မြန်မာ၏ အင်အားချိနဲ့လာသည့် ငွေကြေးအကျပ်အတည်းသည် ဇွန်လ ၂၂ ရက်နေ့တွင် ကုန်ဆုံးသည့် တနှစ်တာအတွင်း ငွေလဲနှုန်းကွာဟမှုမှ စစ်ကောင်စီကို ကျပ် ၆.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ) ရစေပြီး နိုင်ငံခြားငွေလဲလှယ်မှုအပေါ် စစ်ကောင်စီ အကျိုးအမြတ်ရှာရန် ကြီးထွားလာနေသည့် အခွင့်အလမ်းကို ဖန်တီးပေးနေသည်ဟု မြန်မာအထူးပြု စီးပွားရေး ပညာရှင်တဦး ဖေါ်ပြသည်။
“ကြီးထွားနေသော ငွေလဲနှုန်း ကွာဟချက်သည် စစ်ကောင်စီကို တစိတ်တပိုင်းအားဖြင့် ထပ်မံအကျိုးပြုခြင်းကြောင့် စစ်တပ်၏ နိုင်ငံခြားငွေမူဝါဒက အနာဂတ်တွင် ပိုမိုအရေးပါလာမည်ဖြစ်သည်။ စစ်ကောင်စီ အာဏာချုပ်ကိုင်ထားခြင်းသည် နိုင်ငံခြားငွေကြေး မူဝါဒ အပေါ် ပိုမိုမှီခိုလာနေသည်” ဟု ဂျရတ် ဘစ်ဆင်ဂျာက “နိုင်ငံခြားငွေကြေးမူဝါဒဖြင့် စစ်ကောင်စီ စစ်စရိတ်ရှာနေ” ဆောင်းပါးတွင် ဖေါ်ပြသည်။
ကျပ်ငွေ၏ ဈေးကွက်ပေါက်ဈေးသည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုမတိုင်ခင်လက အမေရိကန် တဒေါ်လာလျှင် ၁၃၀၀ ကျပ်ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၉ ရက် တနင်္လာနေ့တွင် ၆၃၅၀ ကျပ်အထိ ကျဆင်းသည်။ မြန်မာဗဟိုဘဏ်က သတ်မှတ်သည့် တရားဝင်ငွေလဲနှုန်းသည် တဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြစ်သော်လည်း ဗဟိုဘဏ်သည် လွန်ခဲ့သောနှစ် နှောင်းပိုင်းမှ စတင်ကာ လိုင်စင်ရ ရောင်းဝယ်သူများအကြား ဗဟိုဘဏ်၏ အွန်လိုင်းပလက်ဖေါင်းတွင် ရောင်းဝယ်မှုအချို့တွင် တဒေါ်လာ ၂၉၀၀ ကျပ်ဖြင့် ရောင်းဝယ်ခွင့်ပြုခဲ့သည်။
၎င်းတို့၏ နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေသို့ အလွန်အကျွံ နိမ့်သော ငွေလဲနှုန်းဖြင့် လဲလှယ်ရန် စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များကို အတင်းအကျပ် လုပ်ခြင်းဖြင့် တနေရာတွင် ဈေးပေါပေါဖြင့် နှိမ်ဝယ်ပြီး အခြားတနေရာတွင် ဈေးအမြင့်ဖြင့် ပြန်ရောင်းသည့် အခွင့်အလမ်းကို ဖြစ်စေသည်။ ထိုကွာဟမှု ပမာဏသည် နှစ်စဉ် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်ထက် များပြားပြီး လွန်ခဲ့သော ဘဏ္ဍာရေးနှစ်က သဘာဝဓာတ်ငွေ့ရောင်းရငွေထက် ပိုနိုင်သည်။
ဇွန်လ ၂၂ ရက်နေ့တွင် ကုန်ဆုံးသည့် တနှစ်တာအတွင်း ဈေးကွက်ပေါက်ဈေးနှင့် အတင်းအကျပ် ငွေလဲလှယ်စေခြင်းအကြား ကွာဟမှုသည် လွန်ခဲ့သော ဘဏ္ဍာရေးနှစ်က ကာကွယ်ရေး အသုံးစရိတ်ခန့် ရှိသည်ဟုလည်း သူဆက်လက်ရေးသားသည်။
