် ပြင်ဆင်ထားသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဆက်လက်ဖေါ်ပြသည်။
ဦးသိမ်းဝေဟုလည်း သိကြသည့် ဆာ့ဂျ်ပန်းနှင့် သူ အမှုဆောင်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ရိုးမဘဏ် အခြားအဆင့်မြင့်အရာရှိများကို စစ်ကောင်စီက ဇွန်လတွင် ခေါ်ယူမေးမြန်ပြီး နောက်ပိုင်းတွင် ဖမ်းဆီးလိုက်သည်။
၎င်းတို့သည် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသားများကို ချေးငွေများထုတ်ပေးခြင်းဖြင့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို ချိုးဖေါက်ကာ ဗဟိုဘဏ်၏ အိမ်ခြံမြေချေးငွေ ကန့်သတ်ချက်ထက် ကျော်လွန်ထုတ်ချေးသည်ဟု စွပ်စွဲသည်။
ဆာ့ဂျပ်ပန်းသည် နေပြည်တော်မှ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သူ့ကိုဖမ်းဆီးသည့် သတင်းထွက်လာပြီးနောက် Yoma Strategic Holdings က စင်္ကာပူ စတော့အိတ်ချိန်းသို့ပြောသည်။ “သူ့ကို စွဲချက်တင်တာ မရှိဘူး” ဟုလည်း မယ်လ်ဗင်ပန်းက စတော့အိတ်ချိန်းသို့ အစီရင်ခံစာတွင် ဖေါ်ပြသည်။
၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဆာ့ဂျ်ပန်းသည် Yoma Strategic Holdings အမှုဆောင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်သည်။ ထိုမတိုင်မီ မြန်မာနောင်း သတင်းဌာန၏ ဇူလိုင်လ ၉ ရက်နေ့ ဆောင်းပါးတွင် ဖေါ်ပြသည့် ဆာ့ဂျ်ပန်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဆိုသည့် သတင်း မမှန်ကန်ကြောင်း စင်္ကာပူ စတော့အိတ်ချိန်းသို့ ဇူလိုင်လ ၁၀ ရက်နေ့ အသိပေးအကြောင်းကြားစာတွင် ဖေါ်ပြသည်။
စင်္ကာပူစတော့အိတ်ချိန်းသို့ နောက်ဆက်တွဲအသိပေး အကြောင်းကြားစာတွင် Yoma Strategic Holdings က ဆာ့ဂျ်ပန်း နုတ်ထွက်ရန် ဆုံးဖြတ်ခြင်းသည် မြန်မာမှ ဘဏ်လုပ်ငန်းနှင့်ပတ်သက်ပြီး မြန်မာအာဏာပိုင်များနှင့် ဆက်ဆံရသည်များကို ဖြေရှင်းရေး အာရုံစိုက်ရန်နှင့် လုပ်ငန်းစု တည်ငြိမ်မှု ထိန်းသိမ်းရန်ဖြစ်ကြောင်း ဖေါ်ပြသည်။
“(ဆာ့ဂျ်ပန်းကို ကုမ္ပဏီမှ အခန်းကဏ္ဍမှ) ရပ်စဲခြင်းနှင့်ပတ်သက်ပြီး ရှယ်ယာထုတ်ရောင်းသူက ရှယ်ယာရှင်များကို အကြောင်းကြားရန် လိုအပ်သည့် တစုံတရာ ရှိပါသလား” ဆိုသည့် စင်္ကာပူစတော့အိတ်ချိန်း၏ မေးခွန်းကို Yoma Strategic Holdings က ဇူလိုင်လ ၂၄ ရက်နေ့က အစီရင်ခံစာတွင် တုံ့ပြန်သည်။
ထိုအစီရင်ခံစာတွင် မယ်လ်ဗင်ပန်း က “မရှိပါ” ဟု ဖြေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Singapore-Listed Yoma Seeks Legal Advice Over Bombshell Irrawaddy Report ကို ဘာသာပြန်သည်။)
You may also like these stories:
ဦးသိမ်းဝေကို ငွေကြေးခဝါချမှုနှင့် အခြားဘဏ္ဍာရေးပြစ်မှုများဖြင့် စစ်ကောင်စီ စွဲချက်တင်
စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို ခေါ်ကြိမ်း