စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်လိုက်သည့် စစ်ကောင်စီတပ်က မြို့ပေါ်နေအိမ်များကို မီးရှို့ ဖျက်ဆီးမှုများပြုလုပ်နေသောကြောင့် မြို့ပေါ်ရပ်ကွက်အပါအဝင် အနီးနားရွာ ၂၀ ခန့်မှ ဒေသခံ ၂ သောင်းနီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
မုံရွာ-ရေဦးလမ်းပေါ်ရှိ ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သြဂုတ် ၁၅ ရက်ညပိုင်း၌ ထိုးစစ်ဆင်ခဲ့ပြီး ၁၈ ရက် နံနက်အစောပိုင်းတွင် မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများပေး၍ Mi 17 ရဟတ်ယာဥ် ၄ စီးဖြင့် လူအင်အား ၁၀၀ ကျော်ချ၍ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ထိုနေ့ညနေပိုင်း၌ပင် မြို့ကို ပြန်ပေးခဲ့ရသည်။
ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ် ရွှေဘိုခရိုင်တပ်ရင်း ၉ မှ တာဝန်ရှိတဦးက ” မြို့ပေါ်မှာ အင်အားချထားတဲ့ တပ်သားတွေနဲ့ မီးလိုက်ရှို့နေတာပေါ့။ သြဂုတ် ၂၀ရက်က ဒီပဲယင်းမြို့ရဲ့အနောက်ခြမ်း အနောက်ကွက်သစ်ဘက်ကိုရှို့တယ်။ ၂၁ ရက် မနက်ကတော့ ဒီပဲယင်းမြို့ရဲ့ တောင်ပြင်ရပ်ကွက်ဘက်ကို ရှို့နေတာ “ဟု ပြောသည်။
မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပြင် အနီးအနားကျေးရွာများဘက်သို့ စစ်ကြောင်းထွက်ခြင်းနှင့် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများရှိနေသည်ဟု သိရသည်။
စစ်ဘေးရှောင်များကိုကူညီနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့မှ တာဝန်ရှိသူ ကိုကြီးဖြိုးက ” စစ်ကောင်စီတပ် မြို့ပေါ်ကို ရောက်လာကတည်းက လုပ်လာတာပေါ့နော်။ ၆၀ မမ လိုလက်နက်ကြီးတွေ ၊ လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်တာ တွေ့ရတယ်။ မီးရှို့ဖျက်ဆီးနေတာကိုတော့ မနေ့ကရော၊ ဒီနေ့ရော နှစ်ရက်ဆက်တိုက် တွေ့ရတယ်။ နောက်တခါ ဒီပဲယင်းမြို့နားလေးက အင်းတန်းရွာဘက်ကိုထွက်လာပြီး သေနတ်ပစ်သံ ၅ ချက်၊ ၆ ချက်လောက်လည်း ကြားရတယ် “ဟု ပြောသည်။
ဒေသခံများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသတ်ဖြတ်မည့်စိုးရိမ်စိတ်ကြောင့် အဓိက ရှောင်တိမ်းနေခြင်းဖြစ်ပြီး တချို့ မြို့နှင့် ဝေးသောကျေးရွာများရှိ ဒေသခံများပင်လျှင် နေ့ခင်းဘက်၌ လယ်ယာ၊တောင်ယာ အလုပ်များ သွားရောက် လုပ်ကိုင်ကြပြီး ညဘက်တွင် ဘေးလွတ်ရာ နေရာများသို့ ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများကပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဒီပဲယင်းမြို့နယ်တွင် မြို့ပြ လူဦးရေ ၄၀၇၇ ဦးနှင့်ကျေးလက်လူဦးရေ ၁၃၃၅၃၆ ဦးရှိသည်ဟု သိရသည်။ ဒီပဲယင်းမြို့နယ်သည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခံရမှု အများဆုံးမြို့နယ်တခုအဖြစ်ပါဝင်နေပြီး နေအိမ်ပေါင်း ၆၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရသည်ဟု Data For Myanmar စာရင်းများအရ သိရသည်။
ထို့ပြင် အပြစ်မဲ့ပြည်သူ ဆယ်ချီမှာလည်း ဖမ်းဆီးသတ်ဖြတ်ခံထားရသည်ဟု စစ်ဘေးရှောင်ကူညီနေသူများနှင့် ကာကွယ်ရေးရဲဘော်များက ပြောသည်။
မြို့ခံအမျိုးသားတဦးက ” မြို့နားကိုတော့ လုံးဝမကပ်ရဲသေးဘူး။ သူ့တို့(စစ်ကောင်စီတပ်)က စစ်ကြောင်းထိုးလာရင် တွေ့တဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာတွေက ခဏခဏလုပ်ခဲ့တော့ စိုးရိမ် ထိတ်လန့်နေရတယ် “ဟု ပြောသည်။
လက်ရှိတွင်နေရပ်မပြန်နိုင်သေးသည့် ဒေသခံများမှာသောင်းချီရှိနေသောကြောင့် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေရာ စားသောက်ရေးအတွက်အကူအညီတောင်းခံမှုများစွာရှိနေပြီး စစ်ရှောင်ကူညီရေးအဖွဲ့များအနေဖြင့် အကူအညီ တောင်းသည့်နေရာတိုင်း သွားရောက်ကူညီနိုင်ခြင်း မရှိဖြစ်နေရသည်ဟု ဆိုသည်။
ဒီပဲယင်းမြို့ကို ရွှေဘိုခရိုင် အမှတ် (၁) ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ-၅၃၊ 96Soldier၊ ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်ခဲ့ပြီး ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၄၉၀၀ ခန့်၊ ဗုံးသီးမျိုးစုံ ၅၇ လုံး၊ မိုင်းမျိုးစုံ ၂၀ လုံး၊ ကျည်အိမ် ၈ ခုနှင့် ငွေကျပ် သိန်း ၃၄၀ ကျော် သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ပျူစောထီး ၂ ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးတို့လည်း ကယ်တင်နိုင်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
အချုပ်သားများတွင် ဖုန်းများ၌ နိုင်ငံရေးနှင့်ဆက်စပ်သည့် ပုံများတွေ့ရှိခြင်းကြောင့် ဖမ်းဆီးခံရသူများ၊ ကာကွယ်ရေး စစ်ကြောင်းများနှင့် ဆက်စပ်နေသူအပါအဝင် လူငယ်အများစုပါဝင်ကြောင်း သိရသည်။
You may also like these stories:
PDF လက်မှ ဒီပဲယင်း ပြန်ရရန် လေကြောင်းသုံး စစ်ဆင်
စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်
စစ်တပ်ကို ကြောက်၍ ထွက်ပြေးသည့် ဒီပဲယင်း ဒေသခံများ အိမ်မပြန်ရဲသေး