ဈေးပေါပေါဖြင့် နှိမ်ဝယ်ပြီး ဈေးအမြင့်ဖြင့် ပြန်ရောင်းသည့် အခွင့်အလမ်းများ၏ အများစုဖြစ်သော ၇၅ ရာခိုင်နှုန်းခန့်သည် တရားဝင်နှုန်းဖြင် အတင်းအကျပ် ငွေလဲလှယ်စေခြင်းမှ ရပြီး ကျန်အခွင့်အလမ်းများသည် ဗဟိုဘဏ်၏ ပလက်ဖေါင်း ငွေလဲနှုန်းမှ ရသည်။ ဘစ်ဆင်ဂျာသည် ၎င်း၏ တွက်ချက်မှုကို ၁၂ လတာကာလအတွင်း နေ့စဉ်ဈေးကွက်ပေါက်ဈေး၊ တရားဝင်ငွေလဲနှုန်းနှင့် ပမာဏအချက်အလက်များကို အခြေခံတွက်ချက်သည်။
“ထိုနိုင်ငံခြားငွေ ထိန်းချုပ်မှုများသည် မြန်မာစစ်တပ် အကျိုးအမြတ်ရှာရန် ကျယ်ပြန့်သောအာဏာနှင့် အခွင့်အလမ်းများကို ပေးသည်။ ထိုသို့ဈေးနှိမ်ဝယ်သည့် နိုင်ငံခြားငွေများသည် စစ်ဘက်ဆိုင်ရာ တင်သွင်းမှု လွယ်ကူအောင် လုပ်ပေးသည့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ရောက်သွားဖွယ်ရှိသည်” ဟု သူဆက်လက်ရေးသားသည်။ “ဈေးနှိမ်ဝယ်သည့် နိုင်ငံခြားငွေအချို့သည် အရပ်ဘက်သုံးလောင်စာ အပါအဝင် တရားဝင်တင်သွင်းမှုများအတွက်ဖြစ်သည်။ သို့သော် ထိုနိုင်ငံခြားငွေရရန် စစ်ကောင်စီ၏ ခွင့်ပြုချက်လိုပြီး ထိုခွင့်ပြုချက်ရရန် အချိန်ကြာမြင့်စွာစောင့်ရပြီး အဆက်အသွယ်များကို အသုံးပြုရန် လိုသည်” ဟုလည်း သူရေးသားသည်။
ဧရာဝတီသတင်းဌာနသို့ ပြောကြားရာတွင် “ဒေါ်လာ ၁.၈ ဘီလီယံဆိုတဲ့ (ဈေးနှိမ်ဝယ်ပြီး ဈေးအမြင့်နဲ့ ပြန်ရောင်းထားခြင်းက ရတဲ့ အမြတ်) ပမာဏဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်နေ့အထိ တနှစ်စာ ဖြစ်တယ်။ ဒီပမာဏက အချိန်အလိုက်ပြောင်းလဲနေပေမယ့် ယာယီလို့ ကျနော်မမြင်ဘူး။ စစ်ကောင်စီသတ်မှတ်ဈေးနဲ့ ဈေးကွက်ပေါက်ဈေး ကွာဟလေလေ စစ်ကောင်စီကို အကျိုးအမြတ်ရစေလေလေပဲ။ ဒါပေမယ့် ဒါဟာ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို နစ်နာစေပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ထိန်းချုပ်မှုတွေကို ကျော်လွှားဖို့ နည်းလမ်းရှာရ ပိုခက်ခဲစေတယ်” ဟု သူ ရှင်းပြသည်။
စီးပွားရေး ပညာရှင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေး အကြံပေးဟောင်း ရှောင်တန်နဲလ်ကလည်း ထိုအချက်ကို သဘောတူပြီး စစ်ကောင်စီ ဗဟိုဘဏ်နှင့် နိုင်ငံခြားငွေလဲလှယ်ရေး ကြီးကြပ်မှု ကော်မတီသည် အဆင့်မြင့်လက်နက်များဝယ်ရန် စစ်ကောင်စီလိုအပ်သည့် နိုင်ငံခြားငွေရရှိရေး အဓိက နည်းလမ်းဖြစ်ကြောင်းပြောသည်။
ထိုသို့လုပ်ရန် စစ်ကောင်စီ အသုံးပြုသည့် နည်းလမ်း ၂ ခုမှာ စစ်ကောင်စီအတွက် အသာရသည့် ငွေလဲနှုန်းဖြင့် နိုင်ငံခြားငွေ စာရင်းများကို ကျပ်ငွေသို့ လဲလှယ်ရန် အတင်းအကျပ်ပြုလုပ်ခြင်းနှင့် မြန်မာလုပ်ငန်းများ၏ ပို့ကုန်နှင့် အခြားဝင်ငွေများကို စစ်ကောင်စီ အသာရငွေလဲနှုန်းဖြင့် အတင်းအကျပ် လဲလှယ်စေခြင်း ဖြစ်ကြောင်း “စစ်ကောင်စီ ဖိနှိပ်မှုကို မြန်မာဗဟိုဘဏ်က မည်သို့ကူညီသနည်း” ဆိုသည့် ဆောင်းပါးတွင် သူရေးသားသည်။
ဈေးကွက်ပေါက်ဈေးနှင့် စစ်ကောင်စီ သတ်မှတ်ဈေးအကြား ကွာဟမှုသည် အဂတိလိုက်စားမှုဖြစ်စေသော နည်းလမ်းဖြစ်ကြောင်း ဘစ်ဆင်ဂျာပြောသည်။ ထိုစနစ်သည် စစ်ကောင်စီကို သစ္စာခံသည့် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများ နိုင်ငံခြားငွေကို ဈေးပေါပေါဖြင့် ရစေကြောင်း ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။ “ဒါ နိုင်ငံခြားငွေရတဲ့ နည်းလမ်းပဲ။ ဈေးပေါပေါနဲ့ရရင် အကျိုးအမြတ်များမယ်” ဟု သူပြောသည်။
သို့သော် ဒေါ်လာ ၁.၈ ဘီလီယံဆိုသည့် ပမာဏသည် ပွင့်လင်းမြင်သာမှုမရှိသည့် ပတ်ဝန်းကျင်တွင် ရနိုင်သည့် အကန့်အသတ် ရှိသော အချက်အလက်များကို အခြေခံသည့် ခန့်မှန်းမှုသာ ဖြစ်ကြောင်း သူ သတိပေးသည်။ “ဒါဟာ အလုပ်ကောင်းကောင်းဖြစ်တဲ့ တခုတည်းသော နိုင်ငံခြားငွေဈေးကွက်တော့ မဟုတ်ဘူး” ဟု သူပြောသည်။ “ဒီလိုလုပ်တာကြောင့် စစ်ကောင်စီ စွက်ဖက်မှု မရှိရင်တောင် ငွေလဲနှုန်းနဲ့ နိုင်ငံခြားငွေပမာဏတွေကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်တာ မဟုတ်ရင်တောင်မှ အရမ်းခက်ခဲစေတယ်” ဟုလည်း သူပြောသည်။
မြန်မာတွင် ပွင့်လင်းမြင်သာမှု နည်းပါးလွန်းနေကြောင်း ကမ္ဘာ့ဘဏ်ကလည်း ထောက်ပြပြီး ၎င်း၏ မေလထုတ် မြန်မာ အသုံးစရိတ်ရှင်းတမ်း အကျဉ်းချုပ်တွင် “၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံးအသုံးစရိတ်ရှင်းတမ်း ထုတ်ပြန်ပြီးနောက်ပိုင်း ဘဏ္ဍာရေး အချက်အလက် ထုတ်ဖေါ်ပြောကြားမှု သိသိသာသာ ကျဆင်းနေသည်” ဟု ဖေါ်ပြထားသည်။
သို့သော် ငွေကြေးဈေးကွက်တွင် စစ်ကောင်စီ၏ စွက်ဖက်မှုသည် စစ်ကောင်စီကို အကြီးအကျယ် အကျိုးရှိစေကြောင်း ဘစ်ဆင်ဂျာ တွေ့ရှိသည်။ ၎င်း၏ အတင်းအကျပ် ငွေလဲနှုန်းများနှင့် အထွေထွေစီမံခန့်ခွဲမှု မှားယွင်းခြင်းသည် စီးပွားရေးအရ အကြီးအကျယ် ပျက်စီးစေပြီး စီးပွားရေးကျဆင်းမှုကို အရှိန်မြင့်မားစေကြောင်း စီးပွားရေး ပညာရှင်များ သဘောတူကြသည်။
အတင်းအကျပ် ငွေလဲနှုန်း ထိန်းချုပ်မှုများသည် ကုန်ထုတ်စီးပွားရေးလုပ်ငန်းမှ ချမ်းသာကြွယ်ဝမှုများ ထုတ်ယူကာ တရားမဝင် စီးပွားရေးကို ကျယ်ပြန့်စေပြီး စီးပွားရေး ဆောင်ရွက်မှုများကို အားမပေးကြောင်း စီးပွားရေးပညာရှင်များနှင့် စီးပွားရေးခေါင်းဆောင်များပြောသည်။
ဘစ်ဆင်ဂျာက ပြည်သူများကို အမြတ်ထုတ်သွေးစုတ်သည့် ဗိုလ်ချုပ်များထက် မြန်မာပြည်သူများကို အကျိုးပြုစေမည့် နယ်စပ်ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးအပါအဝင် စစ်ကောင်စီစနစ်ပြင်ပမှ စီးပွားရေးလုပ်ရန် နည်းလမ်းများရှာရန် အကြံပြုသည်။
ထိုသို့လုပ်ရန် လွယ်ကူမည် မဟုတ်ပေ။ နယ်စပ်ကုန်သွယ်ရေးကို အများအားဖြင့် နိုင်ငံအဆင့် အင်စတီကျူးရှင်းများနှင့် နှစ်နိုင်ငံ သဘောတူညီမှုများက ထိန်းချုပ်ထားသည်။
သို့သော် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EROs) များက ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ကုန်သွယ်ရေး စခန်းများအပါအဝင် ရှည်လျားသော နယ်စပ်ဒေသများကို ထိန်းချုပ်နိုင်ခြင်းသည် နယ်စပ်စခန်းများမှ ထိုင်းနှင့် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် တရုတ်နှင့် ကုန်သွယ်ရေး အနည်းငယ်မြှင့်တင်ရန် တော်လှန်ရေးအင်အားစုများအတွက် အခွင့်အလမ်းများ ဖွင့်ပေးသည်ဟု ဘစ်ဆင်ဂျာ က သူ၏ “မြန်မာ့တော်လှန်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး အနာဂတ်-စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ” အမည်ရှိဆောင်းပါးတွင် ဖေါ်ပြသည်။
နယ်စပ်စခန်းများမှတဆင့် ကုန်သွယ်ရေး တိုးချဲ့ရန် ERO များအတွက် အကြံပြုချက် ၂ ခု သူပေးသည်။ ပထမအချက်အနေဖြင့် ၎င်းတို့သည် ကုန်သွယ်ရေးအစီအစဉ်များနှင့် ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ “သူတို့တွေ ကုန်သွယ်ဖက်တွေနဲ့ တဖွဲ့ချင်းညှိနှိုင်းမှု မလုပ်ရင် ကုန်သွယ်ရေး အစီအစဉ်တွေမှာ အဓိကကျတဲ့ အပြောင်းအလဲတွေ ရဖွယ်ရှိတယ်။ ကုန်သွယ်ရေး အဆင်ပြေချောမွေ့အောင် လုပ်ခြင်းဟာ အခြေအနေအားလုံးနီးပါးမှာ အမျိုးသားအဆင့် သို့မဟုတ် ဖက်ဒရယ်အဆင့်ဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေ အနာဂတ်ဖက်ဒရယ်စနစ်မှာ လုပ်ဆောင်ရမယ့်အတိုင်း အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အကောင်းဆုံး အခွင့်အလမ်းကို ပေးတယ်” ဟု သူရှင်းပြသည်။
ဒုတိယအချက်အနေဖြင့် ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေနိုင်သည့် ERO များ၏ စွမ်းရည်ကို ချဲ့ထွင်ရန် သူ တောင်းဆိုသည်။ “EROs တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သမိုင်းအရတော့ တရားဝင် ကုန်သွယ်ရေးကို မစီမံကြပေမယ့် အခုအခါမှာတော့ စွမ်းရည်တည်ဆောက်နိုင်တယ်။ နိုင်ငံတကာကုန်သွယ်ရေး အလေ့အထတွေကို လေ့လာပြီး စည်းမျဉ်းအခြေပြု လုပ်ငန်းစဉ်တွေ ထူထောင်လိုက်နာနိုင်တယ်” ဟု သူရှင်းပြသည်။
သို့သော် EROs များနှင့် နယ်စပ်မှ အိမ်နီးချင်းများအကြား ကုန်သွယ်ရေးအနာဂတ်သည် စစ်ကောင်စီ၊ ERO များနှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများကို အပေါ် အိမ်နီချင်းများ မည်သို့သဘောထားကြောင်းအပေါ် မူတည်နေသည်ဟု သူ သတိပေးသည်။
“ကုန်သွယ်ရေးသည် အလွတ်သဘောနှင့် အစိတ်စိတ်အမွှာမွှာ ဆက်လက်ဖြစ်နေပြီး ERO များသည် ကုန်သွယ်ရေးနှင့် ပတ်သက်သည့် ဝန်ဆောင်မှု အနည်းငယ်သာပေးကာ ဝင်ငွေရှာခြင်းကိုသာ အာရုံစိုက်နေပါက စစ်ကောင်စီထိန်းချုပ် နိုင်ငံတော်သည် ပိုမိုလိုလားသော ကုန်သွယ်ဖက်ဖြစ်သည်ဆိုသည့် ကုန်သွယ်ဖက်များ၏ အမြင်ကို ဖန်တီး သို့မဟုတ် ပိုမိုခိုင်မာစေမည်” ဟုလည်း သူရေးသားသည်။
“ထိုသို့ (နယ်စပ်စခန်းများမှတဆင့် ကုန်သွယ်ရေး တိုးချဲ့ရန်) လုပ်ခြင်းသည် ERO များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖက်ဒရယ်နည်းကျ အုပ်ချုပ်နိုင်စွမ်းကို နိုင်ငံတကာ ယုံကြည်မှုကိုလည်း တောင့်တင်းစေနိုင်သည်” ဟု သူပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Vincent MacIsaac ၏ Myanmar’s Junta Is Funding Its War Through Forex Scams, Economists Say ကို ဘာသာပြန်သည်။)
You may also like these stories:
နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒဖြင့် စစ်ကောင်စီ စစ်စရိတ်ရှာနေ
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ
ရွှေဈေး ငွေဈေးနှင့် အပြိုင် ကုန်ဈေးနှုန်း အတက်ကြမ်း
ဈေးနှုန်းထိန်းချုပ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ပိုဆိုးနေ
မြန်မာ့ဓာတ်ငွေ့သိုက်များ ကုန်ခန်းတော့မည်
မြန်မာ့စီးပွားရေး နွံ ပိုနစ်လာနေ